Social Icons

Pages

Thursday, July 13, 2017

မျိုးသုဉ်းပျောက်ကွယ်မည့် စာရင်းတွင်ပါဝင်နေသည့် ဧရာဝတီကြိုးကြာငှက်များ၏ အသိုက်များတွေ့ရှိ သတင်းပေးသူများကို ဂုဏ်ပြုချီးမြှင့် ပေးသွားမည်



နေပြည်တော် ၁၃-၇-၂၀၁၇

အချိန်မီ ထိန်းသိမ်းကာကွယ် ခြင်းမရှိပါက မကြာမီမျိုးသုဉ်း ပျောက်ကွယ်မည့် စာရင်းတွင် ပါဝင်နေသည့် ဧရာဝတီကြိုးကြာ ငှက်များ၏ အသိုက်တည်နေရာ များကိုတွေ့ရှိပါက သားငှက် ထိန်းသိမ်းရေးအဖွဲ့(မြန်မာနိုင်ငံ အစီအစဉ်) WCS သို့သတင်းပေးနိုင်ပြီး သတင်းပေးသူများကို ထိုက်သင့်သည့် ဂုဏ်ပြုချီးမြှင့်ခြင်းများ ပြုလုပ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ကမ္ဘာတစ်ဝန်းတွင် ကြိုးကြာငှက်မျိုးစိတ် များစွာရှိသည့်အနက် မြန်မာနိုင်ငံ ဧရာဝတီမြစ်ဝကျွန်း ပေါ်ဒေသရှိ ကြိုးကြာငှက် မျိုးစိတ်သည် ကမ္ဘာပေါ်တွင်သာမက မြန်မာနိုင်ငံတွင်လည်း အလွန်ရှားပါး လာသော မျိုးစိတ်ဖြစ်နေ ကြောင်း ဧရာဝတီမြစ်ဝကျွန်းပေါ် ဒေသသည် ကြိုးကြာငှက်များအတွက် အဓိကရှင်သန် ပေါက်ဖွားရာဒေသဖြစ်ပြီး လက်ရှိတွင် အကောင်ရေ ၂ဝဝ မှ ၄ဝဝထိသာ ကျန်ရှိတော့မည်ဟု ခန့်မှန်းရပြီး အချိန်မီထိန်းသိမ်း ကာကွယ်ခြင်း မပြုပါက မျိုးသုဉ်းပျောက်ကွယ် သွားနိုင်သော မျိုးစိတ်စာရင်းထဲတွင် ပါဝင်နေပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကြိုးကြာငှက် မျိုးစိတ်များသည် ရေကြည်မြို့၊ဟင်္သာတမြို့၊ ဝါးခယ်မမြို့၊ကျိုက်လတ်မြို့၊ မော်လမြိုင်ကျွန်း၊ မအူပင်မြို့၊ မြောင်းမြမြို့၊အိမ်မဲမြို့စသည့် မြို့များ၏ ဝန်းကျင်ဒေသများတွင် ပျံ့နှံ့ကျက်စား နေလျက်ရှိနေ၍ ကမ္ဘာ့ရှားပါး ကြိုးကြာငှက်မျိုးစိတ်များ မျိုးမသုဉ်းရေး အတွက် ဝိုင်းဝန်းပူးပေါင်း ထိန်းသိမ်းရန် လိုအပ်နေကြောင်း သိရသည်။

ရေရှည်တွင် ကြိုးကြာငှက် မျိုးစိတ်များ မျိုးသုဉ်း ပျောက်ကွယ်ခြင်းမှ ကာကွယ်ရန် ကြိုးကြာငှက်တို့၏ အသိုက်တည်နေရာ၊ အသိုက်အရေ အတွက်၊ ပုံမှန်လာရောက် ကျက်စားသော ရာသီနှင့် အကောင်အရေ အတွက်စသည့် သတင်းအချက် အလက်များကို အောက်ပါဖုန်းနံပါတ် ဝ၁-၅၃၅ ၇၁၁၊ ဝ၉-၈၆၁ ၆၉၈၁၊ ဝ၉-၇၉၈၄ ၃၉၈၅၅၊ ဝ၉-၂၅ဝဝ ၅၈၉၃၁၊ ဝ၉-၇၈ဝ ၄၄၉ ဝ၇၈၊ဝ၉- ၄၂၁ဝ၈၃၈၆၃တို့သို့ တစ်ဆင့်ဆက်သွယ် အကြောင်းကြားပါက ထိုက်သင့်သော ဂုဏ်ပြုချီမြှင့်မှုများ ပေးသွားမည်ဖြစ်ပြီး စိုက်ပျိုးမြေများ၊ လယ်ကွက်များတွင် အသိုက်ပြုလုပ်၍ ပျက်စီးသွားပါကလည်း ပျက်စီးသွားသည့် ခန့်မှန်းတန်ဖိုးကို ပြန်လည်ပံ့ပိုးပေးမည့် အစီအစဉ်လည်း ရှိကြောင်း သိရသည်။

သားငှက်ထိန်းသိမ်းရေး အဖွဲ့သည် ၁၉၉၃ ခုနှစ်မှစတင်၍ မြန်မာနိုင်ငံရှိ အဖိုးတန်ဇီဝမျိုးစုံ မျိုးကွဲများကို သစ်တောဦးစီးဌာန၊ ငါးလုပ်ငန်း ဦးစီးဌာတို့နှင့် ပူးပေါင်းပြီး ထိန်းသိမ်းကာကွယ် ရေးလုပ်ငန်းများကို ဆောင်ရွက်နေ ကြောင်း၊ ဧရာဝတီတိုင်း ဒေသကြီးရှိ ကြိုးကြာငှက် မျိုးစိတ်များကို သိရှိ၊ထိန်းသိမ်းရန် အတွက်လည်း ၎င်းဒေသရှိတက္ကသိုလ်၊ ဆက်စပ်အဖွဲ့အစည်းများ၊ ဒေသခံများနှင့် အတူကွင်းဆင်း လေ့လာ၍ ထိန်းသိမ်းရေး လုပ်ငန်းများကို ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...