Social Icons

Pages

Friday, July 7, 2017

မုံရွာမြို့နယ်တွင် ယခုနှစ်မိုးတွင်းကာလ ချင်းတွင်းမြစ်ရေ ကြီးမြင့်မှုကို ရေကင်း၂၄ခုဖြင့် စောင့်ကြည့်သွားမည်



မုံရွာ ၇-၇-၂၀၁၇

ချင်းတွင်းမြစ်ရေသည် နှစ်စဉ်မိုးဥတုတွင် မြစ်ရေကြီးမြင့်မှုကြောင့် ချင်းတွင်းမြစ် ဖြတ်သန်းစီးဆင်းရာ မြို့နယ်များတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိရာ မုံရွာမြို့နယ်အတွင်း ယခုနှစ်မိုးတွင်းကာလ မြစ်ရေကြီးမြင့်မှုကို ရေကင်း၂၄ခုဖြင့် စောင့်ကြည့်သွားမည် ဖြစ်ကြောင်း မြို့နယ်စီမံခန့်ခွဲမှု ကော်မတီရုံးမှ သိရသည်။

မုံရွာမြို့တွင် ချင်းတွင်းမြစ်ရေသည် ယနေ့နံနက် ၉နာရီတွင် ၉၆၉ စင်တီမီတာသို့ ရောက်ရှိလျက်ရှိရာ ဆက်လက် တက်နိုင်သဖြင့် ရေကင်းများဖြင့် စောင့်ကြည့်သွားခြင်း ဖြစ်ကြောင်း၊ ရေဘေးအန္တရာယ် ကာကွယ်ရေးလုပ်ငန်း များဆောင်ရွက်နိုင်ရန် အတွက်သဲအိတ်၊ မြေသယ်ယူရန်တောင်းများ၊ ပေါက်ပြား၊ ဂေါ်ပြား၊ တူးရွင်း၊မျောတိုင်၊ သစ်သားတိုင်၊ ဝါး၊ ကြိုး၊သဲ၊ သံ၊ ဝါးထရံကပ်များကိုလည်း စုဆောင်းထားရှိရန် နှိုးဆော်ထားကြောင်း သိရသည်။

''မုံရွာမြို့နယ်မှာ နှစ်စဉ်မိုးဥတု ဆိုရင်မြစ်ရေ ကြီးမြင့်မှုက ဖြစ်ပေါ်နေကျ ဆိုပေမယ့် သတိထားပြီး စောင့်ကြည့် နေရတာပါ။ မုံရွာမြို့နယ် အောက်ပိုင်းအစ သစ်ဆိမ့်ပင် ကျေးရွာကနေ မုံရွာမြို့နယ် မြောက်ဘက် စစ်ပင်ရပ်ကွက် ထိကို ရေကင်း၂၄ခုနဲ့စောင့်ကြည့် သွားမှာပါ''ဟု မြို့နယ် စီမံခန့်ခွဲမှုကော်မတီရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။

မုံရွာမြို့နယ် တောင်ဘက်အခြမ်း သစ်ဆိမ့်ကျေးရွာရေကင်း အမှတ်(၁)မှ မုံရွာမြို့ပေါ်ရုံးကြီးရပ်ကွက် နန်ချွန်ဆိပ်ကမ်းထိ ရေကင်း အမှတ် (၁၄) ထိလည်းကောင်း၊ မုံရွာမြို့မြောက်ဘက်ခြမ်း ဖြစ်သော ရုံးကြီးရပ်ကွက် သလ္လာဝတီ ဆိပ်မှ ရေကင်းအမှတ် (၁၅) မှစစ်ပင်ရပ်ကွက် ထိရေကင်းအမှတ် (၂၄) ထိလည်းကောင်း ဌာနဆိုင်ရာများက ကြီးကြပ်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူး များနှင့် အဖွဲ့ဝင်များ၊ လူမှုရေးအသင်း အဖွဲ့များက စောင့်ကြည့်သွားမည်ဖြစ်ကြောင်းသိရသည်။ 

#yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...