Social Icons

Pages

Friday, July 7, 2017

ကသာမြို့ ရွှေဂူကြီးဘုရားရှေ့ဧရာဝတီ မြစ်ဘေးတွင် လေညင်းခံသူများဖြင့် နေ့စဉ်စည်ကား



ကသာ ၇-၇-၂၀၁၇

စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့တွင် ဧရာဝတီမြစ်ရေ မြင့်တက်နေသဖြင့် ကမ်းနားလမ်း၊ ရွှေဂူကြီးဘုရားရှေ့ရှိ မြစ်ကမ်းဘေး View Point တွင် လေညင်းခံ၍ မြစ်ပြင်ရှုခင်း ကြည့်သူများဖြင့် နေ့စဉ်စည်ကား နေကြောင်း ဒေသခံများထံမှ သိရသည်။

ကသာမြို့ရှိ ဆိပ်ကမ်းသည် ဧရာဝတီမြစ်ကြောင်း ရှိအလှဆုံး ဆိပ်ကမ်းများအနက် တစ်ခုအပါအဝင် ဖြစ်သဖြင့် ရေတိုးရက်များတွင် အပန်းဖြေသူများဖြင့် စည်ကားနေခြင်း ဖြစ်ပြီး ထီးချိုင့်၊ မြတောင်ဆိပ်ကမ်း တို့သည်လည်း အလှဆုံး ဆိပ်ကမ်းများဖြစ်ကြောင်း ကသာမြို့မှ ဒေသခံများက ပြောပြ၍ သိရသည်။

''ညနေ ၅ နာရီမိနစ် ၃ဝ၊ ၆ နာရီလောက်ဆိုရင် လာတဲ့သူက ဦးရေ ၅ဝ နဲ့ ၁ဝဝ ကြားလောက် အုပ်စုတွေနဲ့ လာအပန်းဖြေ လေညင်းခံ လာကြတယ်။ ကသာဆိပ်ကမ်းက ရေတိုးရင် တော်တော်လှတယ်။ ကမ်းနားတစ်လျှောက် ဘုရားစေတီတွေ နဲ့ဆိုတော့ သာယာတာလဲပါတယ်''ဟု ကသာမြို့ရပ်ကွက် (၁) ကမ်းနားလမ်းနေ ဒေါ်မြင့်မြင့်က ပြောပြသည်။

အဆိုပါ View Point နားနေဆောင်ကို ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ် တိုင်းဒေသကြီးအစိုးရ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းစဉ်မှ ခွင့်ပြုငွေကျပ် ၆၁ သန်းဖြင့် ကသာမြို့ ရွှေဂူကြီးဘုရားရှေ့၌ နန်းစဉ် ရတနာကုမ္ပဏီက ယခုနှစ် ဖေဖော်ဝါရီ ၆ ရက်က စတင်တည်ဆောက် ခဲ့ပြီး မတ် ၃၁ ရက်တွင် ပြီးစီးခဲ့ကြောင်း သိရသည်။

View Point နားနေဆောင်မှာ သံကူကွန်ကရစ် အောက်ခြေမြေ ထိန်းနံရံအမျိုးအစား ဖြစ်ပြီးအနံ ၁၈ ပေ၊ အလျား ၁၄၃ ပေနှင့် မြေသားလမ်း အကျယ် ၁၇ ပေရှိကြောင်း သိရသည်။ ကသာမြို့ရှိ ဧရာဝတီ မြစ်ရေသည် ဇူလိုင် ၅ ရက်က ၉၅၃ စင်တီမီတာသို့ ရောက်နေပြီး ကသာမြို့၏ စိုးရိမ်ရေမှတ်သည် ၁ဝ၄ဝ စင်တီမီတာ သတ်မှတ်ထားသဖြင့် ဇူလိုင်လအတွင်း မြစ်ရေဆက်လက် မြင့်တက်နိုင်ဖွယ် ရှိကြောင်းကသာမြို့နယ် မိုးလေဝသနှင့် ဇလဗေဒ ညွန်ကြားမှု ဦးစီးဌာနက ခန့်မှန်းထားကြောင်း သိရသည်။

#yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...