Social Icons

Pages

Monday, June 19, 2017

မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ်ရှိ အခြေခံပညာ အထက်တန်းကျောင်းများ အဆင့်တိုးမြှင့်ဖွင့်လှစ်



ဂန့်ဂေါ ၁၉-၆-၂၀၁၇

မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ဂန့်ဂေါမြို့နယ် မင်းရွာအခြေခံပညာ အထက်တန်းကျောင်း (ခွဲ) မှမင်းရွာအခြေခံ ပညာအထက်တန်းကျောင်း အဆင့်တိုးမြှင့်ခြင်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းတည့် ၁၂ နာရီက အဆိုပါ ကျောင်း၌ ကျင်းပသည်။

အဆိုပါ အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဒေါက်တာ ဝင်းမြတ်အေးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ဒေါက်တာဝင်းမြတ်အေးနှင့် တာဝန်ရှိသူများက အဆိုပါအခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အမှာစကားပြောကြားရာတွင် ကျောင်းနေအရွယ် ကလေးအားလုံးနှင့် ကျောင်းသား၊ကျောင်းသူများ၏ သင်ယူမှုအခွင့်အလမ်း ပိုမိုကောင်းမွန်စေရေးအတွက် ယခုပညာသင် နှစ်တွင်သတ်မှတ်မှုနှင့် ကိုက်ညီသော ကျောင်းပေါင်း ၅ဝ၉၉ကျောင်းကို ကျောင်းအဆင့် တိုးမြှင့်ပေးခဲ့ရာ မကွေးတိုင်း ဒေသကြီးအတွင်း ကျောင်းအရေအတွက် ၁ဝ၁၂ ကျောင်းကို ကျောင်းအဆင့်တိုးမြှင့် ပေးခဲ့ကြောင်း၊ ယခုပညာ သင်နှစ်တွင်အဆင့်တိုး ကျောင်းများအတွက် လိုအပ်သော စာသင်ဆောင်၊ ပရိဘောဂ သင်ထောက်ကူ ပစ္စည်းများနှင့် ဆရာ၊ဆရာမများအား လာမည့်ဘဏ္ဍာရေးနှစ်တွင် ခွင့်ပြုဘဏ္ဍာ ပေါ်မူတည်၍ ဖြည့်ဆည်း ဆောင်ရွက်ပေး သွားမည် ဖြစ်ကြောင်း၊၊

၂ဝ၁၆ ခုနှစ် ယူနက်စကိုပညာရေး အစီရင်ခံစာအရ မြန်မာနိုင်ငံသည် ကျောင်းထွက်နှုန်း အမြင့်မားဆုံးနိုင်ငံထဲမှ တစ်နိုင်ငံဖြစ်ရာ ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျောင်းထွက်နှုန်း လျော့နည်းပြီး ကျောင်းနေမြဲနှုန်း၊ အတန်းကူးပြောင်းနှုန်းနှင့် သင်ယူပြီးမြောက်နှုန်း ပိုမိုမြင့်မားအောင် ဆောင်ရွက်နေကြောင်း။

ကျောင်းထွက်နှုန်း လျော့နည်းစေရန်အတွက် အကြောင်းအမျိုးမျိုးကြောင့် ကျောင်းမကြာခဏ ပျက်တတ်သည့် ကျောင်းသား၊ ကျောင်းသူများ၊ စာတတ်မြောက်မှု အားနည်းသည့် ကျောင်းသား၊ ကျောင်းသူများအား ဂရုတစိုက်ပြန်လည် ကုစားသင်ကြားပေး မှုများကိုယခုနှစ် ဇူလိုင်လကတည်းက မိဘဆရာ အသင်းများနှင့် ပူးပေါင်း၍ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးနှင့် မကွေးတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်လူမှုရေး ဝန်ကြီးတို့က အမှာစကား ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးနှင့် အဖွဲ့သည် အစိုးရ စက်မှုလက်မှုသိပ္ပံ (ဂန့်ဂေါ) ကျောင်းသို့ သွားရောက်ကြည့်ရှု စစ်ဆေးကာ လိုအပ်သည်များကို မှာကြားခဲ့သည်။

ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် အဖွဲ့သည် ယနေ့တွင် မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ဂန့်ဂေါမြို့နယ်ရှိ ဟံသာဝတီကျေးရွာ အထက်တန်းကျောင်း၊ မြောက်ခင်ရန်း ကျေးရွာအခြေခံ ပညာအထက်တန်းကျောင်း၊ နှမ်းခါးကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းနှင့် မောက်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း တို့၏ ကျောင်းအဆင့်တိုးမြှင့်ခြင်း ဖွင့်ပွဲအခမ်းအနား များကိုလည်း တက်ရောက် ဖွင့်လှစ် ပေးခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...