Social Icons

Pages

Tuesday, June 13, 2017

ပင်လယ်ပြင်ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်၊ ပျက်ကျလေယာဉ်မှ ရုပ်အလောင်းများထပ်မံတွေ့ရှိ


တပ်မတော်(ရေ)မှ စစ်ရေယာဉ်များနှင့် တပ်မတော်(လေ)မှရဟတ်ယာဉ်တို့ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်စဉ်။


ရုပ်အလောင်းများကို တပ်မတော်လုပ်ထုံးလုပ်နည်းများနှင့်အညီ သင်္ဂြိုဟ်ပေးစဉ်။

နေပြည်တော် ၁၃-၆-၂၀၁၇

ဇွန် ၁၂ ရက်နံနက်ပိုင်းတွင် ပင်လယ်ပြင်အတွင်း လှိုင်းအမြင့် ၂ ဒသမ ၅ မီတာနှင့် လေတိုက်နှုန်းတစ်နာရီလျှင် ၁၅ မိုင်မှ မိုင်၂ဝ ကြားရှိသော်လည်း ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်နေသည့် နေရာတစ်ဝိုက်တွင် လှိုင်းအမြင့် ၁ ဒသမ ၅ မီတာနှင့် လေတိုက်နှုန်းတစ်နာရီလျှင် ၅ မိုင်မှ ၁ဝ မိုင်သာရှိ၍ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများတိုးမြှင့် လုပ်ဆောင်ခဲ့ရာ နံနက်ပိုင်းတွင် ရုပ်အလောင်း ၁၇ လောင်းနှင့် ညနေပိုင်းတွင် ရုပ်အလောင်း ခုနစ် လောင်း စုစုပေါင်း ရုပ်အလောင်း ၂၄ လောင်းအား ရှာဖွေတွေ့ရှိခဲ့သဖြင့် ယခုအချိန်အထိ စုစုပေါင်းရုပ် အလောင်း ၈၃ လောင်းအား ရှာဖွေတွေ့ရှိ ထားပြီးဖြစ်သည်။ ထို့ပြင် ပျက်ကျလေယာဉ် အားလည်းဆိုနာစနစ် တပ်ဆင်ထား သည့်တပ်မတော် (ရေ)မှ စစ်ရေယာဉ်များဖြင့် နေရာဖြန့်ခွဲရှာဖွေခြင်းများနှင့် ကျွမ်းကျင်ရေငုပ် စစ်သည်များဖြင့် ရေငုပ်ရှာဖွေခြင်းများ လုပ်ဆောင်လျက်ရှိသည်။

ယနေ့ ရှာဖွေတွေ့ရှိမှုများ အနေဖြင့် မောင်းမကန်-မရင်းကြီး ကမ်းခြေတစ်လျှောက် ဖြန့်ခွဲနေရာချထားပြီး ရှာဖွေရေးလုပ်ဆောင်နေသည့် မြေပြင်တပ်များနှင့် ဒေသခံပြည်သူများက အမျိုးသားရုပ်အလောင်း ကိုးလောင်း၊အမျိုးသမီး ရုပ်အလောင်း လေးလောင်း၊ ကလေးရုပ်အလောင်း နှစ်လောင်းနှင့် ကျား/မ မခွဲခြားနိုင် ရုပ်အလောင်း သုံးလောင်း၊ ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်နေသည့် တပ်မတော်စစ် ရေယာဉ်များနှင့် ဒေသခံငါးဖမ်းစက် လှေများက အမျိုးသားရုပ်အလောင်း သုံးလောင်း၊ အမျိုးသမီးရုပ်အလောင်း တစ်လောင်း၊ ကလေးရုပ်အလောင်း တစ်လောင်းနှင့်ကျား/မ မခွဲခြားနိုင်ရုပ်အလောင်း တစ်လောင်းရှာဖွေတွေ့ရှိခဲ့သဖြင့် စုစုပေါင်းရှာဖွေတွေ့ရှိခဲ့သည့်ရုပ်အလောင်း ၂၄ လောင်း တွေ့ရှိခဲ့ပြီးဖြစ်သည်။

စုစုပေါင်းရှာဖွေ တွေ့ရှိခဲ့သည့် ရုပ်အလောင်း ၈၃ လောင်းမှာ အမျိုးသားရုပ်အလောင်း ၃၈ လောင်း၊ အမျိုးသမီးရုပ်အလောင်း ၂၈ လောင်း၊ ကလေးရုပ်အလောင်း ၁၅ လောင်းနှင့် ကျား/မ မခွဲခြားနိုင်ရုပ်အလောင်း နှစ်လောင်းတို့ ဖြစ်သည်။

ယနေ့အထိ ပင်လယ်ပြင်အတွင်းမှ ရှာဖွေတွေ့ရှိခဲ့သည့် ရုပ်အလောင်းများအား ထားဝယ်မြို့ရှိ တပ်မတော်ဆေးရုံသို့ ပို့ဆောင်ပြီးလိုအပ်သည့် ဆေးဘက်ဆိုင်ရာ စစ်ဆေးမှုများ၊ ကျန်ရစ်သူ မိသားစုများမှ ကြည့်ရှုစစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိရာ ယခုအချိန်အထိ တပ်မတော်သားအရာရှိ ရုပ်အလောင်း လေးလောင်းနှင့် စစ်သည်ရုပ်အလောင်း ကိုးလောင်းအပါအဝင် အမျိုးသားရုပ်အလောင်း ၁၅ လောင်း၊ အမျိုးသမီးရုပ်အလောင်း ၁၆ လောင်းနှင့် ကလေးရုပ်အလောင်း လေးလောင်း၊ စုစုပေါင်းရုပ်အလောင်း ၃၅ လောင်းအား ရုပ်မည်ခွဲခြားမှု ပြုလုပ်နိုင်ခဲ့သည်။ ယနေ့တွင်အမျိုးအမည် ခွဲခြားနိုင်ပြီး ကျန်ရစ်သူမိသားစုများက အတည်ပြုနိုင်သည့် ရုပ်အလောင်း ၁၂ လောင်းကို ဗုဒ္ဓဘာသာ ထုံးတမ်းစဉ်လာများ၊ တပ်မတော်လုပ်ထုံး လုပ်နည်းများနှင့်အညီ ကောင်းမွန်စွာ သင်္ဂြိုဟ်ပေးခဲ့ရာ စုစုပေါင်းရုပ်အလောင်း ၃၅ လောင်းအား သင်္ဂြိုဟ်ပြီးစီးခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...