Social Icons

Pages

Thursday, June 15, 2017

ရခိုင်ပြည်နယ်ရှိ မြို့နယ်အချို့၌ ယခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်



မင်းပြား ၁၅-၆-၂၀၁၇

ရခိုင်ပြည်နယ်၌ မိုးသည်းထန်စွာရွာသွန်း ခြင်းကြောင့် ကစ္ဆပနဒီမြစ်၊ လေးမြို့မြစ်နှင့် အမ်းချောင်း၊ ဒလက်ချောင်းတို့မှ ဒီရေမြင့်တက်လာကာ စစ်တွေမြို့နယ်၊ အမ်းမြို့နယ်နှင့် မင်းပြားမြို့နယ်တို့ရှိ မြေနိမ့်ပိုင်းများတွင် ရေကြီးရေလျှံ မှုများဖြစ်ပေါ်နေကြောင်း ဒေသခံများထံမှသိရသည်။

အဆိုပါဒေသများတွင် ဇွန် ၁ဝ ရက်မှစတင်ကာ မိုးသည်းထန်စွာရွာသွန်း နေခြင်းကြောင့် ဇွန် ၁၂ ရက်တွင် ဒီရေတိုးလာပြီး ယနေ့တွင် ပိုမိုမြင့်တက်လာကြောင်း သိရသည်။

''လေးမြို့မြစ်ပြင်က ကမ်းနဲ့တစ်တန်းတည်း ဖြစ်နေပါပြီ။ ရပ်ကွက်ထဲက မြေနိမ့်တဲ့နေအိမ် ခြံဝင်းတွေနဲ့လမ်းတွေ မြုပ်နေပါပြီ။ နောက်ထပ် မိုးကြီးနေရင် ရေကြီးနိုင်တယ်။ မိုးကရွာနေ တုန်းပါပဲ''ဟု မင်းပြားမြို့ ပြည်တော်လှရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသိန်းထွန်းက ပြောသည်။

ရန်ကုန်-စစ်တွေကားလမ်းပေါ်ရှိ အမ်းမြို့နယ်ဘက်ခြမ်းနှင့် ကျောက်ဖြူ-စစ်တွေကား လမ်းပေါ်ရှိ တောင်ကုတ်ဘက်ခြမ်းတို့ရှိ ကားလမ်းပိုင်းအချို့၌ ရေလွှမ်းမိုးနေပြီး တောင်ပြိုခြင်းနှင့် ကားလမ်းဘေးမြေသား ပြိုကျခြင်းများ ရှိနေကြောင်း သိရသည်။

''ရေမြောင်းတွေက ပိတ်နေတယ်။ စစ်တွေမြို့ ကမ်းနားလမ်း၊ ရူပတောင်၊ ရူပမြောက်စတဲ့မြို့ထဲ ရပ်ကွက်တွေ ရေလွှမ်းနေတယ်။ တံတားကတော့ မမြုပ်ပေမယ့် ရေစီးဆင်းမှုက နည်းသွားတယ်''ဟု စစ်တွေမြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇောဦးက ပြောသည်။

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် နှင့်မြောက်ဦးမြို့နယ်တို့မှ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများ အနေဖြင့် အထူးသတိထား နေထိုင်ရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက အကြံပြုထုတ်ပြန် ထားကြောင်းသိရသည်။

#Themyawadydaily 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...