ဘာသာပြန်ဆောင်းပါး
ကမ္ဘာ့အင်အားကြီး နိုင်ငံများ၏ အပြောင်းအလဲကို အနှစ်သက်ဆုံး ခေါင်းဆောင်နှစ်ဦးကို ပြပါဆိုလျှင် အမေရိကန်သမ္မတသစ် ဒေါ်နယ်ထရမ့်နှင့် အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီကို ပြရမည်ဖြစ်သည်။ မိုဒီက Made in India ဆိုသည့် အိန္ဒိယဦးစားပေး ဆောင်ပုဒ်ဖြင့် နာမည်ကြီးလာသူဖြစ်ပြီး ထရမ့်ကတော့ လူတိုင်းသိသည့် America First ဆိုသည့်စကားလုံးဖြင့် နာမည်ကြီးလာ သူဖြစ်သည်။
ထိုနှစ်ဦးဝါရှင်တန်၌ ယနေ့တွင် တွေ့ဆုံနေပြီး စီးပွားရေးနှင့် ကာကွယ်ရေးအတွက် အဓိကထားသည့် သူတို့နှစ်ဦးတွေ့ဆုံပွဲတွင် ဘီလီယံနှင့်ချီသည့် သဘောတူညီမှု များရရှိမည်မှာ သေချာသည်။ အမေရိကန်ကလည်း လိုအပ် ချက်ရှိနေပြီး အိန္ဒိယကလည်း လိုအပ်ချက်ရှိနေရာ ထရမ့်က အမေရိကန်ကိုငှားပါ၊ အမေရိကန်ကိုဝယ်ပါ၊ သူကပဲဦးဆောင်မည့် အစီအစဉ်အတွက် လုပ်ကွက်များကို လိုက်ရှာနေသူဖြစ်ပြီး ၎င်းအတွက် အိန္ဒိယက ဈေးကွက် ကောင်းကြီးတစ်ခု ဖြစ်လာမည်ဖြစ်သည်။
သို့သော် အိန္ဒိယအတွက် ခက်ခဲနေသည့် ပြဿနာတစ်ခုမှာ ထရမ့်၏လူဝင်မှု ကြီးကြပ်ရေး မူဝါဒဖြစ်သည်။ အမေရိကန်၏ ကမ္ဘာကျော်ဆီလီကွန် တောင်ကြား၌ အလုပ်လုပ်ကိုင်နေသည့် လူအများစုထဲတွင် အိန္ဒိယလူမျိုးပညာရှင် ၃ဝ ရာခိုင်နှုန်းအထိရှိသည်။ သို့သော်ထရမ့်၏ မူဝါဒများကြောင့် ထိုပညာရှင်များအတွက် အနာဂတ်မှာမသေချာ မရေရာဖြစ်ခဲ့ရသည်။ ယခုမိုဒီက ယင်းကိစ္စအတွက် ပစ်မှတ်ထားနေပြီး အရေးကြီးသည့် နောက်တစ်ချက်က အိန္ဒိယ ၏စစ်ရေး ဖြစ်သည်။
အာရှ၌ အိန္ဒိယ၏အိမ်နီးချင်း ပြိုင်ဘက်တရုတ်က အိန္ဒိယသမုဒ္ဒရာ ထဲအထိပါ နယ်ချဲ့လာနေပြီဖြစ်ရာ သမုဒ္ဒရာလုံခြုံရေးသည် အရေးကြီးလာခဲ့သည်။ သို့သော်ယခုအချိန်ထိ ပင်လယ်ပြင်လုံခြုံရေးကို အိန္ဒိယတို့ အပြည့်အဝမယူ နိုင်သေးသဖြင့် မောင်းသူမဲ့လေယာဉ်များကို လိုအပ်လျက်ရှိသည်။ စစ်ရေးတွင် အိန္ဒိယ၏ အဓိကမဟာမိတ်သည် ရုရှားဖြစ်ပြီး မိုဒီက အမေရိကန်နှင့်လည်း စစ်ရေးကိုလက်ချင်းဆက်လိုသူဖြစ်သည်။ အမေရိကန်ကလည်း အာရှ၏ကြီးထွားလာသည့် စီးပွားရေးဝေစုကို ယူထားသည့် အိန္ဒိယကို ချဉ်းကပ်လိုသူဖြစ်ပြီး ဖြစ်နိုင်လျှင် တရုတ်အစား အိန္ဒိယ၌ပင် ၎င်း၏နိုင်ငံသား ပိုင်စက်ရုံများကို ပြောင်းရွှေ့လိုသူဖြစ်သည်။
အိန္ဒိယ၏အားသာချက်က IT နယ်ပယ်၌ အဖွံ့ဖြိုး ဆုံးဖြစ်နေသည့် အချက်ဖြစ်သည်။ ထို့ပြင် လုပ်သားကိစ္စလည်း မပူပင်ရ။ ပညာရှင်အတွက်လည်း မပူပင်ရပေ။ ထိုအတွက်ကြောင့် အိန္ဒိယသည် ထရမ့်အတွက်အဆင် ပြေပြီး မိုဒီကလည်း ၏နိုင်ငံ၌ အလုပ်အကိုင်အခွင့် အလမ်းနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို များများမျှော်လင့်နေသူ ဖြစ်သည်။
ထရမ့်နှင့်တွေ့ဆုံမှုကြောင့် အနည်းဆုံးအလုပ် အကိုင်အခွင့်အလမ်း ငါးသောင်းကျော် ခြောက်သောင်းခန့် ရရှိနိုင်မည်ဟု မိုဒီကမျှော်လင့်နေပြီး အပြန်အလှန်အားဖြင့် အိန္ဒိယက အမေရိကန်ပညာရှင် တစ်သောင်းကျော် ငှားမည့် အရေးလည်း ပါဝင်နေသည်။
အိန္ဒိယစီးပွားရေးကို အဓိကမောင်းနှင် နေသည့်အရာ များထဲတွင် IT နည်းပညာနယ်ပယ်သည် ထိပ်ဆုံးမှပါဝင် နေသည်။ ယခုမိုဒီ၏ H1B အစီအစဉ်သည် နည်းပညာနယ်ပယ် အခြေခံစီးပွားရေး စီမံကိန်းဖြစ်သည်။ H1B စီမံကိန်းကို ထရမ့်နှင့် မိုဒီဆွေးနွေးမည်ဖြစ်ပြီး သဘောတူညီချက် ခိုင်ခိုင်မာမာရရှိပါက အိန္ဒိယ၏ တိုးတက်နေသည့် စီးပွားရေးအရှိန်ကို ထပ်ဆင့်မြှင့်တင် နိုင်မည်ဖြစ်ကာ ၂ဝ၁၇ ခုနှစ်တွင်လည်း ကမ္ဘာ့စီးပွားရေး တိုးတက်မှုအမြင့်ဆုံးနေရာကို ထပ်မံရရှိဦးမည် ဖြစ်သည်။
ထရမ့်က ဝါရှင်တန်ရှိ အိမ်ဖြူတော်၌ မိုဒီအား ကော်ဇောနီခင်းကာ ဧည့်ခံပြီး လက်နက်နှင့် ပို့ကုန်ကဏ္ဍကို အိန္ဒိယဆီများစွာတင်ပို့ နိုင်ရန်ရည်ရွယ်သည်။ အိန္ဒိယသည် ကမ္ဘာပေါ်၌ လက်နက်တင်သွင်းမှု အများဆုံးနိုင်ငံ ဖြစ်ပြီး နှစ်စဉ်ဘီလီယံနှင့်ချီသည့် လက်နက်များကို ပြည်ပမှတင်သွင်း နေသည်။ ပြည်တွင်း၌ ဂျက်တိုက်လေယာဉ် နှင့်ဒုံးကျည်ကဏ္ဍ ဖွံ့ဖြိုးရေးများကို ရုရှားနှင့် ဆောင်ရွက် နေသော်လည်း ယခုအထိ ပြည်ပအမှီအခို မကင်းသေးသည့် နိုင်ငံဖြစ်သည်။
ထိုအခြေအနေကို ပြောင်းလဲရန် မိုဒီက ၎င်းဝန်ကြီးချုပ် ဖြစ်လာချင်းပင် Made in India ဆိုသည့် စီမံကိန်းကို အကောင်အထည်ဖော် နေခြင်းဖြစ်သည်။ ဝယ်ယူရသည့် သူအဖြစ် ရပ်တည်ခြင်းက အနာဂတ်ခိုင်မာမှု မသေချာဘဲ ကိုယ်တိုင်ထုတ်ပြီး တင်ပို့သည့်နိုင်ငံက အနာဂတ်ခိုင်မာမှု ရှိသည့်အပြင် စီးပွားရေးအတွက်ပင် အဓိကဒေါက်တိုင်ကြီး တစ်ခုဖြစ်နေသည်။
ယခင်က တရုတ်သည် ကမ္ဘာပေါ်၌ လက်နက် တင်သွင်းမှုအများဆုံး နိုင်ငံစာရင်းကို ယူထားကာ ယခုအောက်ဆုံးကို ရောက်သွားပြီ ဖြစ်သည်။ ဝယ်ယူထားသည့် နည်းပညာများကို ပြန်လည်ဖွံ့ဖြိုးစေရန် ဆောင်ရွက်ပြီး ကိုယ်တိုင် ထုတ်လုပ်သူအဖြစ် ရပ်တည်နိုင်ရန် ဘီလီယံနှင့်ချီ ရင်းနှီးမြှုပ်နှံကာ ကြိုးစားခြင်းကြောင့် ယခုအခါ ကမ္ဘာ့လက်နက်တင်ပို့သူများ စာရင်း၌တရုတ်က ထိပ်ဆုံးကို ရောက်နေပြီ ဖြစ်သည်။
ဆယ်စုနှစ်တစ်စု၊ နှစ်စုအတွင်းမှာပင် တရုတ်က အဓိကလက်နက်တင်သွင်း နေရသူအဖြစ်မှ အဓိက လက်နက် တင်ပို့နိုင်သူ ဖြစ်လာသည်။ ယခုမိုဒီကလည်း တရုတ်၏ထိုခြေရာကို လိုက်နင်းနိုင်စေရန် ကြိုးစားနေ ခြင်းဖြစ်သည်။ နည်းပညာနယ်ပယ်က မျှော်မှန်းထား သည်ထက်ပင် အောင်မြင်နေသည်ဟု ဆိုရမည်ဖြစ်ပြီး နောက်ပိုင်းကမ္ဘာ့ နည်းပညာလောကတွင် အိန္ဒိယအမည် တစ်လုံးဖြင့်ရပ်တည် လာမည်ဖြစ်သည်။
သို့သော် တခြားနယ်ပယ်ဘက်တွင် စီမံကိန်းစံချိန် မမီသည့် ပြဿနာများနှင့် အိန္ဒိယတို့ အများဆုံးရင်ဆိုင် နေရသေးသည်။ ထိုအတွက် နိုင်ငံခြားအကူအညီများ လိုအပ်နေသည်။ အမေရိကန်က အိန္ဒိယအတွက် အကောင်းဆုံး ပံ့ပိုးပေးနိုင်မည် ဖြစ်သည်။
အကယ်၍ ထရမ့်နှင့်မိုဒီသာ ထင်မှတ်ထားသည်ထက် အဆင်ပြေပါက အိန္ဒိယသို့ အမေရိကန်ရင်းနှီး မြှုပ်နှံမှုများစွာ ဝင်လာမည်ဖြစ်ပြီး မိုဒီ၏စစ်ရေး၊ စီးပွားရေးရည်မှန်းချက် များလည်း လျင်မြန်စွာ အကောင်အထည် ပေါ်လာမည် ဖြစ်သည်။ သို့သော် နှစ်ဖက်စလုံးက သူတို့အကျိုးအမြတ်ကိုသာ ဦးစားပေးသည့်သူများ ဖြစ်နေသည်။
ထိုအချက်က ၎င်းတို့နှစ်ဦး ဆွေးနွေးပွဲကို အခက်ခဲဆုံး ဖြစ်စေမည့် အချက်ဖြစ်သည်။ ကိုယ်ယုံကြည်ရာ ဝါဒများကိုစွဲကိုင်ပြီး ခေါင်းဆောင် ဖြစ်လာကြသည့် ခေါင်းမာသော ခေါင်းဆောင်နှစ်ဦး စလုံးသည် လူမှုမီဒီယာတွင်လည်း နာမည်ကြီးများဖြစ်ပြီး ထရမ့်ဆိုလျှင် တွစ်တာတွင် ၃၃ သန်းနှင့် ကမ္ဘာ့ခေါင်းဆောင် စာရင်းတွင် Follower အများဆုံး ရရှိထားသူ ဖြစ်သည်။
မိုဒီက သန်း ၃ဝ နှင့် ကမ္ဘာပေါ်၌ ဒုတိယ Follower အများဆုံးဖြစ်ပြီး သူတို့နှစ်ဦး၏ ထင်မှတ်မထားသည့် တွေ့ဆုံမှုက မည်သည့်ပြောင်းလဲမှု များကိုဖြစ်ပေါ် စေမည်ဆိုသည်ကို စောင့်ကြည့်ရဦးမည် ဖြစ်ပါကြောင်း တင်ပြ လိုက်ရပါသည်။
မြ၀တီနေ့စဉ်သတင်းစာ စာ (၂၃)
#Yadanarpondaily
No comments:
Post a Comment