Social Icons

Pages

Monday, June 5, 2017

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရန်ကုန်မြို့တွင်း ရေကြီးရေလျှံမှုများဖြစ်ပေါ်


မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရန်ကုန်မြို့တွင်း ရေကြီးရေလျှံမှုဖြစ်ပေါ်နေသည့် မြင်ကွင်းကိုတွေ့ရစဉ်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရန်ကုန်မြို့တွင်း ရေကြီးရေလျှံမှုဖြစ်ပေါ်နေသည့် မြင်ကွင်းကိုတွေ့ရစဉ်။

ရန်ကုန် ၅-၆-၂၀၁၇

ရန်ကုန်မြို့၌ ယနေ့မွန်းလွဲပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဗိုလ်တထောင်မြို့နယ်၊ ပန်းဘဲတန်းမြို့နယ်၊ လသာမြို့နယ်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်တော်လေးတစ်ဝိုက်နှင့် ယုဇနပလာဇာ ရှေ့တို့တွင် ရေကြီးရေလျှံ မှုများဖြစ်ပေါ်ပြီး အချိန်ကြာမြင့်စွာ ယာဉ်ကြောပိတ်ဆို့မှုများ ကြုံတွေ့ခဲ့ရကြောင်း သိရသည်။

ထို့ပြင် တာမွေအဝိုင်းထိပ်၊ သမိန်ဗရမ်းလမ်း၊ ခြောက်ထပ်ကြီးဘုရားအနီး၊ ဦးချစ်မောင်လမ်း၊ မြောက်မြင်းပြိုင်ကွင်းလမ်း၊ မြေနီကုန်းဒဂုံစင်တာရှေ့၊ စမ်းချောင်းဗဟိုလမ်း၊ လှည်းတန်း၊ လှိုင်မြို့နယ် အေးရိပ်မွန်အိမ်ရာ တစ်ဝိုက်၊ သမိုင်းလမ်းဆုံနှင့် ဘုရင့်နောင် တို့တွင်လည်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ပြီး မင်္ဂလာတောင်ညွန့်မြို့နယ်၊ တာမွေမြို့နယ်နှင့် ရန်ကင်းမြို့နယ် အဝိုင်းလေး ကားမှတ်တိုင်အနီးရှိ နေရာများတွင်ရေကြီးရေလျှံမှု၊ ယာဉ်ကြောပိတ်ဆို့မှု အများဆုံးဖြစ်ပွား ခဲ့ကြောင်းသိရသည်။

''အဓိကကတော့ ရေမြောင်းတွေထဲကို အမှိုက်ပစ်တာတွေ ကြောင့်ပါ။ ကျွန်တော်ကနေ့တိုင်း လိုလိုမိုးကောင်းလမ်းကြီးက နေသွားနေတာပါ။ အခုမိုးအရမ်းရွာတော့ ကားလမ်းပေါ်မှာ ရေပြည့်ပြီးကားတွေ သွားလို့မရတော့ဘူး။ ရေကြီးတာနဲ့ ကားလမ်းတွေပေါ်မှာ အမှိုက်တွေပါ ပါလာတယ်။ ဒီနေရာကအရင်နှစ်တွေကလည်း ကားလမ်းပေါ် ရေကျော်တယ်။ ဒါပေမဲ့ အခုလောက်မဆိုးဘူး။ ရွာတဲ့မိုးကသည်းတော့ သွားရလာရတာ အခက်အခဲဖြစ် သွားတာပါ''ဟု အငှားယာဉ်မောင်းတစ်ဦးက ပြောသည်။

ယာဉ်ကြောပိတ်ဆို့မှုများကို အမြန်ဆုံးရှင်းလင်းနိုင်ရန်နှင့် ယာဉ်မောင်းသူများ အခက်အခဲမဖြစ်ပေါ် စေရန်အတွက် ယာဉ်ထိန်းရဲတပ်ဖွဲ့ ဝင်များက ဆောင်ရွက်ပေးလျက်ရှိရာ ယာဉ်ထိန်းတပ်ဖွဲ့ဝင်တစ်ဦးက ''ကျွန်တော်တို့ယာဉ်မောင်းတွေနဲ့ ယာဉ်တွေ အန္တရာယ်မရှိအောင် ဆောင်ရွက်နေတာပါ။ ရေက ၃ ပေလောက် ကားလမ်းပေါ် ရောက်နေတော့ ကားလေးတွေ သွားလို့အဆင်မပြေဘူး။ အချို့ယာဉ်မောင်းတွေက မသွားဖို့တားနေတဲ့ ကြားကသွား ကြတယ်။ အလယ်နားရောက်တော့ ကားအင်ဂျင်ကရပ်ပြီးတော့ လမ်းပိတ်တာတွေ ဖြစ်ကြပါတယ်'' ဟုပြောသည်။

မိုးရွာသွန်းမှုကြောင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင်လည်း ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ပြီး လေဆိပ်နားနေဆောင်များ အတွင်းသို့ရေများ ဝင်ရောက်ခဲ့သဖြင့် ရှင်းလင်းမှုများ လုပ်ဆောင်ခဲ့ရကြောင်း သိရသည်။ လက်ရှိအချိန်တွင် ရေကြီးရေလျှံမှုဆိုးရွားစွာ ဖြစ်ပေါ်ခဲ့သောနေရာ များသို့ မြို့နယ်စည်ပင် သာယာရေးကော်မတီမှ တာဝန်ရှိသူများ သွားရောက်၍ ရေမြောင်းများ ရှင်းလင်းခြင်းနှင့် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...