Social Icons

Pages

Saturday, May 20, 2017

KIA အကြမ်းဖက် သောင်းကျန်းသူများက မြတ်မန္တလာထွန်း ခရီးသည်တင်ယာဉ်အား အကြမ်းဖက်မီးရှို့ဖျက်ဆီးပြီး ဆက်ကြေးကောက်ခံသည့် ခြိမ်းခြောက်စာပေးခဲ့



KIAအကြမ်းဖက် သောင်းကျန်းသူများက မီးရှို့ဖျက်ဆီးထားသည့် မြတ်မန္တလာထွန်း ခရီးသည်တင်ယာဉ်ကို တွေ့ရစဉ်။

KIAအကြမ်းဖက် သောင်းကျန်းသူများက မီးရှို့ဖျက်ဆီးထားသည့် မြတ်မန္တလာထွန်း ခရီးသည်တင်ယာဉ် မီးလောင်နေသည် ကိုတွေ့ရစဉ်။

KIAအကြမ်းဖက်သောင်းကျန်းသူများ၏ ဆက်ကြေးကောက်ခံသည့် ခြိမ်းခြောက်စာကိုတွေ့ရစဉ်။

နေပြည်တော် ၂၀-၅-၂၀၁၇

ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ အတွင်း မူဆယ်မှ မန္တလေးဘက်သို့ မောင်းနှင်လာသည့် ခရီးသည်များ လိုက်ပါစီးနင်းလာသော မြတ်မန္တလာထွန်းခရီးသည် တင်ယာဉ်အား KIA အကြမ်းဖက် သောင်းကျန်းသူ အင်အား ၁ဝ ဦးခန့်က ယနေ့ညနေ ၃ နာရီ မိနစ် ၂ဝ ခန့်တွင် မူဆယ်မြို့၊ ခိုမုန်းကျေးရွာအနီး မန္တလေး-လားရှိုး-မူဆယ်ပြည်ထောင်စု ကားလမ်းမကြီး မိုင်တိုင်အမှတ် ၂၅၇ နေရာ၌ ယာဉ်အား ဓာတ်ဆီများဖြင့် ဖျန်း၍ မီးရှို့ဖျက်ဆီးကာ ယာဉ်မောင်း သမားထံသို့ ဆက်ကြေး ကောက်ခံသည့် ခြိမ်းခြောက်စာ တစ်စောင်ပေးပြီး အရှေ့ဘက်သို့ ဆုတ်ခွာသွားခဲ့သည်။

ဖြစ်စဉ်တွင် လူထိခိုက်ဒဏ်ရာ ရရှိမှုမရှိသော်လည်း အပြစ်မဲ့ခရီးသွား ပြည်သူများ၏ ခရီးဆောင်အိတ်များနှင့် လူအသုံးအဆောင်ပစ္စည်းများ မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ရသည်။

ယာဉ်မောင်းထံသို့ အကြမ်းဖက် သောင်းကျန်းသူများ ပေးခဲ့သော ဆက်ကြေးကောက်ခံသည့် ခြိမ်းခြောက်စာတွင် ''သက်ဆိုင်ရာ ကားကြီးကွင်းများ (မူဆယ်၊ ကွတ်ခိုင်ပြည်ထောင်စု ကားလမ်းမကြီး) မိမိ KIA ကွတ်ခိုင်ခရိုင်အမှတ် (၉) တပ်ရင်းတွင် နှစ်စဉ်၊ နှစ်တိုင်း ဆောင်ရွက်လျက်ရှိသော အခွန်များကို ဆောင်ရွက်ခြင်း မပြုသေးပါက ၁၈-၅-၂ဝ၁၇ ရက်မှစ၍ အရေးယူသွားမည် ဖြစ်ကြောင်း သတိပေးလိုက်သည်''ဟု ခြိမ်းခြောက်ကာ ဆက်ကြေး ကောက်ခံတောင်းဆို ထားသည်ကို တွေ့ရှိရသည်။

ဖြစ်စဉ်ဖြစ်ပွားရာ နေရာတစ်ဝိုက်နှင့် အကြမ်းဖက် သောင်းကျန်းသူများ ဆုတ်ခွာထွက်ပြေးရာ နောက်သို့ တပ်မတော် စစ်ကြောင်းများက လိုက်လံရှင်းလင်းလျက် ရှိကြောင်း သိရှိရသည်။

ပြည်သူလူထု တစ်ရပ်လုံးက လိုလားတောင့်တ လျက်ရှိသည့် ထာဝရငြိမ်းချမ်းရေး ရရှိရန် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်နေချိန်တွင် KIA အကြမ်းဖက် သောင်းကျန်းသူများက ယခုကဲ့သို့ ရှမ်းပြည်နယ် အရှေ့မြောက် ဒေသအတွင်း ခရီးသည်ယာဉ်အား မီးရှို့ဖျက်ဆီးပြီး ခြိမ်းခြောက်ဆက်ကြေး ကောက်ခံခြင်းသည် ပြည်ထောင်စု ကားလမ်းမကြီးပေါ်တွင် တိုင်းရင်းသားပြည်သူများ၏ ခရီးသွားလာမှု၊ နယ်စပ်ဒေသ ကုန်စည်စီးဆင်းမှုကို များစွာအနှောင့်အယှက် ဖြစ်စေသည့်အပြင် နယ်မြေဒေသ တည်ငြိမ်အေးချမ်းမှု ကိုပါ ထိခိုက်စေသောကြောင့် တပ်မတော်အနေဖြင့် ပြည်သူလူထု၏ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရေး၊ နယ်မြေဒေသ လုံခြုံရေးတို့ အတွက် အစွမ်းကုန်ကြိုးပမ်း လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...