Social Icons

Pages

Saturday, May 20, 2017

တပ်မတော်အချင်းချင်း ရင်းနှီးမှုကနေ နိုင်ငံအချင်းချင်း ရင်းနှီးမှုကိုပိုမိုရရှိနိုင်



တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ စစ်သံ (ကြည်း၊ရေ၊လေ) ၏ နေအိမ်၌ သံရုံး ၊ စစ်သံရုံး မိသားစုများအား တွေ့ဆုံစဉ်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇနီးဒေါ်ကြူကြူလှတို့က သံအမတ်ကြီး ဦးဝင်းနိုင်နှင့် ဇနီးတို့ကို စားသောက်ဖွယ်ရာများ ပေးအပ်စဉ်။

နေပြည်တော် ၂၀-၅-၂၀၁၇

ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပပြုလုပ်သည့် (၁၄) ကြိမ်မြောက် အာဆီယံတပ်မတော် ကာကွယ်ရေးဦးစီးချုပ်များ အလွတ်သဘောအစည်းအဝေး (14th ACDFIM) သို့တက်ရောက်ခဲ့သည့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇနီးဒေါ်ကြူကြူလှနှင့် တပ်မတော်အရာရှိကြီးများ လိုက်ပါ၍ ယနေ့ဒေသ စံတော်ချိန် ည ၇ နာရီတွင် ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံစစ်သံ (ကြည်း၊ရေ၊လေ) ၏ နေအိမ်သို့ရောက် ရှိကြရာ သံအမတ်ကြီး ဦးဝင်းနိုင်နှင့်ဇနီး၊ စစ်သံမှူး ဗိုလ်မှူးကြီး ၀င်းမြတ်နှင့် သံရုံးမိသားစုများက ကြိုဆို နှုတ်ဆက်ကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က အမှာစကား ပြောကြားရာတွင် ယခုခရီးစဉ်သည် အာဆီယံတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်များ အလွတ်သဘောအစည်းအဝေး (14th ACDFIM) အားတက်ရောက်ရန် အတွက် လာရောက်ခဲ့ခြင်းဖြစ်ပြီး အစည်းအဝေးတွင် ရလဒ်ကောင်းများ ရရှိခဲ့ကြောင်း၊ အာဆီယံတပ်မတော် အချင်းချင်းချစ်ကြည်ရင်းနှီးမှု ပိုမိုရရှိသဖြင့် အာဆီယံနိုင်ငံများ အချင်းချင်းလည်း ရင်းနှီးမှုကို ပိုမိုတိုးတက်ခိုင်မာ စေကြောင်း၊ တပ်မတော်ခေါင်းဆောင်များ အချင်းချင်း တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နိုင်ပြီး ရင်းနှီးမှု၊ ယုံကြည်မှုများ တည်ဆောက်နိုင်ခဲ့ကြောင်း၊ တပ်မတော်နှစ်ရပ် အကြားရင်းနှီးမှုမှ နိုင်ငံအချင်းချင်း ရင်းနှီးခိုင်မာမှုကို အထောက်အကူပြုကြောင်း၊ တစ်နိုင်ငံနှင့်တစ်နိုင်ငံ နိုင်ငံရေးဦးတည်ချက်များ မတူညီကြောင်း၊ သို့သော် အာဆီယံနိုင်ငံများမှ တပ်မတော်များသည် အတူတူပင် ဖြစ်ကြောင်း၊ အာဆီယံအသိုက်အ၀န်း အတွင်း အတူတကွ နေထိုင်ကြသောကြောင့် အဆင်ပြေအောင် နေထိုင်ကြရမည် ဖြစ်ကြောင်းဦးစွာ ပြောကြားသည်။

ဆက်လက်ပြီး စစ်သံရုံးအနေဖြင့် မြန်မာ-ဖိလစ်ပိုင် တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက် ခိုင်မာအောင် ဆောင်ရွက်ရန် လိုကြောင်း၊ သံရုံး၊ စစ်သံရုံး မိသားစုများအနေဖြင့် အင်္ဂလိပ်စာ၊ ဒေသခံ ဖိလစ်ပိုင်ဘာသာ စကားနှင့်ကွန်ပျူတာ အသုံးပြုမှုများ ကျွမ်းကျင်အောင် လေ့လာသင်ယူရန် လိုကြောင်း၊ ထိုသို့ဆောင်ရွက် ခြင်းဖြင့် နိုင်ငံတော်နှင့် တပ်မတော်အတွက် အကျိုးရှိယုံမက မိမိအတွက်ပါ အကျိုးရှိ စေကြောင်း၊ ကျန်းမာရေးကိုလည်း ဂရုစိုက်ရန် လိုအပ်ကြောင်း၊ မိမိတို့ဒေသ မဟုတ်သဖြင့် ဆေးဝါးကုသရာတွင် အခက်အခဲ များရှိကြောင်း၊ သံအမတ်ကြီးသည် နိုင်ငံကိုယ်စားပြုသူ ဖြစ်၍ သံအမတ်ကြီး ဦးဆောင်မှုဖြင့် နိုင်ငံအကျိုးရှိအောင် လုပ်ဆောင်ကြရန် လိုအပ်ကြောင်း၊ အားလုံးစည်းစည်းလုံးလုံး ရှိကြရန်လိုအပ်ကြောင်း၊ ဦးစီးလုပ်ငန်းများ ကိုလည်း မှန်မှန်ကန်ကန် လိုက်နာလုပ်ဆောင် သွားရန်လိုကြောင်း ပြောကြားသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်ဇနီးတို့က စားသောက်ဖွယ်ရာများ၊ လက်ဆောင်ပစ္စည်း များနှင့် တပ်မတော်အထည်ချုပ် စက်ရုံများမှ ချုပ်လုပ်သည့် အ၀တ်အထည်များ အားပေးအပ်ကြရာ သံအမတ်ကြီး ဦးဝင်းနိုင်နှင့်ဇနီး၊ စစ်သံမှူး ဗိုလ်မှူးကြီး ၀င်းမြတ်နှင့် သံရုံး၊ စစ်သံရုံးမိသားစုများက လက်ခံရယူခဲ့ကြသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...