Social Icons

Pages

Friday, May 19, 2017

ကမ္ဘာနှင့်တစ်ဝန်းမှ အသိအမှတ်ပြုလာစေဖို့ မိတ်ဖက်နိုင်ငံများ အကြားပူးပေါင်းကာ ပြောင်းလဲမှုများ ဖော်ဆောင်ကြပါစို့


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် (၁၄) ကြိမ်မြောက် အာဆီယံတပ်မတော် ကာကွယ်ရေးဦးစီးချုပ်များ အလွတ်သဘောအစည်းအဝေး (14th ACDFIM) သို့ တက်ရောက်စဉ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် (၁၄) ကြိမ်မြောက် အာဆီယံတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ အလွတ်သဘော အစည်းအဝေး (14th ACDFIM) ပူးတွဲကြေညာချက်အား လက်မှတ်ရေးထိုးစဉ်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် မလေးရှားတပ်မတော်ကာကွယ်ရေးဦးစီးချုပ် Gen. Tan Sri Raja Mohamad Affandi bin တို့တွေ့ဆုံဆွေးနွေးစဉ်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ် မတော်ကိုယ်စားလှယ်အဖွဲ့ နှင့် ကမ္ဘောဒီးယားဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် Gen. Eth Sarath ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့တို့ တွေ့ဆုံဆွေးနွေးစဉ်။

နေပြည်တော် ၁၉-၅-၂၀၁၇

အာဆီယံတပ်မတော် ကာကွယ်ရေးဦးစီးချုပ်များ၏ နီးကပ်စွာပူးပေါင်း ဆောင်ရွက်မှုများဖြင့် အာဆီယံဒေသ အတွက်အရေးကြီးသည့် လုပ်ငန်းများစွာကို ဆောင်ရွက်နိုင်မည် ဖြစ်သည့်အပြင် ” ကမ္ဘာနှင့်တစ်ဝန်းမှ အသိအမှတ် ပြုလာစေဖို့ မိတ်ဖက်နိုင်ငံများ အကြားပူးပေါင်းကာ ပြောင်းလဲမှုများ ဖော်ဆောင်ကြပါစို့ ”ဟူသည့် ယခုနှစ် အစည်းအဝေးဆောင်ပုဒ် နှင့်အညီအောင်မြင်စွာ ဖော်ဆောင်နိုင်မည်ဟု ယုံကြည်ကြောင်းဖြင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့ဒေသစံတော်ချိန် နံနက် ၈ နာရီခွဲတွင် ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့ရှိ Sofitel Hotel ရှိ Visayas Ballroom ၌ ကျင်းပပြုလုပ်သော (၁၄) ကြိမ်မြောက် အာဆီယံ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်များ အလွတ်သဘော အစည်းအဝေး (14th ACDFIM) တွင် ဆွေးနွေး ပြောကြားသည်။

အဆိုပါ အစည်းအဝေးသို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် မြန်မာ့ တပ်မတော် ကိုယ်စားလှယ် အဖွဲ့ဝင်များ၊ အာဆီယံတပ်မတော် ကာကွယ်ရေး ဦးစီးချုပ်များနှင့် ကိုယ်စားလှယ် အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ဦးစွာ အစည်းအဝေးသဘာပတိ ဖိလစ်ပိုင်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် Gen. Eduardo M.Ano က (၁၄) ကြိမ်မြောက် အာဆီယံတပ်မတော် ကာကွယ်ရေးဦးစီးချုပ်များ အလွတ်သဘော အစည်းအဝေး (14th ACDFIM) အဖွင့်အမှာစကား ပြောကြားသည်။

ဆက်လက်ပြီး 14th ASEAN Military Intelligence Informal Meeting နှင့်ပတ်သက်၍ ဖိလစ်ပိုင် တပ်မတော်မှ Deputy Chief for Staff (Intelligence) ကလည်းကောင်း၊ 6th ASEAN Military Operations Informal Meeting နှင့်ပတ်သက်၍ ဖိလစ်ပိုင်တပ်မတော်မှ Deputy Chief for Staff (Operations) က လည်းကောင်း အစည်းအဝေး ရလဒ်များကို တင်ပြကြသည်။

ယင်းနောက် အစည်းအဝေး သဘာပတိ ဖိလစ်ပိုင်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် Gen. EDUARDO M. ANO ဦးဆောင်၍ တက်ရောက် လာကြသည့် အာဆီယံနိုင်ငံများမှ တပ်မတော်အကြီး အကဲများက သက်ဆိုင်ရာ ခေါင်းစဉ်များအား နိုင်ငံအက္ခရာစဉ် အလိုက်ဆွေးနွေးကြသည်။

ထိုသို့ဆွေးနွေးရာတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အရှေ့တောင် အာရှဒေသအတွင်း ရေကြောင်းလုံခြုံရေး ဆိုင်ရာကိစ္စရပ်များနှင့် ပူးပေါင်းဆောင်ရွက် နိုင်မှုနည်းလမ်းများနှင့် ပတ်သက်၍ ဆွေးနွေးရာတွင် ပင်လယ်ရေကြောင်း လုံခြုံမှု၏ စိန်ခေါ်မှုများမှာ အသွင်မျိုးစုံဖြင့် ခြိမ်းခြောက်လျက် ရှိကြောင်း၊ ပင်လယ်ဓားပြမှုနှင့် လက်နက်ကိုင် လုယက်မှု၊ အကြမ်းဖက်တိုက်ခိုက်မှု၊ မူးယစ်ဆေးဝါးနှင့် လက်နက်ကိုင် မှောင်ခိုကူးခြင်း၊ လူကုန်ကူးခြင်း စသည်ဖြင့် မမျှော်မှန်းနိုင်သော အခြေအနေများ ပေါ်ပေါက် လာနိုင်ကြောင်း၊ အဆိုပါစိန်ခေါ်မှုများသည် သမားရိုးကျ ခြိမ်းခြောက်မှုများ၊ သမားရိုးကျမဟုတ်သော ခြိမ်းခြောက်မှု များနှင့်အတူ ဆက်စပ်ဖြစ်ပေါ် လေ့ရှိပြီး အာဆီယံဒေသ၏ ပင်လယ်ရေကြောင်း ၀န်းကျင်တွင် ခန့်မှန်း၍ မရနိုင်သော လုံခြုံရေးပြဿနာ များပင်ဖြစ်ကြောင်း၊ အရှေ့တောင်အာရှ ဒေသအတွင်းရှိ ပင်လယ် သမုဒ္ဒရာများ၏ လုံခြုံရေးနှင့် ဘေးအန္တရာယ် ကင်းရှင်းမှု ဆောင်ရွက်ခြင်းသည် ဒေသအတွင်းရှိ ပင်လယ်ရေကြောင်း စီးပွားရေး လမ်းကြောင်းများကို လုံခြုံဘေးကင်း စေသည်သာမက ဒေသအတွင်းတည်ငြိမ် အေးချမ်းမှုကို များစွာ အထောက်အကူ ဖြစ်စေကြောင်း ဆွေးနွေး ပြောကြားသည်။

ဆက်လက်ပြီး နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွင် ပင်လယ်ရေကြောင်း ဆိုင်ရာပတ်ဝန်းကျင် (Maritime Environment) ၏ အရေးပါမှု အခန်းကဏ္ဍ၊ ပထ၀ီဝင် အနေအထားအရ မြန်မာ့ပင်လယ်ပြင်သည် အင်ဒို-ပစိဖိတ်ဒေသ တွင်အဓိက အရေးပါသော နေရာတွင်တည်ရှိပြီး ပင်လယ်ရေကြောင်း အကျိုးစီးပွားနှင့် အလားအလာ ကောင်းများစွာရှိမှု၊ ဒေသတွင်း ပင်လယ်ရေကြောင်း လုံခြုံရေးအတွက် မြန်မာ့တပ်မတော် အနေဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်နေမှု၊ အာဆီယံနိုင်ငံများ နှင့်အတူတကွ လက်တွဲ ဆောင်ရွက်နေမှု၊ ပင်လယ်ပြင်ဆိုင်ရာ ရှာဖွေကယ်ဆယ်ရေး ပေါင်းစပ်ညှိနှိုင်း ကွပ်ကဲမှု ဌာနချုပ်ဖွင့်လှစ် ထားပြီး နိုင်ငံတကာ ရေကြောင်း ကိစ္စရပ်များ တွင်လည်း ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းပြောကြား၍ အာဆီယံ ဒေသပိုမိုဖွံ့ဖြိုးပြီး အင်အားတောင့်တင်း စေရေး၊ အပြောင်းအလဲများ အားအောင်မြင်စွာ ရင်ဆိုင်ကျော်လွှား နိုင်ရေးနှင့် တည်ငြိမ်အေးချမ်းမှု ပိုမိုရရှိ စေရေးအတွက် အာဆီယံ မိတ်ဖက်အဖွဲ့ဝင် နိုင်ငံများအကြား ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက် သွားရန်လိုအပ်ပြီး အာဆီယံဒေသအတွင်း တပ်မတော်များအချင်းချင်း နီးကပ်စွာပူးပေါင်း ဆောင်ရွက်မှုများကို ပိုမိုမြှင့်တင်သွားရန် တိုက်တွန်းပြောကြားသည်။

၎င်းနောက်အာဆီယံ တပ်မတော်များ၏ ၂၀၁၇-၂၀၁၈ နှစ်နှစ်လုပ်ငန်း စီမံချက် အားဆွေးနွေးကြပြီး (၁၄) ကြိမ်မြောက် အာဆီယံတပ်မတော် ကာကွယ်ရေး ဦးစီးချုပ်များ အလွတ်သဘော အစည်းအဝေး (14th ACDFIM) ပူးတွဲကြေငြာချက် အားလက်မှတ် ရေးထိုးကြသည်။

ထို့နောက် ဖိလစ်ပိုင်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က နိဂုံးချုပ်နှုတ်ခွန်းဆက် စကားပြောကြားပြီး (၁၅) ကြိမ်မြောက် အာဆီယံတပ်မတော် ကာကွယ်ရေးဦးစီးချုပ်များ အလွတ်သဘော အစည်းအဝေး (15th ACDFIM) ကိုအိမ်ရှင် အဖြစ်လက်ခံ ကျင်းပမည့် စင်္ကာပူနိုင်ငံ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် Lt. Gen. Perry Lim ထံသို့ တာဝန်လွှဲပြောင်း ပေးအပ်သည်။

ယင်းနောက် စင်္ကာပူနိုင်ငံ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် Lt. Gen. Perry Lim ကလက်ခံနှုတ်ခွန်းဆက် စကားပြောကြားသည်။ ထို့နောက် အာဆီယံတပ်မတော် ကာကွယ်ရေးဦးစီးချုပ် များသည် အမှတ်တရစုပေါင်း ဓာတ်ပုံရိုက်ကြပြီး အစည်းအဝေးအား ရုပ်သိမ်းခဲ့သည်။

ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ညနေပိုင်းတွင် မလေးရှား တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် Gen. Tan Sri Raja Mohamad Affandi bin နှင့်လည်းကောင်း၊ ဗီယက်နမ်ပြည်သူ့ တပ်မတော်၊ ကာကွယ်ရေး ဒုတိယ၀န်ကြီးနှင့် စစ်ဦးစီးအရာရှိချုပ် Lt. Gen. Phan Van Giang ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ နှင့်လည်းကောင်း၊ ကမ္ဘောဒီးယား ဘုရင့်တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် Gen. Eth Sarath ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် လည်းကောင်းနိုင်ငံအလိုက် သီးခြားစီ တွေ့ဆုံ၍ နှစ်နိုင်ငံတပ်မတော် နှစ်ရပ်အကြား ချစ်ကြည်ရေးခရီးအပြန် အလှန်လည်ပတ်ရေး၊ သင်တန်းသားများ အပြန်အလှန်စေလွှတ်ရေး၊ လုံခြုံရေးပူးပေါင်း ဆောင်ရွက်မှုနှင့် အကြမ်းဖက်မှု တိုက်ဖျက်ရေးဆိုင်ရာ ကိစ္စရပ်များ အားဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲများအပြီးတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် အာဆီယံနိုင်ငံများမှ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်များနှင့် အထိမ်းအမှတ် တံဆိပ်များ အပြန်အလှန်ပေးအပ်ပြီး စုပေါင်းဓာတ်ပုံ ရိုက်ခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...