Social Icons

Pages

Sunday, April 30, 2017

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဂျာမနီနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန State Secretary ဖြစ်သူ Dr. Markus EDERER နှင့် တွေ့ဆုံဆွေးနွေး


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဂျာမနီနိုင်ငံ State Secretary  ဖြစ်သူ Dr. Markus EDERER တို့တွေ့ဆုံ ဆွေးနွေးစဉ်။

နေပြည်တော် ၃၀-၄-၂၀၁၇

ဂျာမနီနိုင်ငံသို့ တရားဝင် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဧပြီ ၂၈ ရက် ဒေသ စံတော်ချိန် နံနက် ၁၁ နာရီတွင် ဂျာမနီနိုင်ငံ Federal Foreign Office ၏ State Secretary Dr. Markus EDERER နှင့် ဘာလင်မြို့ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ တွေ့ဆုံဆွေးနွေးသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီးမြထွန်းဦးနှင့် တပ်မတော်အရာရှိကြီးများ၊ ဂျာမနီနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဒေါ်ယဉ်ယဉ်မြင့်နှင့် မြန်မာစစ်သံ (ကြည်း၊ရေ၊ လေ) ဗိုလ်မှူးချုပ် အောင်ကျော်မိုးတို့ ပါဝင်တက်ရောက်ခဲ့ပြီး ဂျာမနီဘက်မှ State Secretary Dr. Markus EDERER နှင့်အတူ နိုင်ငံခြားရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူ များ တက်ရောက်ကြသည်။

တွေ့ဆုံဆွေးနွေးရာတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ယခုခရီးစဉ်၏ ရည်ရွယ်ချက်မှာ ဂျာမနီနှင့် မြန်မာတပ်မတော် နှစ်ရပ်အကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့် တည်ဆောက်နိုင်ရန် ဖြစ်ပြီး အဆိုပါတပ်မတော် နှစ်ရပ်ဆက်ဆံရေးအနေဖြင့် နှစ်နိုင်ငံဆက်ဆံရေးကို အထောက်အကူဖြစ်စေရန် ဖြစ်ပါကြောင်း ပြောကြားကာ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြောင်းလဲမှု အခြေအနေများနှင့် ငြိမ်းချမ်းရေး တည်ဆောက်မှု အခြေအနေများ၊ နယ်စပ်ဒေသ အခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားသည်။

ထို့နောက် ဂျာမနီနိုင်ငံ၏ State Secretary ဖြစ်သူ Dr. Markus EDERER က ပြန်လည်ပြောကြားရာတွင် ယခုကဲ့သို့ တွေ့ဆုံဆွေးနွေးခွင့်ရရှိသည့်အတွက် များစွာဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ နှစ်နိုင်ငံတပ်မတော် နှစ်ရပ်အကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက် ကောင်းမွန်လာမည် ဟုလည်း ယုံကြည်ပါကြောင်း၊ မြန်မာနိုင်ငံနှင့် ပတ်သက်၍ လိုအပ်သည့် နယ်ပယ်များတွင် ကူညီထောက်ပံ့မှုများ ပြုလုပ်ရန်လည်း အစီအစဉ်များ ရှိပါကြောင်းဖြင့် ပြန်လည်ပြောကြားသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် State Secretary Dr. Markus EDERER တို့သည် အထိမ်းအမှတ်တံဆိပ်များ အပြန်အလှန်ပေးအပ်ကြပြီး အမှတ်တရဓာတ်ပုံ ရိုက်ကူးခဲ့ကြောင်း သတင်းရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...