Social Icons

Pages

Sunday, April 30, 2017

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ ဂျာမနီ တပ်မတော်လေ့ကျင့်ရေး သင်တန်းကျောင်းသို့ သွားရောက်လေ့လာ


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အဖွဲ့ ဂျာမနီတပ်မတော်လေ့ကျင့်ရေး သင်တန်းကျောင်း (Army Combat Training Center)အတွင်း လေ့လာစဉ်။


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ ဂျာမနီနိုင်ငံဆိုင်ရာမြန်မာနိုင်ငံသံရုံး၊ စစ်သံရုံးမိသားစုများကိုတွေ့ဆုံစဉ်။


တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ သံရုံးမိသားစု များအတွက် စားသောက်ဖွယ်ရာများနှင့်လက်ဆောင်ပစ္စည်းများပေးအပ်စဉ်။

နေပြည်တော် ၃၀-၄-၂၀၁၇

ဂျာမနီနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေး ခရီးစဉ်ရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော်ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် ဧပြီ ၂၈ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီ ၂၅ မိနစ်တွင် ဘာလင်မြို့၊ Tegel လေဆိပ် တပ်မတော်လေယာဉ်ကွင်းမှ ရဟတ်ယာဉ်ဖြင့် ထွက်ခွာခဲ့ပြီး ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီတွင် Letzlingen ကျေးရွာရှိ ဂျာမနီတပ်မတော် လေ့ကျင့်ရေး သင်တန်းကျောင်း (Army Combat Training Center) သို့ ရောက်ရှိရာ ကျောင်းအုပ်ကြီးဖြစ်သူ Colonel Alexander Becker နှင့် တာဝန်ရှိသူများက ကြိုဆိုကြသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အဖွဲ့ဝင်များအား Army Combat Training Center ၏ ကျောင်းအုပ်ကြီးဖြစ်သူ Colonel Alexander Becker မှ နေ့လယ်စာ ဖြင့်တည်ခင်း ဧည့်ခံပြီး လေ့ကျင့်ရေး ဆိုင်ရာများအား Power Point ဖြင့်ရှင်းလင်းတင်ပြရာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် တပ်မတော် အရာရှိကြီးများက သိရှိလိုသည်များကို မေးမြန်း ဆွေးနွေးသည်။

ထို့နောက် မြန်မာ့တပ်မတော်ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် အဆင့်မြင့် နည်းပညာသုံး လေ့ကျင့်မှု နည်းစနစ်များ၊ Simulator အသုံးပြုလေ့ကျင့်မှု စနစ်များ၊ မြို့ပြပုံစံ တည်ဆောက်လေ့ကျင့်ရေး ကွင်းများသို့ သွားရောက် လေ့လာကြည့်ရှုရာ သက်ဆိုင်ရာ ကဏ္ဍရပ်များအလိုက် တာဝန်ရှိသူများက ရှင်းလင်းတင်ပြ ကြသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် Army Combat Training Center ၏ ဧည့်သည်တော် မှတ်တမ်းတွင် လက်မှတ်ရေးထိုးကာ ကျောင်းအုပ်ကြီးဖြစ်သူ Colonel Alexander Becker နှင့် တာဝန်ရှိသူများအား အထိမ်းအမှတ်တံဆိပ်များ ပေးအပ်ခဲ့သည်။

ယင်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် ဒေသစံတော်ချိန် ည ၈ နာရီတွင် ဂျာမနီ နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး နေအိမ်သို့ ရောက်ရှိကြရာ သံအမတ်ကြီး ဒေါ်ယဉ်ယဉ်မြင့်၊ မြန်မာစစ်သံ (ကြည်း၊ရေ၊လေ) ဗိုလ်မှူးချုပ် အောင်ကျော်မိုး နှင့်ဇနီး၊ သံရုံး၊ စစ်သံရုံး မိသားစုများက ကြိုဆို နှုတ်ဆက်ကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က အမှာစကား ပြောကြားရာတွင် မြန်မာနိုင်ငံနှင့် ဂျာမနီနိုင်ငံတို့သည် ရှေးယခင်ကပင် ဆက်ဆံရေး ကောင်းမွန်သည့် မိတ်ဆွေနိုင်ငံများ ဖြစ်ကြပါကြောင်း၊ ယခုခရီးစဉ် အနေဖြင့်လည်း တပ်မတော်နှစ်ရပ် အကြားဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့် တည်ဆောက်နိုင်ရန် ဖြစ်ပါကြောင်း၊ ခရီးစဉ်အတွင်း ဂျာမနီတပ်မတော် စစ်ဦးစီးချုပ် General Volker Wieker ၊ State Secretary ဖြစ်သူ Dr. Markus EDERER တို့နှင့် သီးခြားစီတွေ့ဆုံ ဆွေးနွေးခဲ့ပြီး အကျိုးကျေးဇူးများ လည်းရရှိခဲ့ပါကြောင်း၊ မိမိတို့နိုင်ငံတွင်လည်း ၂၀၁၁ ခုနှစ်မှစ၍ ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးလျှောက်လှမ်း လျက်ရှိပါကြောင်း၊ ပြည်သူတို့၏ ဆန္ဒနှင့်အညီ ရွေးချယ်ထားသည့် နိုင်ငံရေး စနစ်ခိုင်မာစေရန် တပ်မတော်အနေဖြင့် ကူညီဆောင်ရွက် လျက်ရှိပါကြောင်း၊ တပ်မတော်အနေဖြင့် အဆိုပါနိုင်ငံရေးစနစ် ပြုပြင်ပြောင်းလဲမှု ခိုင်မာစေရေး ဆောင်ရွက်လျက် ရှိပါကြောင်း၊ နိုင်ငံရေးစနစ်နှင့် လျော်ညီစွာ ပြည်တွင်း ငြိမ်းချမ်းရေးရရှိရန် အရေးကြီပါးကြောင်း၊ ထို့အတူ မိမိတို့နိုင်ငံနှင့် ကိုက်ညီသည့် ဒီမိုကရေစီစနစ် ဖြစ်ရန်လည်း အရေးကြီးပါကြောင်း၊ တပ်မတော်အနေဖြင့် နိုင်ငံတော်တည်ငြိမ် အေးချမ်းရေး၊ စည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အဓိကထား၍ ကြိုးပမ်းကူညီ ဆောင်ရွက်လျက် ရှိပါကြောင်း ပြောကြားခဲ့သည်။

၎င်းနောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်ဇနီးတို့က စားသောက်ဖွယ်ရာများ၊ လက်ဆောင် ပစ္စည်းများ၊ တပ်မတော်စက်ရုံများမှ ထုတ်လုပ်သည့် အစားအသောက်၊ အ၀တ်အထည်များအား ပေးအပ်ရာ သံအမတ်၊ စစ်သံမှူးနှင့် သံရုံး၊ စစ်သံရုံးမိသားစုများက လက်ခံရယူကြပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့်အဖွဲ့ဝင်များအား သံရုံးမိသားစုများက ညစာဖြင့် တည်ခင်းဧည့်ခံ ခဲ့ကြသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...