Social Icons

Pages

Tuesday, April 11, 2017

ဟိုပုံးမြို့နယ် နှင့် ရပ်စောက်မြို့နယ်အတွင်း တရားမ၀င်သစ်စုစုပေါင်း ၃၆၃၆ တန်နှင့်အတူ တရားမ၀င်သစ်လုပ်ငန်း လုပ်ကိုင်နေသူများနှင့် သစ်တင်ယာဉ်များအား ဖမ်းဆီးရမိ




နေပြည်တော် ၊ ၁၁-၄-၂၀၁၇

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဟိုပုံးမြို့နယ် အတွင်း နယ်မြေလုံခြုံရေး ဆောင်ရွက်နေသည့် တပ်မတော် စစ်ကြောင်းသည် ဧပြီ ၇ ရက်တွင် မိုင်းပျဉ်းကျေးရွာ၏ မြောက်ဘက် ၁ မိုင်ခန့်အကွာရှိ မိုင်းပျဉ်း-ကျိုင်းခမ်း သွားကား လမ်းပေါ်၌ တရားမဝင်သစ်များ သယ်ဆောင်လာသည့် ယာဉ်မောင်း ၁ဝ ဦးကို ခြောက်ဘီးယာဉ် တစ်စီး၊ ၁ဝ ဘီးယာဉ်ရှစ်စီး၊ ၁၂ ဘီးယာဉ်တစ်စီးနှင့် ယာဉ်များပေါ်မှ တရားမဝင် အင်ကြင်းသစ်လုံး ၅၇ တန်ခန့်နှင့် အင်ကြင်း သစ်ခွဲသား ၂ဝ တန်ခန့်တို့နှင့် အတူ ဖမ်းဆီး ရမိခဲ့သည်။

ထို့ပြင် နားလုံကျေးရွာ၏ အနောက်မြောက်ဘက် ၁ မိုင်ခန့်အကွာမှ ၁ဝ ဘီးယာဉ်နှစ်စီးနှင့် အင်သစ်လုံး ၁၈ တန်ခန့်အား လည်းကောင်း၊ ဟဲခဲကျေးရွာ တစ်ဝိုက်မှ ၁ဝ ဘီးယာဉ်သုံးစီး၊ သရီးကရောင်း ယာဉ်တစ်စီး၊ အင်သစ်လုံးနှင့် သစ်ခွဲသားဆိုဒ်စုံ ၁၇၇၅ တန်ခန့်အား လည်းကောင်း ပိုင်ရှင်မဲ့တွေ့ရှိ သိမ်းဆည်းရမိခဲ့ပြီး မိုင်းပျဉ်းကျေးရွာ၏ မြောက်ဘက် ၅ မိုင်ခန့်အကွာရှိ မနီတိုးတံတား အနီးမှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် ၁၈ ဦးတို့ကို ၁ဝ ဘီးယာဉ်ကိုးစီး၊ ခြောက်ဘီးယာဉ် တစ်စီးနှင့် ယာဉ်များပေါ်မှ အင်ခွဲသား ၆၄ တန်တို့နှင့် ထပ်မံတွေ့ရှိ ဖမ်းဆီး ရမိခဲ့သည်။

အလားတူ မိုင်းပျဉ်းကျေးရွာ၏ အရှေ့ဘက် ၅ ဖာလုံခန့်အကွာမှ ၁ဝ ဘီးယာဉ်တစ်စီး နှင့် အင်ခွဲသားဆိုဒ်စုံ ၄၂ တန်ခန့်ကို လည်းကောင်း၊ ရပ်စောက်မြို့နယ်၊ ကျိုင်းခမ်းကျေးရွာ ၏ မြောက်ဘက် ၉ မိုင်ခန့်အကွာရှိ နမ့်အက်ချောင်း နှင့် နမ့်လန်ချောင်းဆုံ အနီးရှိ တရားမဝင်သစ်စက်မှ လွှဝိုင်းနှစ်ခုနှင့် အင်ဂျင်စက်တစ်လုံး ပါဝင်သည့် သစ်ခွဲစက်တစ်လုံး နှင့် အင်သစ်လုံးနှင့် သစ်ခွဲသားဆိုဒ်စုံ ၇ဝ တန်ခန့်ကို လည်းကောင်း ပိုင်ရှင်မဲ့ ထပ်မံတွေ့ရှိ သိမ်းဆည်း ရမိခဲ့သည်။

ထို့အတူ ဧပြီ ၈ ရက်တွင် ဟိုပုံးမြို့နယ်၊ မိုင်းပျဉ်းကျေးရွာ အနီးနှင့် ဖာလိုင်ကျေးရွာ အနီးတွင် အင်ခွဲသားဆိုဒ်စုံ ၅၈ တန်၊ မြင်းကောင်ရေ ၃ဝ ကောင်ရှိ အင်ဂျင်စက် တစ်လုံးနှင့် မြင်းကောင်ရေ ၂၂ ကောင်ရှိ အင်ဂျင်စက် နှစ်လုံးနှင့် လွှဝိုင်းနှစ်ခု တို့အား လည်းကောင်း၊ ရပ်စောက်မြို့နယ်၊ ကျိုင်းခမ်းကျေးရွာ၏ အရှေ့ဘက် ၁ မိုင်ခန့်အကွာတွင် အင်သစ်လုံး ၅၇ တန်ခန့် အားလည်းကောင်း သိမ်းဆည်း ရမိခဲ့သည်။

၎င်းအပြင် ဧပြီ ၉ ရက်တွင် ဟိုပုံးမြို့နယ်၊ မိုင်းပျဉ်းကျေးရွာ အနီးတွင် အင်သစ်ခွဲသား ၃ဝ တန်ခန့်အား လည်းကောင်း၊ ဦးအိုက်စန်း၏ ခြံဝင်းအတွင်းမှ အင်ကြင်းသစ်လုံးနှင့် အင်/အင်ကြင်း ခွဲသား ၁၂ဝ တန်ခန့်၊ မိုင်းပျဉ်းနှင့် မိုင်းလန်းသွား ကားလမ်းအနီးတွင် အင်သစ်လုံးနှင့် ခွဲသား ၉၅ တန်ခန့် ခြောက်ဘီးယာဉ် တစ်စီး၊ လွှဝိုင်းတစ်ခုနှင့် သစ်ခွဲစင် (စက်မပါ) နှစ်ခုတို့အား လည်းကောင်း၊ ကြည်တော်ရွာ အနီးတွင် အင်သစ်လုံး ၄၇ဝ တန်ခန့်၊ ဖြုတ်သိမ်းထားသည့် သစ်စက်တစ်လုံး၊ လေးလုံးထိုး ကားအင်ဂျင်နှစ်လုံး နှင့် လွှဝိုင်းသုံးခု တို့အား လည်းကောင်း၊ ကြည်တော်ရွာ ဘုန်းကြီးကျောင်းတွင် တရားမဝင် သစ်ထုတ်လုပ်ရာတွင် အသုံးပြုသည့် ၁ဝ ဘီးယာဉ်တစ်စီး၊ သရီးကရောင်း ယာဉ်လေးစီး၊ ထွန်စက်တစ်စီး၊ ဝမ်မိုင်ရွာအနီးတွင် အင်သစ်လုံး ၃ဝဝ ခန့်အား လည်းကောင်း၊ ရပ်စောက် မြို့နယ်၊ ကျိုင်းခမ်းကျေးရွာ၏ မြောက်ဘက် ၁ မိုင်ခွဲခန့် အကွာနေရာမှ အင်သစ်လုံးနှင့် ခွဲသား ၁၅ဝ တန်ခန့်၊ သစ်ရာ/အင်ကြင်း သစ်လုံးနှင့် ခွဲသား ၃၅ တန်ခန့်၊ သစ်ခွဲစင် (စက်မပါ) တစ်လုံးနှင့် လွှဝိုင်းသုံးခုတို့အား လည်းကောင်း ထပ်မံသိမ်းဆည်း ရမိခဲ့သည်။

ထို့ပြင် ယမန်နေ့တွင် ဟိုပုံးမြို့နယ်၊ မိုင်းပျဉ်းကျေးရွာနှင့် နားလုံကျေးရွာ ဆက်သွယ်ထားသည့် ကားလမ်းအနီး ပိုင်ရှင်မဲ့ သစ်တင်ယာဉ် ရှစ်စီးအား လည်းကောင်း၊ ရပ်စောက်မြို့နယ်၊ ကျိုင်းခမ်း ကျေးရွာ၏ အရှေ့မြောက်ဘက် ၂ မိုင်ခန့်နေရာတွင် ပိတောက်သစ်လုံး ၁၂၄ တန်ခန့်၊ ကျွန်းသစ်လုံးနှင့် ခွဲသား ၁၂၃ တန်ခန့်၊ တမလန်းသစ်လုံး ၁၅ တန်ခန့်၊ ယင်းဒိုက်သစ်လုံး ၃ တန်ခန့်၊ မြင်းကောင်ရေ ၃၃ ကောင်အားရှိ အင်ဂျင်တစ်လုံး၊ လွှဝိုင်းတစ်ခု တို့အား လည်းကောင်း ထပ်မံသိမ်းဆည်း ရမိခဲ့သည်။

အဆိုပါ ဖမ်းဆီးရမိသည့် တရားမဝင် သစ်ထုတ်လုပ်ရာတွင် ပါဝင်ပတ်သက် သူများ၊ တရားမဝင်သစ် ၃၆၃၆ တန်၊ သစ်တင်ယာဉ် ၄၂ စီးနှင့် သစ်ထုတ်လုပ် ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်း များအား သက်ဆိုင်ရာ ပြည်နယ်သစ်တော ဦးစီးဌာနနှင့် မြို့နယ် ရဲစခန်းများသို့ စနစ်တကျ လွှဲပြောင်းအပ်နှံလျက် ရှိကြောင်း သိရှိရသည်။


မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၁)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...