Social Icons

Pages

Friday, December 2, 2016

စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၅၈)သင်တန်းဆင်းဂုဏ်ပြုစစ်ရေးပြအခမ်းအနားသို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် တက်ရောက်မိန့်ခွန်း ပြောကြား






နေပြည်တော် ၊ ၂-၁၂-၂၀၁၆

စည်းလုံးညီညွတ်မှုသည် “အား” ကိုဖြစ်စေသကဲ့သို့ စည်းလုံးညီညွတ်မှု ပျက်ပြားစေသည့် ကိစ္စရပ်များသည် ခိုင်မာညီညွတ်မှု “အား”ကို လျော့ကျထိခိုက် စေကြောင်း၊ တပ်ဖွဲ့အလိုက် စည်းလုံးညီညွတ်မှု ရှိမှ တပ်ဖွဲ့သည် “အား”ရှိလာမည် ဖြစ်ပြီး တပ်မတော် (ကြည်း၊ရေ၊လေ) တပ်ဖွဲ့အားလုံး စည်းလုံးညီညွတ်မှု ရှိမှ တပ်မတော်အတွက် “အား” ဖြစ်စေပြီး နိုင်ငံတော်တွင် လည်း နိုင်ငံသားများ၏ စည်းလုံး ညီညွတ်မှုသည် နိုင်ငံအတွက် “နိုင်ငံ့အား” ကိုဖြစ်စေ နိုင်ကြောင်း၊ စည်းလုံးညီညွတ်မှု မရှိလျှင် “နိုင်ငံ့အား” လျော့ကျလာ မည်ဖြစ် ကြောင်းဖြင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် က ယနေ့နံနက် ၇ နာရီခွဲတွင် ပြင်ဦးလွင်မြို့၊ စစ်တက္ကသိုလ် စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်သော စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၅၈) သင်တန်းဆင်း ဂုဏ်ပြု စစ်ရေးပြ အခမ်းအနား၌ မိန့်ခွန်း ပြောကြားရာတွင် ထည့်သွင်း ပြောကြားသည်။

အဆိုပါသင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြ အခမ်းအနားသို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှ၊ မန္တလေးတိုင်း ဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်၊ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် မြထွန်းဦး နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် တင်အောင်စန်း နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် ခင်အောင်မြင့် နှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) မှ တပ်မတော် အရာရှိကြီးများနှင့် ဇနီးများ၊ တိုင်းမှူးများ၊ စစ်တက္ကသိုလ် ကျောင်းအုပ်ကြီးနှင့် ပြင်ဦးလွင်တပ်နယ်မှ အရာရှိကြီးများ၊ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဆိုင်ရာ နိုင်ငံခြားစစ်သံရုံးများမှ စစ်သံမှူးများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် သင်တန်းဆင်း ဗိုလ်လောင်းများ၏ မိဘဆွေမျိုးများ တက်ရောက်ကြသည်။

ဦးစွာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်က ဗိုလ်လောင်းတပ်ရင်း များ၏ အလေးပြုခြင်းကို ခံယူပြီး ကျောင်းဆင်း ဗိုလ်လောင်းတပ်ရင်း များကို စစ်ဆေးသည်။ ထို့နောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်အား ဗိုလ်လောင်းတပ်ရင်း များက အနှေးလျှောက်၊ အမြန်လျှောက်တို့ဖြင့် ချီတက် အလေးပြုကြသည်။

ယင်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က စစ်တက္ကသိုလ် ဗိုလ်လောင်း သင်တန်းအမှတ်စဉ် (၅၈)မှ အောင်စစ်သည်ဆု ရရှိသူ ဗိုလ်လောင်းအမှတ် ၃၀၁၈၀ ဗိုလ်လောင်း ထက်မင်းပိုင်ဝင်း၊ လေ့ကျင့်ရေး ထူးချွန်ဆု ရရှိသူ ဗိုလ်လောင်းအမှတ် ၂၉၉၃၀ ဗိုလ်လောင်း ၀င်းမင်းရှိန်း၊ စာပေထူးချွန်ဆု (၀ိဇ္ဇာ) ရရှိသူ ဗိုလ်လောင်းအမှတ် ၃၀၁၉၄ ဗိုလ်လောင်း ထက်အာကာစိုး၊ စာပေထူးချွန်ဆု (သိပံ္ပ) ရရှိသူ ဗိုလ်လောင်းအမှတ် ၃၀၁၅၉ ဗိုလ်လောင်း တေဇာလင်း၊ စာပေထူးချွန်ဆု (ကွန်ပျူတာ) ရရှိသူ ဗိုလ်လောင်းအမှတ် ၃၀၆၀၄ ဗိုလ်လောင်း အောင်ကျော်ကျော် တို့အား ဆုများအသီးသီး ပေးအပ်ချီးမြှင့်သည်။






ထို့နောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် က သင်တန်းဆင်း ဗိုလ်လောင်းများအား မိန့်ခွန်းပြောကြားရာတွင် အမိစစ်တက္ကသိုလ် ၏ ရည်ရွယ်ချက်၊ ရည်မှန်းချက်များ နှင့်အညီ တပ်မတော် (ကြည်း၊ရေ၊လေ) အတွက် လိုအပ်သည့် လက်ရုံးရည်၊ နှလုံးရည် ပြည့်ဝသော အရာရှိကောင်းများ အဖြစ်၊ တပ်မတော်၏ ခေါင်းဆောင်ငယ် များအဖြစ် မွေးထုတ်ပေးခဲ့ပြီး ကျောင်းဆင်းအရာရှိများ အနေဖြင့် ခေတ်အဆက်ဆက် တပ်မတော်၏ တာဝန်၊ နိုင်ငံတော်၏ တာဝန်များကိုကျရာ ကဏ္ဍအသီးသီးတွင် ကျေပွန်အောင် ထမ်းဆောင်ခဲ့သည်ကို တွေ့မြင်ရမည် ဖြစ်ကြောင်း၊ ကျရာတာဝန်များကို ထမ်းဆောင်ရာတွင် အထက်မှ ယုံကြည်အားထား ရပြီး လက်အောက်မှ လေးစားအားကိုး ရသည့် အရာရှိ ကောင်းများ၊ ပြည်သူက ယုံကြည်အားကိုးရသည့် အရာရှိကောင်းများ ဖြစ်အောင် ကြိုးပမ်း တာဝန်ထမ်းဆောင် ကြရန် ပြောကြားသည်။



ထို့နောက် ခေါင်းဆောင်မှုနှင့် ပတ်သက်၍ပြောကြားရာ၌ တပ်မတော်တွင် ခေါင်းဆောင်ငယ်များ အဖြစ် တာဝန် ထမ်းဆောင်ကြရမည့် သူများအနေဖြင့် ခေါင်းဆောင်မှု အရည်အချင်းနှင့် ပြည့်စုံအောင် ကြိုးစား အားထုတ်ရမည် ဖြစ်ကြောင်း၊ ခေါင်းဆောင်ဟူသည် မိမိတာဝန်ပိုင်းတွင် ဦးဆောင်နိုင်သူ၊ တာဝန်ယူရဲသူ၊ တာဝန်ခံရဲသူ ဖြစ်ရန်လိုကြောင်း၊ ပေးအပ်သည့် တာဝန်များကို ကြိုးစားအားထုတ်မှု မရှိဘဲ တာဝန်ကျေ ဆောင်ရွက်ရုံဖြင့် ခေါင်းဆောင်ကောင်း တစ်ယောက်ဖြစ်မလာ နိုင်ကြောင်း၊ တပ်မတော် ခေါင်းဆောင်များသည် စစ်ရေးစွမ်းရည်၊ စည်းရုံးရေးစွမ်းရည်၊ အုပ်ချုပ်ရေးစွမ်းရည် တို့နှင့် ပြည့်စုံရန်လိုကြောင်း ပြောကြားသည်။

ဆက်လက်ပြီး အုပ်ချုပ်ရေး စွမ်းရည် နှင့်ပတ်သက်၍ ပြောကြားရာတွင် စစ်ဦးစီး၊ စစ်ရေးနှင့် စစ်ထောက် ဆိုင်ရာများ အချိတ်အဆက်မိစွာ ဆောင်ရွက်နိုင်ရန်၊ မူဝါဒနှင့် ညွှန်ကြားချက်များကို အောင်မြင်စွာ အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရန် စနစ်တကျစီမံခန့်ခွဲ နိုင်ခြင်းနှင့် ဆင့်ကဲကွပ်ကဲ ကြပ်မတ်နိုင်ခြင်း တို့လိုအပ်ကြောင်း၊ ခေါင်းဆောင်ကောင်း တစ်ယောက်အနေဖြင့် အုပ်ချုပ်ရေးတွင် ကိုယ်တိုင်လိုက်နာ လုပ်ဆောင်ခြင်း၊ စီမံဆောင်ရွက် ပေးရခြင်းအပိုင်း ၂ ပိုင်းလုံးကို လိုက်နာကျင့်ကြံ အားထုတ်ရမည် ဖြစ်ကြောင်း၊ ခေါင်းဆောင်၏ အဓိက အရည်အချင်းမှာ အကြပ်အတည်း ကာလ စီမံခန့်ခွဲမှုလုပ်ငန်းများကို ထိရောက်အောင်မြင်စွာ ဆောင်ရွက် နိုင်သည့် စွမ်းရည် (Effective Crisis Management Capacity) ပင်ဖြစ်ကြောင်း၊ အုပ်ချုပ်ရေး စွမ်းရည်ညံ့ဖျင်းပါက တပ်တွင်းစည်းလုံး ညီညွတ်မှု လျော့နည်းလာပြီး စစ်ရေးစွမ်းရည် လျော့နည်း လာမည်ကို သတိပေးလိုကြောင်း ထည့်သွင်း ပြောကြားသည်။

အရည်အချင်းနှင့် ပတ်သက်၍ ပြောကြားရာတွင် ယခုသင်တန်း စတင်ဖွင့်စဉ်က အားလုံးတူညီသော အခွင့် အရေးဖြင့် စတင်ခဲ့ကြသော်လည်း သင်တန်းဆင်းချိန်တွင် တစ်ဦးချင်း၏ ကြိုးစားအားထုတ်မှု အပေါ် မူတည်ပြီး အရည်အချင်း အလိုက်ရရှိသည့် အဆင့်များ ကွဲပြားသွားကြောင်း၊ ထို့အတူ တာဝန်ထမ်းဆောင်ရာတွင် ကြိုးစား အားထုတ်မှု၊ လုံ့လ၀ီရိယရှိမှု၊ လေ့လာမှတ်သားမှု၊ ကျန်းမာရေး ကောင်းမွန်မှု၊ စစ်စည်းကမ်း လိုက်နာမှု၊ မိမိကိုယ်မိမိ  စောင့်ထိန်းနိုင်မှုများ အပေါ်မူတည်၍ တစ်ဦးနှင့်တစ်ဦး တာဝန်ပေးအပ်ခံရမှု၊ ရာထူးတိုးတက်မှု၊ အောင်မြင်မှုစသည်ဖြင့် ကွဲခြားသွားနိုင်သောကြောင့် မိမိကိုယ်မိမိ ထိန်းသိမ်းပြီး စဉ်ဆက်မပြတ်ကြိုးစား အားထုတ်ရန်၊ မိမိတို့၏ ရည်မှန်းချက်များ မပျောက်ပျက်အောင် ဆက်လက်ကြိုးစား အားထုတ်ရန်လိုကြောင်း၊ မိမိအတွက်၊ နိုင်ငံတော်အတွက် တန်ဖိုးရှိသူများဖြစ်အောင် ကြိုးစားကြရမည် ဖြစ်ကြောင်း ပြောကြားသည်။

စည်းကမ်းလိုက်နာ ထိန်းသိမ်းမှုနှင့်ပတ်သက်၍ ပြောကြားရာတွင် စည်းကမ်းမှာ တိုက်တွန်းချက် စည်းကမ်း၊ တားမြစ်ချက်စည်းကမ်း ဆိုပြီး နှစ်မျိုးရှိကြောင်း၊ လုပ်သင့်လုပ်ထိုက် သည်များကိုလုပ်ရန် အတွက် တိုက်တွန်းချက် စည်းကမ်းနှင့် မလုပ်သင့် မလုပ်ထိုက်သည်များကို တားမြစ်သည့် တားမြစ်ချက် စည်းကမ်းပင် ဖြစ်ကြောင်း၊ အခိုင်မာဆုံးရှိသည့် စည်းကမ်းများသည် အစဉ်အလာအဖြစ် နှင့်တပ်မတော်တွင် ကျောရိုးမဏ္ဍိုင် အဖြစ်ရှိနေသည် ကိုတွေ့ရမှာဖြစ်ကြောင်း၊ စစ်မြေပြင်တွင်စစ်မြေပြင် စည်းကမ်းအတိုင်း လုပ်ဆောင်ခြင်း မရှိပါက ကြီးမားသည့် ပေးဆပ်မှုများပေးဆပ်ရမှာ ဖြစ်ကြောင်း၊ လုပ်ငန်းတာဝန် ထမ်းဆောင် ရာတွင်လည်း စည်းကမ်းနှင့် အမိန့်များကို တစ်သွေမတိမ်း လိုက်နာ လုပ်ဆောင်ခြင်းဖြင့် အောင်မြင်မှုကို ရစေသကဲ့သို့ အမိန့်နာခံမှု ကောင်းမွန်ပြီး တိုက်ပွဲ များကိုထိရောက်စွာ ကွပ်ကဲနိုင်မည် ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်ပြီး ကိုယ်ကျင့်တရား ကောင်းအောင် ကျင့်ကြံနေထိုင်ပြုမူ ဆောင်ရွက်ရမှာ ဖြစ်ကြောင်း၊ မိမိကိုယ်ကို ထိန်းသိမ်းပြီး အောင်မြင်အောင် ဆောင်ရွက်ရန် လိုသကဲ့သို့ ထိုသို့ထိန်းသိမ်း ခြင်းဖြင့် တိုးတက်မှုများ ရရှိ လာမှာဖြစ်ကြောင်း၊ မိမိကိုယ်ကို အလိုမလိုက်ရန် လိုသကဲ့သို့ ကွပ်ကဲရသည့် သူများကိုလည်း အလိုမလိုက်ရန် လိုကြောင်း၊ မိမိကိုယ်ကို အလိုလိုက်လျှင် ပျက်စီးမည်ဖြစ်ပြီး မိမိကွပ်ကဲရသူများကို အလိုလိုက်လျှင် အုပ်ချုပ်မှု လျော့နည်းပျက်စီး စေတတ်ကြောင်း၊ ထို့ကြောင့် မိမိကိုယ်တိုင်ကွပ်ကဲ ရသည့် အဖွဲ့အစည်းကို စည်းကမ်းနှင့် ကြပ်မတ်ထိန်းသိမ်း သွားရန် လိုကြောင်း ပြောကြားသည်။

ဆက်လက်ပြီး တပ်မတော်၏ လုပ်ငန်းစဉ်ဖြစ်သည့် လေ့လာ၊ လေ့ကျင့်၊ လိုက်နာ ဆိုသည်ကို တာဝန် ထမ်းဆောင်ချိန် တစ်လျှောက်လုံးတွင် လက်တွေ့လိုက်နာ ကျင့်ကြံသွားကြရန် လိုကြောင်း၊ ဖြစ်ပေါ်နေသည့် နိုင်ငံ့အရေး၊ နိုင်ငံတကာအရေး များကို မပြတ်သိရှိနေအောင် ဖတ်ရှုလေ့လာ နေကြရမှာဖြစ်ကြောင်း၊ ကမ္ဘာကြီး၏ တိုးတက်ပြောင်းလဲ နေသည့် ခေတ်ကာလ အခြေအနေအရ စဉ်ဆက်မပြတ် လေ့လာနေဖို့သည်လည်း အရေးကြီးကြောင်း၊ ဖတ်ရှုသင့်သည့် စာအုပ်များကို ဖတ်ရှုလေ့လာခြင်းဖြင့် အသိဥာဏ်ကို တိုးပွား စေမှာဖြစ်ကြောင်း၊ ပြောင်းလဲတိုးတက် နေသည့် စစ်နည်းဗျူဟာနှင့် လက်နက် နည်းစနစ်များကို စဉ်ဆက်မပြတ် လေ့လာပြီး  တိုးတက်ပြောင်းလဲ နေသည့် စစ်လက်နက်ပစ္စည်း၊ နည်းပညာများနှင့် ကျွမ်းကျင်မှုရှိအောင် အမြဲတမ်းလေ့ကျင့် နေရမည်ဖြစ်ကြောင်း၊ လေ့ကျင့်ရေး လုပ်ဆောင်ခြင်းသည် ကြံ့ခိုင်မှုနှင့် ကျွမ်းကျင်မှု ရှိစေရန် ဖြစ်ကြောင်း၊ ရုပ်ပိုင်း၊ စိတ်ပိုင်း ကျန်းမာကြံ့ခိုင်ရန်၊ လက်နက်များ၊ စစ်ပညာရပ်များကို ကျွမ်းကျင်ရန်လေ့ကျင့် ခြင်းဖြစ်ပြီး ယင်းကျွမ်းကျင်မှုက ယုံကြည်မှုရှိလာမှာ ဖြစ်ကြောင်း၊ ယခုကဲ့သို့လေ့လာ၊ လေ့ကျင့်ခဲ့သည် များကို လက်တွေ့ နယ်ပယ်တွင် မိမိဆင်ခြင် သုံးသပ်မှုနှင့် စစ်ပညာ၊ စစ်ဥပဒေသများ၊ သိပ္ပံပညာရပ်များနှင့် အတူ လိုက်နာကျင့်သုံး အကောင်အထည်ဖော် သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ တပ်မတော်၏ ရည်ရွယ်ချက်ဖြစ်သည့် နိုင်ငံတကာ တပ်မတော်များနှင့် ရင်ပေါင်တန်းနိုင်သည့် ခေတ်မီတပ်မတော် (Standard Army) ဖြစ်စေရေးအတွက်၊ တိုက်စွမ်းရည်နှင့် တိုက်စွမ်းအား ထက်မြက်နေရန် လိုကြောင်း၊ တိုက်စွမ်းရည် ဆိုသည်မှာ လေ့ကျင့်ရေးပင် ဖြစ်ကြောင်း၊ တိုက်စွမ်းအားဖြစ်သည့် စစ်လက်နက်နှင့် စစ်အသုံးအဆောင် ပစ္စည်းများကို ကျွမ်းကျင်ထိရောက်စွာ အသုံးချနိုင်အောင် လေ့ကျင့် လုပ်ဆောင်ခြင်းဖြင့် တပ်မတော်၏ ရည်ရွယ်ချက်ကို ထိထိရောက်ရောက် အကောင်အထည် ဖော်နိုင်မှာ ဖြစ်ကြောင်း၊ ကိုယ်ကာယ ကြံ့ခိုင်မှု၊ စိတ်ဓာတ်ကြံ့ခိုင်မှု ရှိရန် အရေးကြီးပြီး ရည်မှန်းချက် တာဝန်ကို စိတ်ဓာတ်၊ စည်းကမ်း၊ ယုံကြည်ချက်၊ ခံယူချက်အပြည့်ဖြင့် ဆောင်ရွက်ရမှာ ဖြစ်ကြောင်း၊ ကျန်းမာရေး ကောင်းမွန်စေရန် စားသောက်၊ နေထိုင်ပြီး ကြံ့ခိုင် သန်စွမ်းအောင် လေ့ကျင့်နေရမည် ဖြစ်ကြောင်း၊ လောင်းကစား၊ အပျော်အပါး၊ အရက်၊ ဆေးလိပ်၊ ကွမ်းယာ စသည့် အကျိုးမရှိသော အသုံးအဖြုန်းများသည် မိမိကိုယ်ကို ထိန်းသိမ်းနိုင်မှ ငွေကြေးကုန်ကျမှု သက်သာစေပြီး ကျန်းမာကြံ့ခိုင် စေမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက် ပြောကြားရာတွင် တပ်မတော် အနေဖြင့် ငြိမ်းချမ်းရေးနှင့် ပတ်သက်သည့် မူဝါဒ(၆)ရပ် ကိုချမှတ်ပြီး စစ်မှန်ခိုင်မြဲသည့် ငြိမ်းချမ်းရေးရရှိရန် ခိုင်ခိုင်မာမာ ရပ်တည် ဆောင်ရွက်လျက် ရှိကြောင်း၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် (Peace Process)ကို ဆောင်ရွက်သည့် အခါတွင် NCA စာချုပ်ပါအတိုင်း လိုက်နာဆောင်ရွက်ရန် လိုသကဲ့သို့ ငြိမ်းချမ်းရေးနှင့် ပတ်သက်သည့် မူဝါဒ(၆)ရပ် ကိုလည်း လေးစားလိုက်နာရန် လိုကြောင်း၊ သို့မှသာ NCA လမ်းကြောင်းကို မြန်မြန်ဆန်ဆန်နှင့် အဆင်ပြေစွာ ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း၊ လက်နက်ကိုင် လမ်းစဉ်မှသည် ငြိမ်းချမ်းရေး၊ ငြိမ်းချမ်းရေးမှသည် ဖက်ဒရယ်စနစ် ကိုအခြေခံသည့် စစ်မှန်သော ဒီမိုကရေစီ ပြည်ထောင်စု ဖြစ်ရန် လမ်းခင်း ပေးထားခြင်း ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် တိုင်းရင်းသား ပေါင်းစုံနေထိုင်ကြပြီး နိုင်ငံတော် ကာကွယ်ရေး တာဝန်ထမ်းဆောင်လိုလျင် မည်သည့် တိုင်းရင်းသားမဆို  စစ်မှုထမ်း စည်းမျဉ်းများနှင့်အညီ တပ်မတော်တွင်တာဝန်ထမ်းဆောင်ခွင့် ရှိကြောင်း၊ နိုင်ငံတကာ၌ နိုင်ငံတိုင်း တွင် တပ်မတော်ဆိုသည်မှာ တစ်ခုပဲရှိကြောင်း၊ ထို့ကြောင့် မိမိတို့ တပ်မတော်သည် တစ်ခုတည်းသော တပ်မတော်မူဝါဒ အပေါ် ခိုင်ခိုင်မာမာ ရပ်တည်ပြီး နိုင်ငံတော်ကို ကာကွယ်လျက်ရှိကြောင်း၊ နိုင်ငံတော်နှင့် ပြည်သူများက ကြိုးပမ်းလုပ်ဆောင် နေကြသည့် အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် များတွင် တပ်မတော်အနေဖြင့် ဒို့တာဝန်အရေးသုံးပါး ကို အခြေခံပြီးနိုင်ငံတော်၏ ပကတိ လိုအပ်ချက်ဖြစ်သည့် တည်ငြိမ်အေးချမ်းရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး နှင့်ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကြိုးပမ်း တည်ဆောက်နေခြင်း ဖြစ်ကြောင်း ထည့်သွင်း ပြောကြားသည်။

ယင်းနောက် တာဝန်ထမ်းဆောင် ရာတွင် စည်းကမ်းနှင့်အမိန့်ကို တစ်သွေမတိမ်း လိုက်နာ ထိန်းသိမ်းခြင်းဖြင့် မိမိကိုယ်ကို ထိန်းသိမ်းပြီး စစ်သားဂုဏ်ရည် များကို တန်ဖိုးထားကြရန်၊ တပ်မတော်၏ ကောင်းမွန်သည့် အစဉ်အလာ၊ ကောင်းမွန်သည့် စနစ်များကို ဆက်လက်ထိန်းသိမ်းပြီး ကောင်းသည်ထက် ကောင်းအောင် ကြိုးစားလုပ်ဆောင် သွားရန်၊ နောင်တစ်ခေတ်၏ အောင်စစ်သည် ဆိုသည့် စစ်တက္ကသိုလ်၏ ဆောင်ပုဒ်နှင့်အညီ နိုင်ငံနှင့် တပ်မတော်က အားထားရသည့် လက်ရုံးရည်၊ နှလုံးရည်နှင့် ပြည့်စုံသည့် ခေါင်းဆောင် ကောင်းများ ဖြစ်လာအောင် ကြိုးစားဆောင်ရွက် သွားရန်တို့အား အလေးအနက်ထား မှာကြားခဲ့သည်။

ထို့နောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်သည် ဗိုလ်လောင်းတပ်ရင်း များ၏ အလေးပြုခြင်းကို ခံယူပြီးနောက် စစ်ရေးပြ အခမ်းအနားမှ ပြန်လည် ထွက်ခွာသည်။

စစ်ရေးပြအခမ်းအနား အပြီးတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူုးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် သည် စစ်တက္ကသိုလ် ကျောင်းဌာနချုပ်၊ ဧည့်ခန်းမ၌ ထူးချွန်ဆုရရှိကြသည့် ဗိုလ်လောင်းများနှင့် ၎င်းတို့၏ မိဘများအားတွေ့ဆုံ၍ မိမိကြိုးစားအား ထုတ်မှုကြောင့် ရရှိခဲ့သည့် ထူးချွန်ဆုနှင့် ပတ်သက်၍ တန်ဖိုးထားပြီး ဆက်လက်ကြိုးစား အားထုတ်ကြရမည်ဖြစ်ကြောင်း၊ တပ်မတော်သား ဖြစ်လာပြီဖြစ်၍ တပ်မတော်သာ အမိ တပ်မတော်သာ အဖ အဖြစ် တပ်မတော်အပေါ် ကျေးဇူးသစ္စာ စောင့်သိရန် လိုကြောင်း၊ မိမိကို သင်ကြားလေ့ကျင့် မွေးထုတ်ပေးခဲ့သည့် မိဦးဘဦးသဖွယ် ဖြစ်သည့် စစ်တက္ကသိုလ် အပေါ်တွင်လည်း ကျေးဇူးသစ္စာ စောင့်သိရမည် ဖြစ်ကြောင်း၊ မိမိ၏ လုပ်ငန်းတာဝန်များကို စဉ်ဆက်မပြတ် မှန်မှန်ကန်ကန် ထမ်းဆောင်ကြရမည် ဖြစ်ကြောင်း၊ လက်ရှိပြည်သူက ရွေးချယ်သော ပါတီစုံဒီမိုကရေစီ လမ်းကြောင်းကို လျှောက်လှမ်း နေကြောင်း၊ ယင်းလမ်းကြောင်း ပေါ်တွင် မှန်မှန်ကန်ကန် နှင့် ခိုင်ခိုင်မာမာရှိစေရန် တပ်မတော် အနေဖြင့် ၀ိုင်းဝန်းထိန်းသိမ်း ဆောင်ရွက်လျက် ရှိကြောင်း၊ မိမိတာဝန် ထမ်းဆောင်သည့်ကာလ တစ်လျှောက်လုံး တွင် တိုင်းပြည်နှင့် တပ်မတော်အပေါ် သစ္စာရှိစွာဖြင့် တိုင်းပြည်နှင့် တပ်မတော် ကောင်းရာကောင်းကျိုး အတွက် ဆက်လက် ကြိုးပမ်းလုပ်ဆောင် သွားကြရမည် ဖြစ်ကြောင်း၊ ထို့အတူ မိမိအားပညာ သင်ကြားပေးပြီး ကျွေးမွေး ပြုစုသွန်သင် ဆုံးမပေးခဲ့သည့် မိဘများကိုလည်း ကျေးဇူးဆပ်ရမည် ဖြစ်ကြောင်း၊ မိမိကိုယ်တိုင် ရည်မှန်းချက် ထားရှိသကဲ့သို့ မိမိအပေါ် မျှော်မှန်းချက်ထားရှိသည့် မိသားစုများ အတွက်ပါ ရည်မှန်းချက် မပျောက်စေရန် မိမိကိုယ်မိမိ ထိန်းသိမ်းပြီး ဆက်လက် ကြိုးပမ်းဆောင်ရွက် သွားကြရမည် ဖြစ်ကြောင်းဖြင့် ဂုဏ်ပြုအမှာစကား ပြောကြားခဲ့သည်။




မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...