Social Icons

Pages

Thursday, April 6, 2017

ဘဏ်များမှ SME လုပ်ငန်းများကို ငွေထုတ်ချေးရာတွင် အာမခံအဖြစ်လုပ်ငန်းများ ထားရှိခြင်းနှင့် တခြား ကန့်သတ်ချက်များကြောင့် ဘဏ်ချေးငွေရရှိရန် ခက်ခဲနေ



ရန်ကုန် ၊ ၆-၄-၂၀၁၇

မြန်မာနိုင်ငံအတွင်း လုပ်ထုံးလုပ်နည်း စနစ် များအရ ဘဏ်များမှ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ အတွက် ချေးငွေများ ထုတ်ချေးရာတွင် အာမခံအဖြစ် လုပ်ငန်းများ ထားရှိစေခြင်းနှင့် တခြား ကန့်သတ်ချက် များကြောင့် SME လုပ်ငန်းအများစု ဘဏ်ချေးငွေရရှိရန် အခက်အခဲများ ရှိနေဆဲဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင် ထံမှ သိရသည်။

တစ်နိုင်ငံလုံး အတိုင်းအတာ အရ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွင် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း များ၏ ဖွံ့ဖြိုးတိုးတက် မှုသည် အဓိက အခန်းကဏ္ဍတွင် ပါဝင်လျက်ရသည်။ ထို့ကြောင့် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဘဏ်လုပ်ငန်းကဏ္ဍ အရင်းအနှီးများ ပံ့ပိုးပေးနိုင်ရေး ဆောင်ရွက်လျက် ရှိသည်။ ပုဂ္ဂလိကကဏ္ဍမှ အဓိကအားဖြင့် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်လျက် ရှိရာ လက်ရှိ လုပ်ထုံးလုပ်နည်း စနစ်အရ ကန့်သတ်ချက် များကြောင့် ချေးငွေရရှိရန် ခက်ခဲနေခြင်း ဖြစ်သည်။ နိုင်ငံတော်ကလည်း ချေးငွေများ ထုတ်ချေးပေး နေသည့်အပြင် ပုဂ္ဂလိကဘဏ် များမှလည်း တွင်ကျယ်စွာ ချေးပေးနိုင်ရန် လိုအပ်လျက်ရှိသည်။

ထို့ပြင် မြန်မာနိုင်ငံ၌ ချေးငွေလွယ်ကူစွာ ရယူနိုင်ရေး အစီအမံအဖြစ် ဘဏ်လုပ်ငန်း ကဏ္ဍမှ ချေးငွေရယူနိုင်မှု အခွင့်အလမ်းပိုမို မြင့်မားလာစေရန်၊ အာမခံနှင့်သာ ငွေချေးယူနိုင်မှု အခြေအနေများမှ အပ ငွေချေးယူ သူ၏ ကြွေးမြီပြန်လည် ပေးဆပ်နိုင်သည့် အခြေအနေကို အခြေခံသည့် ချေးငွေရယူ နိုင်ရန်တို့ ဖြစ်သည်။ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း များအတွက် ချေးငွေ လျင်မြန်လွယ်ကူစွာ ရရှိလာစေရေး အတွက် မြန်မာနိုင်ငံ၏ ငွေရေးကြေးရေး ကဏ္ဍ အခြေခံ အဆောက်အအုံ (Financial Infrastructure) တွင် ရှိရမည့် ချေးငွေ သတင်းအချက်အလက် ဌာနကို တည်ထောင်မည် ဖြစ်ကြောင်း သိရသည်။

ယင်းအတွက် ချေးငွေသတင်း အချက်အလက် အစီရင်ခံခြင်းဆိုင်ရာ စည်းမျဉ်းမူကြမ်းကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် SME နှင့်ပူးပေါင်း၍ နိုင်ငံတကာစံနှုန်း များနှင့်အညီ ပြုစုရေးဆွဲ ထုတ်ပြန်နိုင်ရေး အတွက် ပြည်ထောင်စု ရှေ့နေချုပ်ရုံး နှင့် ညှိနှိုင်း ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...