Social Icons

Pages

Monday, April 10, 2017

တွေ့ကြုံလာရသည့် အကြမ်းဖက်မှုအန္တရာယ်ကို ဆွီဒင် ဘယ်လိုရင်ဆိုင် ကာကွယ်မလဲ




( သင်းအောင် ဘာသာပြန်သည်။ )

ယခင်က အေးချမ်းတည်ငြိမ်စွာ ရပ်တည်နေနိုင်ခဲ့သော ဆွီဒင်နိုင်ငံသည် ယခုအခါ စစ်သွေးကြွများ၏ အကြမ်းဖက် ခြိမ်းခြောက်မှုကြောင့် ကျီးလန့်စာစား နေရသည့် အခြေအနေမျိုးသို့ ရောက်ရှိလာသည်။ ဆွီဒင်နိုင်ငံသည် တခြား ဥရောပနိုင်ငံများ ကဲ့သို့ပင် နိုင်ငံအတွင်း အကြမ်းဖက် အဖွဲ့အစည်းများ သို့မဟုတ် အကြမ်းဖက်အဖွဲ့ များကို ထောက်ခံသည့် အစွန်းရောက်များ၏ တိုက်ခိုက်မှုများမှ ကာကွယ်နိုင်ရန် လုံခြုံရေး အထူးတင်းကျပ် လာသည်ကိုလည်း တွေ့ရသည်။

အထူးသဖြင့် ဧပြီ ၇ ရက်တွင် စတော့ဟုမ်းမြို့လယ်၌ လမ်းသွားလမ်းလာ ပြည်သူများကို ကုန်ကားတစ်စီးက တမင်ဝင်တိုက်ခဲ့ရာ အနည်းဆုံးလူလေးဦး သေဆုံးပြီး အများအပြားဒဏ်ရာ ရရှိခဲ့ကြသည်။ အဆိုပါကားမှာ ခိုးယူလာသည့် ကားဖြစ်ပြီး ယင်း တိုက်ခိုက်မှုကြောင့် ဆွီဒင်ပြည်သူများ အံ့အားသင့်တုန်လှုပ် ခဲ့ရသည်။ ယင်းတိုက်ခိုက်မှုကို အကြမ်းဖက်မှုတစ်ခု အဖြစ် ဝန်ကြီးချုပ် စတီဖန်လော့ဖ်ဗန် က ခေါ်ဝေါ်သုံးနှုန်း ခဲ့သည်။

တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် တာဝန်ရှိသူများက လက်သည် တရားခံကို ဖမ်းဆီးနိုင်ရန် စုံစမ်းဖော်ထုတ်ရာမှ နိုင်ငံအတွင်း နေထိုင်သည့် ဥဇဘက် အမျိုးသားတစ်ဦးကို ဖမ်းဆီးထိန်းသိမ်း လိုက်သည်။ အသက် ၃၉ နှစ်အရွယ် အဆိုပါအမျိုးသားသည် နိုင်ငံအတွင်း၌ နေထိုင်သူဖြစ်ပြီး ၄င်းကို ဖမ်းဆီးစဉ်က ကုန်တင်ယာဉ်အတွင်း ဖောက်ခွဲရေး ပစ္စည်းများကို အာဏာပိုင်များက ရှာဖွေ တွေ့ရှိခဲ့သည်။ ရှာဖွေတွေ့ရှိသည့် အဆိုပါ ဖောက်ခွဲရေး ပစ္စည်းများနှင့် စပ်လျဉ်း၍ ဆွီဒင်အစိုးရက အသေးစိတ် ထုတ်ပြန်ထားခြင်း မရှိသော်လည်း နိုင်ငံအတွင်း၌ အကြမ်းဖက်ဝါဒ စတင်ဝင်ရောက် လာမည့် အန္တရာယ်နှင့် စပ်လျဉ်း၍ စိုးရိမ်စပြုလာကြ ပြီဖြစ်သည်။

တစ်နည်းအားဖြင့် ဆိုရပါမူ အကြမ်းဖက်မှု အန္တရာယ်ကို ကောင်းစွာ သတိပြုမိလာကြခြင်း ဖြစ်သည်။ ဖမ်းဆီးခံထားရသည့် အဆိုပါ အမျိုးသားသည် ၄င်း၏ Facebook စာမျက်နှာပေါ်တွင် ISIS စစ်သွေးကြွ အဖွဲ့ကို ထောက်ခံထားပြီး ယင်းစစ်သွေးကြွ များအတွက် ဝါဒဖြန့်ချိမှုများ လုပ်ဆောင်ထားသည် ဟု အာဏာပိုင်များက ဆိုသည်။ ထို့ပြင် ဆွီဒင် လုံခြုံရေးတပ်ဖွဲ့သည် အဆိုပါတိုက်ခိုက်မှု တွင် ပါဝင်ဆက်နွှယ်မှု ရှိသည်ဟု ယူဆသူ တခြားအမျိုးသားနှစ်ဦး ကိုလည်း ဖမ်းဆီးထားသည်။ အလားတူ နိုင်ငံ၏နယ်စပ်ဒေသ များတွင် လုံခြုံရေးကို အထူးတင်းကျပ်ရန် အစိုးရက အမိန့်ထုတ်ပြန် လိုက်သည်။

စတော့ဟုမ်းမြို့၌ ဖြစ်ပွားသည့် တိုက်ခိုက်မှုသည် ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့ ရှိ မြေအောက် ရထားဘူတာရုံ၌ ပေါက်ကွဲမှုတစ်ခု ဖြစ်ပြီးနောက်ပိုင်းတွင် ထပ်မံဖြစ်ပွား ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် စတော့ဟုမ်းနှင့်
စိန့်ပီတာစဘတ် တိုက်ခိုက်မှုများကို ထောက်ရှုခြင်းအားဖြင့် ယခုအခါ ဥရောပတွင် အေးချမ်းတည်ငြိမ်မှု ရှိသည့်နိုင်ငံဟူ၍ မရှိတော့ဟု နိုင်ငံရေး ကျွမ်းကျင်သူတစ်ဦး ဖြစ်သူ ကွန်စတန်တင် ဆိုကိုလော့ဗ် က သုံးသပ်ထားပြီး ဥရောပရှိ မည်သည့်နိုင်ငံမျိုး မဆို ဆွီဒင်၌ တွေ့ကြုံလိုက်ရသည့် တိုက်ခိုက်မှုမျိုး တွေ့ကြုံရဖွယ် ရှိသည်ဟု ၄င်းကသတိပေး ပြောကြားထားသည်။

ထို့ပြင် အကြမ်းဖက်မှု အန္တရာယ်သည် ဥရောပနိုင်ငံများသို့ ဒုက္ခသည်များနှင့် အတူ ဝင်ရောက်လာနိုင်ဖွယ် ရှိပြီး နိုင်ငံတစ်နိုင်ငံ အတွင်းသို့ ဒုက္ခသည်ထောင်၊ သောင်းချီ၍ ဝင်ရောက်လာခြင်းသည် လက်ခံနိုင်ငံ၏ ရှိရင်းစွဲ လူနေမှုဘဝ ပုံစံကို ပျက်ပြားစေတတ် ဟုလည်း ၄င်းက ထောက်ပြထားသည်။ မှန်ပေသည်။ ၄င်း၏ ပြောကြားချက် မှန်ကန်ကြောင်း အရှေ့အလယ်ပိုင်းနှင့် တခြားဒေသများမှ ဒုက္ခသည်များကို သိန်းနှင့်ချီကာ လက်ခံခဲ့သည့် ဂျာမနီနိုင်ငံက သက်သေခံလျက် ရှိသည်။

စစ်သွေးကြွများ သို့မဟုတ် ဘာသာရေး အစွန်းရောက်များသည် များသောအားဖြင့် ဥရောပနိုင်ငံများသို့ ဝင်ရောက်လာသည့် ဒုက္ခသည်အစစ်အမှန် များနှင့်အတူ ရောနှော လိုက်ပါလာတတ် ကြပြီး ၄င်းတို့အလိုရှိရာ နိုင်ငံသို့ရောက်သည်နှင့် တစ်ပြိုင်နက် ၄င်းတို့၏ ဇာတိအမှန်ကို ပြသလာကြသည်။ လက်ခံနိုင်ငံများ၏ စေတနာနှင့် ရက်ရောမှုကို ထောက်ရှုခြင်းမရှိဘဲ ကျေးဇူးကန်းသည့် လုပ်ရပ်မျိုး လုပ်ဆောင် လာကြသည်ကို အလွယ်တကူ တွေ့မြင်ရမည် ဖြစ်သည်။

ဆွီဒင်နှင့် ရုရှားနိုင်ငံတို့မှာ ယခုအခါ ဂျာမနီ၊ ဘယ်လ်ဂျီယံ၊ ပြင်သစ် စသည့်နိုင်ငံများနည်းတူ အကြမ်းဖက်ဝါဒနှင့် အစွန်းရောက်များ၏ ခြိမ်းခြောက်မှုနှင့် အနည်းနှင့် အများဆိုသလို တွေ့ကြုံလာနေသည်မှာ ငြင်းမရသည့် အချက်ပင်ဖြစ်သည်။ ထို့ကြောင့် အကြမ်းဖက်မှုများကို တိုက်ဖျက်ရန် နိုင်ငံတစ်နိုင်ငံတည်း လုပ်ဆောင်၍ မရနိုင်ကြောင်းကို စိန့်ပီတာစဘတ်နှင့် စတော့ဟုမ်းမြို့တို့၌ ဖြစ်ပွားသည့် တိုက်ခိုက်မှုများက ဖော်ပြလျက်ရှိပြီး နိုင်ငံများကြား ပူးပေါင်း ဆောင်ရွက်မှုများကို ပိုမိုလုပ်ဆောင်ရန် လိုအပ်နေကြောင်း မီးမောင်းထိုးပြ နေသည်။

အထူးသဖြင့် ဆွီဒင်နိုင်ငံသည် ကမ္ဘာပေါ်၌ ရာဇဝတ်မှုအနည်းဆုံး ဖြစ်ပွားသည့် နိုင်ငံဖြစ်ပြီး တည်ငြိမ်မှုအရှိဆုံးသော နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ သို့သော် ၂ဝ၁ဝ ပြည့်နှစ်မှစ၍ နိုင်ငံအတွင်း အကြမ်းဖက် တိုက်ခိုက်မှုများနှင့် ရင်ဆိုင်တွေ့ကြုံ လာခဲ့ရသည်။ ယင်းနှစ်အတွင်း စတော့ဟုမ်းမြို့လယ်၌ အီရတ်နွယ်ဖွား အမျိုးသားတစ်ဦးက ဗုံးနှစ်လုံးခွဲ၍ တိုက်ခိုက်ရာ ၄င်းသေဆုံးပြီး တခြားနှစ်ဦး ဒဏ်ရာရရှိသွားသည်။ အလားတူ ၂ဝ၁၅ ခုနှစ်ကလည်း မျက်နှာဖုံးစွပ်ထားသည့် အမျိုးသားတစ်ဦးက ဓားဖြင့် တိုက်ခိုက်မှုအတွင်း ကျောင်းဆရာတစ်ဦး နှင့် ကျောင်းသားတစ်ဦး သေဆုံးခဲ့သည်ကို တွေ့ရသည်။ ထို့ကြောင့် ဆွီဒင်အစိုးရ၏ နိုင်ငံရေးခိုလှုံခွင့် ပြုရေး မူဝါဒအပေါ် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က ပြစ်တင်ဝေဖန် ထားသည်။

ဆွီဒင်နိုင်ငံသည် မကြာမီနှစ်များ အတွင်း ဒုက္ခသည်နှင့် ပြောင်းရွှေ့ ဝင်ရောက်သူ နှစ်သိန်းခန့်ကို နိုင်ငံအတွင်းသို့ ဝင်ရောက် နေထိုင်ခွင့်ပြု ထားသည်။ ယင်းပမာဏမှာ တခြားဥရောပ နိုင်ငံများ၏ တစ်ဦးချင်းဝင်ငွေ နှင့်နှိုင်းယှဉ်မည် ဆိုပါက အဆမတန် များပြားလျက် ရှိသည်။ နောက်ပိုင်းတွင် အစိုးရ၏ နယ်စပ်တင်းကျပ်ရေး မူဝါဒကြောင့် နိုင်ငံအတွင်းသို့ ဝင်ရောက်လာသူ ဦးရေမှာ အနည်းငယ်လျော့ကျ လာခဲ့သည်။ သို့သော် ဆွီဒင်နိုင်ငံ၌ စစ်သွေးကြွ အဖွဲ့ကို ထောက်ခံသူ အရေအတွက်မှာ တခြားဥရောပ နိုင်ငံများထက် ပိုမိုများပြား နေပြီး ဆီးရီးယားနှင့် အီရတ်နိုင်ငံတို့ရှိ စစ်သွေးကြွ အဖွဲ့နှင့် သွားရောက် ပူးပေါင်းကာ ဆွီဒင်သို့ ပြန်လည် ဝင်ရောက်လာသူ ဦးရေမှာ ၁၄ဝ မှ ၃ဝဝ အထိ ရှိနေခြင်း ဖြစ်သည်။

ယင်းအချက်သည် တခြားဥရောပ နိုင်ငံများထက် ပိုမိုစိုးရိမ်ဖွယ် ကောင်းလှပြီး ဆွီဒင်အစိုးရ အနေဖြင့် အဆိုပါစစ်သွေးကြွ ဟောင်းများကို လူ့အဖွဲ့အစည်း များနှင့် ပြန်လည်ပေါင်းစည်း ပေးနိုင်ရန် ရုန်းကန်နေရသည့် အခြေအနေတွင် ရှိနေသည်။

အချုပ်အားဖြင့် ဆိုရပါမူ အစိုးရ၏ ပြည်ဝင်ခွင့်နှင့် နိုင်ငံရေးခိုလှုံခွင့် ဆိုင်ရာ မူဝါဒများသည် နိုင်ငံတစ်နိုင်ငံ အတွင်းရှိ ပြည်သူများ၏ လူမှုဘဝအပေါ် များစွာ အကျိုးသက်ရောက်မှု ရှိသည်ကို တစ်ချိန်က အေးချမ်းတည်ငြိမ်မှု  ရှိသည့်နိုင်ငံအဖြစ် ဝင့်ကြွားခဲ့သော ဆွီဒင် က သက်သေခံလျက် ရှိနေသည်။

ထို့ကြောင့် ဆွီဒင်အပါအဝင် ဥရောပနိုင်ငံများ အနေဖြင့် ရက်ရောလှသည့် ဂျာမနီနိုင်ငံ၏ သာဓကကိုယူ၍ နိုင်ငံ၏ နယ်စပ်ဒေသရှိ လုံခြုံရေးကို တင်းကျပ်ခြင်း အပါအဝင် နိုင်ငံအတွင်းသို့ ဝင်ရောက်လာမည့် ဒုက္ခသည်များနှင့် ရွှေ့ပြောင်းသူများကို ဂရုတစိုက်စိစစ်ရန် လိုအပ်မည် ဖြစ်သည်။ ထို့ပြင် ခြိမ်းခြောက်မှု တစ်စထက်တစ်စ ကြီးထွားလာသည့် အကြမ်းဖက်ဝါဒ နှင့် အစွန်းရောက်ဝါဒကို တိုက်ဖျက်နိုင်ရန် အတွက် နိုင်ငံများကြား ပူးပေါင်း လုပ်ဆောင်မှုကိုပါ မြှင့်တင်ရန် လိုအပ်မည် ဖြစ်ကြောင်း သုံးသပ်ရပါသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၂၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...