ကျန်းမာအောင် ဘာတွေ စားကြမလဲ ?
ကြည်လွင်မြင့် (မုဒြာ)
မကြာသေးမီက ကျန်းမာရေးဌာနမှ အစားအသောက် များကိုစစ်ဆေးခဲ့ရာ ရန်ကုန်မြို့အတွင်း စားသောက်ကုန် ရောင်းချသည့်ဆိုင်များမှ 'နနွင်းမှုန့်' များတွင် ဆိုးဆေးများ ပါဝင်ကြောင်း တွေ့ခဲ့ရသည်။ တံဆိပ်အမျိုးမျိုး နှင့် နနွင်းမှုန့် ၁ဝ မျိုးကိုစစ်ဆေးခဲ့ရာ ရှစ်မျိုးတွင် ဓာတုဗေဒ အရောင်ဆိုးဆေးများ ပါဝင်ကြောင်း တွေ့ခဲ့ရသည် ဟုဆိုသည်။ ဆိုးဆေးအပြင် နနွင်းမှုန့်ထဲတွင် ဆန်မှုန့်၊ ပဲမှုန့်များပါ ရောနှောထားသည်ဟု ဆိုသည်။ မသမာမှုများ ဖြစ်ပါသည်။
မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသန ညီလာခံ (၂ဝ၁၁)တွင် ဖတ်ကြားတင်သွင်း ခဲ့သော စာတမ်းအရ ဈေးများမှ ငရုတ်သီးမှုန့်၊ နနွင်းမှုန့် တံဆိပ်ကွဲ ကိုးမျိုး၊ ငရုတ်ကောင်းမှုန့် သုံးမျိုးနှင့် ဇီရာမှုန့်တို့ကို ဝယ်ယူစစ်ဆေးခဲ့ရာ ခွင့်မပြုသည့် အရောင်ဆိုးဆေးများ ရောနှော ပါဝင်နေကြောင်း တွေ့ရသည်။
အဆိုပါဆိုးဆေး များသည် ရေရှည် စားသုံးပါက အသည်းကင်ဆာနှင့် ဗဟို နာဗ်ကြောမကြီး ကို ထိခိုက်သည့်ရောဂါ ဖြစ်စေနိုင်ကြောင်း ဖော်ပြထားပါသည်။ စစ်ဆေးခဲ့သည့် ငရုတ်သီးမှုန့် ကိုးမျိုးအနက် နှစ်မျိုးတွင် သဲမှုန့်၊ ဖုန်မှုန့်များ ရောနှော ပါဝင်နေပြီး ငရုတ်ကောင်းမှုန့် တစ်မျိုးတွင် အခြားအပင် အစိတ်အပိုင်းများ ပါဝင်နေသည်ဟု ဆိုသည်။
နနွင်းမှုန့်သည် အရှေ့တိုင်း အစားအစာ ဖြစ်သည်။ အနောက်တိုင်းတွင် သိပ်မစားကြ။ သို့သော် လေ့လာ တွေ့ရှိချက်များ အရ အရှေ့တိုင်းသားများ အသက်ကြီး လာလျှင် ''ပါကင်ဆန်'' ရောဂါ အဖြစ်နည်းရခြင်းမှာ နနွင်းမှုန့်တွင် ပါဝင်သော ဓာတ်တစ်မျိုးကြောင့် ဟု သိလာရသဖြင့် အနောက်တိုင်းတွင် နနွင်းမှုန့် ခေတ်စားလာသည်။ နနွင်းမှုန့်ကို ဆေးပြားအဖြစ် ထုတ်လုပ် ရောင်းချသည်အထိ ဖြစ်လာခဲ့သည်။ စားသုံးသူများမှာ ယနေ့ခေတ်တွင် ''ဘာကိုယုံရမလဲ'' ဆိုသော အခြေအနေသို့ ဆိုက်ရောက်နေပြီ ဖြစ်သည်။ အားလုံး အတုတွေ၊ ဆိုးဆေးတွေ၊ အရောအနှောတွေ ဖြစ်နေပြီး အစစ်အမှန်ရဖို့ ခက်ခဲသော အခြေအနေပင် ဖြစ်သည်။
မီးဖိုချောင်တွင် စားသုံးဆီမှအစ ငါးပိ၊ ငံပြာရည်၊ ငရုတ်သီးခြောက်မှုန့်၊ နနွင်းမှုန့်၊ မဆလာ၊ ငရုတ်ကောင်း၊ ဇီရာ စသည့် ဟင်းခတ် အမွှေးအကြိုင် ပစ္စည်းအားလုံးသည် သဘာဝအတိုင်း မဟုတ်ကြပေ။ တစ်နည်းနည်းဖြင့် အမြင် လှပအောင် ဖန်တီးပြုပြင် ထားသည်ချည်းသာ ဖြစ်သည်။ တစ်လောက ပဲရာဇာ (ပဲနီလေး) ဟင်းချိုသောက်ချင် သဖြင့် ဈေးမှဝယ်ယူခဲ့ပြီး ရေဆေးလိုက်ရာ ရေတွင် အနီရောင်ဆိုးဆေးများ ကျွတ်လာပြီး ပဲနီလေးမှာ ပဲဖြူလေး ဖြစ်နေကြောင်း တွေ့ရပါသည်။ ပဲနီလေးမှာ ပဲဖြူထက် ဈေးပိုပေးရသဖြင့် အရောင်ဆိုးထားခြင်း ဖြစ်သည် ဟု နောက်မှ သိရပါသည်။
မြန်မာလူမျိုး များသည် နံနက်စာ ပဲပြုတ်၊ ထမင်းကြမ်းနှင့် အကြော်စားလေ့ ရှိကြပါသည်။ လွန်ခဲ့သောနှစ်က ဆရာဝန်တစ်ဦး၏ ဆောင်းပါးတွင် အကြော်ဆိုင်တွင် ဆီပူဒယ်အိုး အတွင်းသို့ ပလတ်စတစ် သောက်ရေသန့် ဘူးခွံနှစ်ဘူး ထည့်လိုက်ရာ ပျော်ဝင်သွားသည်ကို မျက်မြင် တွေ့ရကြောင်း ရေးထားပါသည်။ အကြော်သည်ကို မေးကြည့်ရာ ဆီကုန်သက်သာ ကြောင်းနှင့် အကြော် အရောင်လှအောင် သောက်ရေသန့် ဘူးခွံထည့်ကြော် ရကြောင်းနှင့် အခြား အကြော်သည် များလည်း အကြော်ကြွပ်ရွအောင် ဤသို့ပင် ရောကြကြောင်း ပြောသည်ဟု ရေးထားသည်ကို ဖတ်ရသည်။ ထိုအချိန် ကတည်းက အကြော်စုံတွေကို မစားရဲတော့ သည်မှာ ယနေ့အထိ ဖြစ်သည်။
အခြားတိုင်းပြည် များတွင် မတွေ့နိုင်သည့် လက်ဖက်ရည်ဆိုင် ထိုင်ခြင်းဓလေ့မှာ မြန်မာပြည်တွင် လွှမ်းမိုးနေပြီ ဖြစ်သည်။ ရပ်ကွက်တစ်ခု၊ လမ်းတစ်လမ်း ထဲမှာပင် လက်ဖက်ရည်ဆိုင် သုံးဆိုင်လေးဆိုင် တွေ့မြင် နေရသည်။ အချို့ လက်ဖက်ရည်ဆိုင် နာမည်ကြီးများမှာ ကားရပ်စရာပင် နေရာမရ ဖြစ်နေသည်။ လက်ဖက်ရည်ဆိုင် များတွင် ဆိုးဆေး မကင်းကြောင်း သက်ဆိုင်ရာမှ စစ်ဆေးသတိပေးပြီး ဖြစ်သည်။ ရေနွေးကြမ်းတွင် ခတ်သော လက်ဖက်ခြောက် မှာလည်း ဆိုးဆေး အနီရောင်များ ပါဝင်နေသည်မှာ အထင်အရှားပင် ဖြစ်သည်။ လူတွေနေ့စဉ် လက်ဖက်ရည်ဆိုင် ထိုင်ပြီး ရောဂါဝယ်ယူ နေသလိုပင် ဖြစ်နေပြီ။
တစ်ခါက မိတ်ဆွေတစ်ဦးနှင့် မတွေ့ရတာ ကြာပြီဖြစ်၍ ဧည့်ခံရင်း လက်ဖက်ရည်ဆိုင် ဝင်ထိုင်မိကြ ပါသည်။ အခန့်မသင့်၍ လက်ဖက်ရည် သောက်ရင်း စာရေးသူ၏ တိုက်ပုံအင်္ကျီ အဖြူပေါ်သို့ ဖိတ်ကျခဲ့သည်။ အိမ်ရောက် ပြီးနောက် ၄င်းတိုက်ပုံကို ဆပ်ပြာနှင့် လျှော်သောအခါ လက်ဖက်ရည် အနီရောင် အစွန်းအထင်းမှာ မကျွတ်ဘဲ ကျန်နေသည်ကို တွေ့ရပါသည်။ ဆိုးဆေးဖြစ်၍ အစွန်း မကျွတ်ခြင်း ဖြစ်သည်။
မကြာသေးမီက စာရေးသူ၏ နှစ်နှစ်သားအရွယ် မြေးကလေးကို အိမ်နီးချင်းနိုင်ငံကြီး တစ်ခုမှ ထုတ်လုပ်သော ကစားစရာ အရုပ်ကလေး တစ်ရုပ် ဝယ်လာပေးဖူးသည်။ ထိုအရုပ် ကလေးသည် မတော်တဆ ရေထဲသို့ လွတ်ကျသွားခဲ့သည်။ အလုပ် မအားလပ်သဖြင့် အချိန်တစ်နာရီ ခန့်ကြာမှ ဆယ်ယူပေးခဲ့ရာ ဆေးရောင်များ ကျွတ်နေသည်ကို တွေ့ရသည်။ ကလေးကစားစရာ အရုပ်များမှ ဓာတုဆိုးဆေး များကြောင့် ရောဂါရ နိုင်ကြောင်း စာစောင်တစ်ခုတွင် ဖတ်ခဲ့ဖူးသည်ကို ပြန်သတိရမိ ပါသည်။
အမေရိကတွင် နိုင်ငံခြားမှ ဝင်လာသော ကလေးကစားစရာ များအတွက် အန္တရာယ်ရှိသော အရောင်ဆိုးဆေးများ ပါဝင်သဖြင့် ဖျက်ဆီးပစ်သည့် အကြောင်းလည်း ဖတ်ရဖူးသည်။ ကလေးများသည် ကစားစရာ အရုပ်များကို စားစရာအမှတ်ဖြင့် ပါးစပ်ထဲသို့ ထည့်ခြင်း၊ ကိုက်ဝါးခြင်းများ ပြုလုပ်လေ့ ရှိသဖြင့် အရုပ်ဝယ်ပေးလျှင် အရောင်ဆိုးဆေးများ ကလေးပါးစပ်ထဲသို့ မဝင်အောင် အထူးသတိပြုဖို့ လိုပါသည်။
အစာလည်းဆေး၊ ဆေးလည်းအစာ ဟု ဆိုသော်လည်း ရောင်းတမ်း ရောင်းချနေသော တိုင်းရင်းဆေး အချို့တွင်လည်း ဓာတုဗေဒဆိုးဆေးများ သုံးစွဲနေကြသည်ဟု ပရဆေးဆိုင် ပိုင်ရှင်တစ်ဦးက ပြောပြပါသည်။ သွေးဆေးကို မြန်မာလူမျိုးတိုင်း တောရောမြို့ပါသုံးစွဲသည်။ သွေးဆေးတွင် ပါဝင်သော အနီရောင်မှာ စန္ဒကူးနီနှင့် နံ့သာနီမှ ထွက်သောအရောင် ဖြစ်သည်။ ရိုးရိုးသစ်သားတုံးကို အနီရောင်ဆိုးပြီး စန္ဒကူးနီ၊ နံ့သာနီပြုလုပ်ပြီး အခြားဆေးအမည် များနှင့် ရောနှောကြိတ် လိုက်သောအခါ သွေးဆေးများတွင် စားသုံးရန်မသင့်သည့် ချည်ဆိုးဆေးများ ပါဝင်နေသည်ဟု ပြောသည်။ ၄င်း ဆိုးဆေးများကြောင့် ကင်ဆာဖြစ်နိုင်ကြောင်း သိရသည်။
စာရေးသူတို့ငယ်စဉ်က မိခင်ကြီးက ရေချိုးပြီးတိုင်း သနပ်ခါးလိမ်းပေးလေ့ ရှိသည်။ သနပ်ခါးမလိမ်းမီ ကျောက်ပြင်ပေါ်မှ သွေးပြီးသား သနပ်ခါး အနည်းငယ်ကို လက်ညှိုးနှင့်တို့ပြီး လျှာပေါ်သို့ ခွံ့ပေးလေ့ ရှိသည်။ အပူငြိမ်းဆေး အဖြစ် ကျွေးခြင်းဖြစ်သည် ဟုဆိုသည်။ မကြာမီက သနပ်ခါး အပွေးကောင်းသည် ဆိုပြီး ဝယ်လာသူ အိမ်ရှင်မတစ်ဦးသည် အိမ်ရောက်သော အခါ သနပ်ခါးတုံးကို သွားပွတ်တံဖြင့် ပွတ်ဆေးသောအခါ အညိုရောင်ဆေးများ ကျွတ်ထွက်လာသည် ဟုပြောသည်။ ၄င်းအညိုရောင်များမှာ ရှားစေးမဟုတ်၊ ပိုးချည်ဆိုးဆေးများ ဖြစ်ကြောင်း သိရသည်။ သနပ်ခါးအပွေး လှအောင် အက်ကြောင်းများ ကြားတွင် ဆေးဆိုးကြသည်ဟု သိရလေသည်။ မြန်မာ့ရိုးရာစစ်စစ် သနပ်ခါးမှာပင် ဆိုးဆေးမလွတ်။
မျှစ်ကြိုက်သူများ မှာလည်း ယခုအခါ မစားရဲကြ။ ဈေးထဲတွင် ရောင်းချသော မျှစ်များမှာ နီနီရဲရဲဆိုးဆေးများ ဆိုးထားကြသည်။ ဆိုးဆေးလွတ်သော မျှစ်ကိုဝယ်လိုလျှင် ဈေးသည်ကို သီးသန့်မှာယူမှ သာလျှင် ရနိုင်သည်ဟု ဆိုသည်။
ကလေးများစားသော ဂျယ်လီ၊ သကြားလုံးများမှာ ဆိုးဆေးအရောင်များ လွန်ကဲစွာ သုံးထားသည့်အပြင် သကြားအတု၊ ဆေးသကြားများ ပါသဖြင့် ချောင်းဆိုးရောဂါ၊ ရင်ကျပ်ရောဂါများ အဖြစ်များလာသည်။ ဆေးခန်းလာသော ကလေးငယ် အတော်များများမှာ ထိုအစားအသောက် များကြောင့်ဖြစ်သည်။ လမ်းဘေးတွင် ရောင်းချသော ဝက်သားတုတ်ထိုး များမှာ အရောင်ဆိုးဆေးများ သုံးထားသည့်အပြင် မရောင်းရလျှင် ကြိမ်ဖန်များစွာ ပြန်နွှေးရောင်းချ သဖြင့် အစာအိမ်နှင့် အူမကြီးရောင်သော ရောဂါများအပြင် ကင်ဆာရောဂါပါ ဖြစ်နိုင်ကြောင်း ဆရာဝန်ကြီး တစ်ဦးက ပြောပါသည်။
အထက်ပါ အကြောင်းအရာများကို လေ့လာကြည့်လျှင် ကျန်းမာလိုသောသူ တစ်ဦးအဖို့ မည်သည့် အစားအသောက်ကို စားရမည်မှန်း မသိနိုင်အောင် ဖြစ်နေမည်ဟု ထင်ပါသည်။ တိုးတက်လာသော ခေတ်နှင့်အမီ ဆန်းသစ် တီထွင်မှုများလည်း တိုးတက်လာသည်။ အတုပြုလုပ်သူ များအတွက် ဓာတုဗေဒပစ္စည်း များသည် ပေါပေါများများ လွယ်လွယ်ကူကူ ရရှိနေခြင်းကြောင့်ပင် ဖြစ်သည်။
ရှေးကမြန်မာများသည် အိမ်နောက်ဖေး ဈေးဆိုင်တည် ဟုဆိုကာ မိမိစားသောက်ရန် ဟင်းသီးဟင်းရွက် များကို အိမ်နောက်ဖေး မြေပိုလေးတွင် စိုက်ကြသည်။ အိမ်ရှေ့တွင် အရိပ်ရစေရန် ဘူးပင်ကိုစင်ထိုးပြီး စိုက်ကြသည်။ လတ်ဆတ်သော ခြံထွက်သီးနှံကို စားရပြီး ဈေးဖိုးလည်း ချွေတာရာ ရောက်ပေသည်။ ဗိုလ်ချုပ်အောင်ဆန်း ရှိစဉ်က ကိုယ့်အိမ်မှာ မြေပိုရှိရင် သီးပင်စားပင် စိုက်စားကြပါ။ ခင်ဗျားတို့ ဒီနေ့စားနေတဲ့ အာလူးဆိုတာ အိန္ဒိယကနေ လာတာ။ ကျွန်တော်ဆိုရင် ကျွန်တော့်အိမ်ကခြံမှာ အာလူးကိုစိုက်တယ် ဟု ပြောခဲ့ဖူးပါသည်။ ဗိုလ်ချုပ်အောင်ဆန်း မိသားစု ပေါက်တူးကိုင်၍ စိုက်ပျိုးရေး လုပ်နေသည့် ဓာတ်ပုံကို စာရေးသူငယ်စဉ်က တွေ့ဖူးပါသည်။
ယခုအခါ ရှေးကလို အိမ်တိုင်းမြေလွတ် မရှိ၊ စိုက်ဖို့ပျိုးဖို့မလွယ်။ ရှိသမျှမြေအပိုကို ရောင်းချပြီး အထပ်မြင့်တိုက်များ ပေါ်ပေါက်လာခဲ့ပြီ။ တိုက်ပေါ်မှာ မွေးသော ကလေးအချို့ မြေကြီးပင် မမြင်ဖူးကြ။ ကျေးလက် တောရွာမှာ နေကြသည့် တောင်သူများမှာလည်း သဘာဝအတိုင်း စိုက်ပျိုးကြသည် မဟုတ်တော့။ မြေသြဇာများ နှင့် သီးနှံကြီးထွားသည့် ဓာတုဗေဒဆေးများ သုံးစွဲမှုကြောင့် စားသုံးသူများမှာ အာဟာရ မဖြစ်ကြ။ ပိုးသတ် ဆေးများ ပါသည့် အစားအသောက်ကို သေချာစွာ ရေဆေးပြီး မသုံးစွဲသဖြင့် အသက်သေဆုံး သည်အထိ ဖြစ်နိုင်လေသည်။
လူ့ဘဝသက်တမ်းစေ့ နေနိုင်ရေး၊ ကျန်းမာစွာ နေနိုင်ရေးအတွက် အစားအသောက်များကို မစားမီ စစ်ဆေးပြီးမှသာ စားသုံးသင့်သည်။ အရသာရှိတိုင်း မကောင်းပါ။ အရောင်လှတိုင်း မစားချင်ပါနှင့်။ သဘာဝထက် ပို၍ ကြီးထွားသော သီးနှံများကို မစားသုံးသင့်ပါ။ အသီးအနှံ အစားအစာများကို မချက်ပြုတ်မီ ရေဖြင့် နှစ်ထပ်သုံးထပ် စင်ကြယ်စွာဆေးပြီး အရောင်ပျက်ပြယ် သွားလျှင် မစားသင့်ပါ။
ငရုတ်သီးမှုန့်၊ နနွင်းမှုန့် စသော ဟင်းခတ်မှုန့်များကို အစစ်အမှန် ရောင်းချကြောင်း စိတ်ချရသည့် ဆိုင်များမှသာ ဝယ်ယူသုံးစွဲပါ။ ချက်ပြုတ်ပြီးနောက် အရောင် ပြောင်းသွားသော အစားအသောက် များကိုလည်း သတိထား သင့်သည်။ အစားသည် အာဟာရမဖြစ်ဘဲ ရောဂါဖြစ်စေနိုင်ကြောင်း အသိပေး တင်ပြလိုက်ရပါသည်။
မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၈)
No comments:
Post a Comment