Social Icons

Pages

Friday, March 24, 2017

MNDAA အကြမ်းဖက် သောင်းကျန်းသူများ သိမ်းပိုက်ထားသည့် ဘီပီ ၁၂၆ နှင့် ဘီပီ ၁၂၇ အကြားရှိ တောင်ကုန်းများနှင့် ပွိုင့် ၁ဝ၅၂ တောင်ကုန်းတို့အား တပ်မတော်စစ်ကြောင်းများက သိမ်းပိုက်ရရှိ



နေပြည်တော် ၊ ၂၄-၃-၂၀၁၇

နိုင်ငံတော် အစိုးရနှင့် တပ်မတော်တို့က ဒီမိုကရေစီ အရပ်သားအစိုးရ လက်ထက် ၂ဝ၁၁ ခုနှစ် နောက်ပိုင်းမှ လက်နက်ကိုင်လျက် နိုင်ငံတော်အစိုးရ အဖွဲ့အစည်း များအား တိုက်ခိုက်နှောင့် ယှက်လာသည့် MNDAA/TNLA/AA အကြမ်းဖက် သောင်းကျန်းသူ များကို လက်နက်ကိုင်လမ်းစဉ် စွန့်လွှတ်ကြောင်း ကြေညာချက် ထုတ်ပြန်ပါက NCA တွင် လက်မှတ်ရေးထိုး ရန်မလိုအပ်ဘဲ ပြည်ထောင်စု ငြိမ်းချမ်း ရေးညီလာခံသို့ တက်ရောက်ပြီး နိုင်ငံရေးဆွေးနွေး ပွဲများ၌ တိုက်ရိုက်ပါဝင် ဆွေးနွေး ခွင့်ပြုမည် ဖြစ်ကြောင်း သဘောထားကြီးစွာ ညှိနှိုင်းခဲ့သော်လည်း ဖုန်ကြားရှင်နှင့် ဖုန်တာရွှင်တို့ ဦးဆောင်သည့် MNDAA အကြမ်းဖက် သောင်းကျန်းသူ များသည် နိုင်ငံတော် အစိုးရ နှင့်တပ်မတော်ကို  နိုင်ငံရေးနှင့် စစ်ရေး အကျပ်အတည်းနှင့် ရင်ဆိုင် ရစေပြီး နိုင်ငံရေး ဆွေးနွေးပွဲများအား လက်နက်ကိုင် လမ်းစဉ် မစွန့်လွှတ်ဘဲ လက်နက်ဖြင့် နိုင်ငံရေးအာဏာ အခွင့်အရေးများ တောင်းဆိုရန် မရိုးမသားသော ကြံရွယ် ချက်များဖြင့် ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ၊ တရုတ်နိုင်ငံ နယ်နိမိတ်နှင့် ထိစပ်လျက်ရှိပြီး တပ်မတော်မှ လည်းအမြောက်၊ လက်နက်ကြီးနှင့် လေကြောင်း မှပစ်ကူပေးရန် ကန့်သတ်ချက် ရှိသည့် တောင် ကုန်းများတွင် ခြေကုပ်ယူ၍ လောက်ကိုင်မြို့ရှိ တပ်စခန်းများ၊ ရဲစခန်းများနှင့် အရပ်ဘက် ပစ်မှတ် များကို မတ် ၆ ရက် နံနက် အစောပိုင်းတွင် အကြမ်းဖက် တိုက်ခိုက်ခဲ့ သော်လည်းကြိုတင် သတင်းရရှိ ထားသည့် တပ်မတော် စစ်ကြောင်းများက တည်တည် ငြိမ်ငြိမ်ဖြင့် တုံ့ပြန်တိုက်ခိုက် မှုများကြောင့်  အကြမ်းဖက် သောင်းကျန်း သူများ၏ လောက်ကိုင် မြို့သိမ်း တိုက်ပွဲမှာ ရည်ရွယ်ချက် ပျက်ပြားခဲ့ရပြီး အဆိုပါနေ့ တွင်ပင် တရုတ်နိုင်ငံ နယ်စပ်အနီး တောင်ကုန်းများ အလိုက်အင်အား စုများ ဖြန့်ခွဲ၍ ယာယီခံစစ် ဆင်နွှဲခြင်း၊ လောက်ကိုင်မြို့အတွင်းသို့ ၁ဝ၇ မမ ဒုံးပစ်လောင်ချာ များဖြင့် ပစ်ခတ်နှောင့်ယှက် ခြင်းတို့သာ ဆောင်ရွက် နိုင်ခဲ့သည်။ 

တပ်မတော် စစ်ကြောင်းများ ကလည်း လောက်ကိုင်မြို့အတွင်းနှင့် နှစ်နိုင်ငံ နယ်စပ် အမြန်ဆုံး တည်ငြိမ်အေးချမ်းရေး အတွက် စီမံချက် ရေးဆွဲလျက် အမြောက်၊ လက်နက်ကြီး ပစ်ကူပစ် အားများဖြင့် MNDAA အကြမ်းဖက် သောင်းကျန်းသူများ ခြေကုပ်ယူထားသည့် တောင်ကုန်း များကို မတ် ၈ ရက်မှ စတင်၍ ရဲရဲဝံ့ဝံ့ ရွပ်ရွပ်ချွံချွံ တုံးတိုက်တိုက် ကျားကိုက်ကိုက် စိတ်ဓာတ် တို့ဖြင့် တိုက်စစ် အဟုန်ဖွင့်လျက် ရည်မှန်းချက် အလိုက် တိုက်ခိုက်ချေမှုန်း ခဲ့၍ မတ် ၁၅ ရက်တွင် ပွိုင့်- ၁၂၆၉ တောင်ကုန်း၊ မတ် ၁၆ ရက်တွင် ပွိုင့်- ၁ဝ၅၂ တောင်ကုန်းနှင့် မတ် ၁၇ ရက်တွင် ပွိုင့်- ၁ဝ၈၈ တောင်ကုန်း တို့ကို သိမ်းပိုက် ရရှိခဲ့သည်။

ဆက်လက်ပြီး တပ်မတော် စစ်ကြောင်းများက နှစ်နိုင်ငံနယ်စပ် အနီး ဘီပီ ၁၂၆ နှင့် ဘီပီ ၁၂၇ အကြားရှိ ရန်ကျန်းထင် ကျေးရွာအနီး တောင်ကုန်းများ၌ နောက်ဆုံး ခြေကုပ် ယူထားသည့် MNDAA အကြမ်းဖက် သောင်းကျန်း သူများကို မတ် ၂ဝ ရက် မှစ၍ အမြောက်၊ လက်နက်ကြီး ပစ်ကူရယူ တိုက်စစ် အဟုန်ဖွင့်၍ ဖြည်းဖြည်း ချင်းချဉ်းကပ် တိုက်ခိုက်ခဲ့ရာ ခန့်မှန်း မြေပုံညွှန်း(MG-၈၁၅၂၁၅ ) နေရာရှိတောင် ကုန်းကို ယနေ့ မတ် ၂၃ ရက် မွန်းတည့် ၁၂ နာရီခန့်တွင် လည်းကောင်း၊ ခန့်မှန်း မြေပုံညွှန်း (MG-၈၁၃၂၁၇)နေရာရှိ တောင်ကုန်းကို မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်ခန့်တွင် လည်းကောင်း၊ ခန့်မှန်း မြေပုံညွှန်း(MG-၈၁၇၂၁၈) နေရာရှိ တောင်ကုန်းကို မွန်းလွဲ ၂ နာရီ ၁၅ မိနစ် ခန့်တွင် လည်းကောင်း သိမ်းပိုက် ရရှိခဲ့သည်။

မတ် ၆ ရက်မှ ယနေ့ နောက်ဆုံးသိမ်းပိုက် ပြီးချိန်အထိ ရန်သူ့ထံမှ အလောင်း ၂၈ လောင်း၊ လက်နက်မျိုးစုံ ၅၉ လက်၊ ခဲယမ်းနှင့်ဆက်စပ် ပစ္စည်းများမျိုးစုံနှင့် စိတ်ကြွရူးသွပ် ဆေးပြား တစ်သိန်း သုံးသောင်းကျော် သိမ်းဆည်း ရမိခဲ့ပြီး တပ်မတော်မှ အရာရှိ၊ စစ်သည်အချို့ ကျဆုံး၊ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

အဆိုပါသိမ်းပိုက် ရရှိခဲ့သည့် ဘီပီ ၁၂၆ နှင့် ဘီပီ ၁၂၇ အကြားရှိ တောင်ကုန်းများနှင့် အနီးပတ်ဝန်းကျင် နေရာတစ်ဝိုက်မှ MNDAA အကြမ်းဖက် သောင်းကျန်းသူ များသည် အများပြည်သူ ထိခိုက်ဒဏ်ရာ ရရှိစေရန်နှင့် အစိုးရ အုပ်ချုပ်မှု ယန္တရားများ ပျက်ပြားစေရန် ယုတ်မာ ပက်စက်သော အကြံအစည်များဖြင့် လောက်ကိုင်မြို့ အတွင်းသို့ မတ် ၁၁ ရက်၊ ၁၂ ရက်နှင့် ၂ဝ ရက်တို့တွင် ၁ဝ၇ မမ ဒုံးသီး ၂၅ လုံးဖြင့် အကြိမ်ကြိမ် ပစ်ခတ်နှောင့်ယှက် တိုက်ခိုက်ခဲ့ရာ မြို့အတွင်းရှိ လူဝင်မှု ကြီးကြပ်ရေးရုံးနှင့် ကျင်း တင်ဟိုတယ် အကြား ဦးပယ်ရင်းဖူ ၏ နေအိမ်ခြံဝင်း အတွင်း ဒုံးသီးတစ်လုံး ကျရောက်ပေါက်ကွဲ ခဲ့သဖြင့် ၄င်း၏ သမီးဖြစ်သူ မပယ်ဖုန်ရင် ၉ နှစ် ကို ဒုံးသီးအစများ ထိမှန်ပြီး စိုးရိမ်ရဒဏ်ရာ ရရှိခဲ့သည်။ ၄င်းဒဏ်ရာ ရရှိခဲ့သည့် ကလေးငယ် ကို တပ်မတော် စစ်ကြောင်းမှ တာဝန်ရှိသူများက လောက်ကိုင်မြို့ရှိ တပ်မတော် ဆေးရုံသို့ တက်ရောက် ကုသနိုင်ရေး  စီစဉ်ဆောင်ရွက် ပေးခဲ့သည်။ အဆိုပါနှစ်နိုင်ငံ နယ်စပ်နီးကပ်မှုကို အခွင့်ကောင်းယူကာ MNDAA အကြမ်းဖက် သောင်းကျန်းသူများခြေကုပ်ယူထားသည့် တောင်ကုန်းများကို တပ်မတော်စစ်ကြောင်းများက တိုက်ခိုက်သိမ်းပိုက် ခဲ့ရာတွင် တစ်ဖက်နိုင်ငံသို့  ကျည်ကျော်ကျ ရောက်မှု မရှိစေရေး အမြောက်၊ လက်နက်ကြီးများ၏ ပစ်ခတ်မှုများကို စနစ်တကျ တွက်ချက်ပြီး ပစ်ခတ်မှု ထိန်းချုပ် တိုက်ခိုက်ခဲ့ရ သလို အကြမ်းဖက် သောင်းကျန်းသူ များက နှစ်နိုင်ငံချစ်ကြည်ရေး ပျက်ပြားစေရန် ရည်ရွယ်ကာ တစ်ဖက်နိုင်ငံ အတွင်းသို့ ၄င်းတို့ လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်မှု များကိုလည်း နှစ်နိုင်ငံနယ်မြေခံ တပ်အချင်းချင်း ချစ်ကြည် ရင်းနှီးမှု၊ ပျက်ပြားမှု မရှိစေရေး ညှိနှိုင်းလျက် နယ်မြေအလိုက် ရှင်းလင်းထိန်းချုပ် ခဲ့ရသည်။ 

MNDAA အကြမ်းဖက် သောင်းကျန်းသူများ၏ နိုင်ငံတော်အစိုးရနှင့် တပ်မတော်ကို အကျပ်အတည်းနှင့် ရင်ဆိုင်ရစေရန် ရည်ရွယ်ချက်ရှိရှိဖြင့် အကြမ်းဖက် လုပ်ရပ်များ ဆောင်ရွက်ခဲ့သော်လည်း တပ်မတော်နှင့် ဒေသခံပြည်သူ လူထုတို့ ပူးပေါင်းပြီး အခက်အခဲ အကျပ်အတည်း မျိုးစုံကြားမှ နှစ်နိုင်ငံ ချစ်ကြည်ရေးလည်း မပျက်ပြား စေရန် ခဲရာခဲဆစ် ဖြေရှင်းဆောင်ရွက် ခဲ့ရသဖြင့် သတင်းရေးသားချိန် အထိ MNDAA အကြမ်းဖက် သောင်းကျန်းသူများ မရှုမလှဆုတ်ခွာ ထွက်ပြေးမှုအပေါ် တပ်မတော် စစ်ကြောင်းများ ကလည်း ကောက်သင်းကောက် လိုက်လံရှင်းလင်း ချေမှုန်းလျက် ရှိကြောင်း သိရသည်။

အလားတူ မတ် ၆ ရက်တွင် MNDAA အကြမ်းဖက် သောင်းကျန်းသူများ အခြေပြုလျက် ရှိသည့် ပွိုင့်-၂၁၄၅ တောင်ကုန်းကို တပ်မတော် စစ်ကြောင်းများက သိမ်းပိုက်ခဲ့မှုကြောင့် သောင်းကျန်းသူများ မရှုမလှဖြင့် ဆုတ်ခွာ ထွက်ပြေး သွားပြီးနောက် အချို့ အကြမ်းဖက် သောင်းကျန်းသူ များသည် နှစ်နိုင်ငံနယ်စပ်မျဉ်း ပေါ်ရှိ ပွိုင့်-၂ဝ၁ဝ ခန့်မှန်းမြေပုံညွှန်း (MG - ၆၉၈၅၂၄) နေရာတစ်ဝိုက် ခံစစ်စခန်း တည်ဆောက်လျက် ရှိကြောင်း သတင်းရရှိ သဖြင့် တပ်မတော်စစ်ကြောင်း တစ်ခုက မတ် ၂၂ ရက်တွင် အောင်မြင်စွာ ကျားကုတ်ကျားခဲ ချဉ်းကပ် တိုက်ခိုက်ချေမှုန်း သိမ်းပိုက်ရရှိထားပြီး အဆိုပါနေရာ တစ်ဝိုက် နယ်မြေဆက်လက် ရှင်းလင်းလျက် ရှိကြောင်းလည်း သိရသည်။

သို့ဖြစ်၍ လောက်ကိုင်မြို့နှင့် နှစ်နိုင်ငံ နယ်စပ်အကြား MNDAA အကြမ်းဖက် သောင်းကျန်းသူများ၏ ရူးသွပ်သော စိတ်အကြံအစည်ဖြင့် ဆောင်ရွက်ခဲ့သည့် အကြမ်းဖက် လုပ်ရပ် စိတ်ကူးယဉ်မှု များသည် သဲထဲရေသွန် သကဲ့သို့သာ မရှုမလှဖြင့် နိဂုံးချုပ်ခါနီး အခြေအနေသို့ ရောက်ရှိလျက် နောက်ဆုံးကျန်ရှိ နေသည်ဟု ယူဆရသည့် ယာယီခံစစ် နေရာအား ဆက်လက်ရှင်းလင်း ချေမှုန်းရန် တပ်မတော် စစ်ကြောင်းများက စီမံ ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။



မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...