Social Icons

Pages

Friday, March 10, 2017

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကမ္ဘောဒီးယားနိုင်ငံ ဒုတိယ၀န်ကြီးချုပ်နှင့် အမျိုးသားကာကွယ်ရေးဝန်ကြီး Gen. Tea Banh နှင့်တွေ့ဆုံဆွေးနွေး


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် 
ကမ္ဘောဒီးယားနိုင်ငံ ဒုတိယ၀န်ကြီးချုပ်နှင့် အမျိုးသားကာကွယ်ရေးဝန်ကြီး Gen. Tea Banh တို့
 တွေ့ဆုံဆွေးနွေးစဉ်

နေပြည်တော် ၊ ၁၀-၃-၂၀၁၇

ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင်မြို့သို့ ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် မတ် ၈ ရက် ဒေသစံတော်ချိန် ညနေ ၃ နာရီတွင် အမျိုးသား
ကာကွယ်ရေးဝန်ကြီး ဌာနသို့ သွားရောက်၍ ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် အမျိုးသား ကာကွယ်ရေးဝန်ကြီး Gen. Tea Banh အားတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် နှင့်အတူ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် တပ်မတော် အရာရှိကြီးများ၊ သံအမတ်ကြီး ဦးမြင့်စိုးနှင့် စစ်သံမှူး ဗိုလ်မှူးကြီး ၀င်းကို တို့ တက်ရောက်ကြပြီး Gen. Tea Banh နှင့်အတူ အမျိုးသားကာကွယ်ရေး ဝန်ကြီးဌာနမှ Secretary General ဖြစ်သူ Gen. Sam Vanthan နှင့် တပ်မတော် အရာရှိကြီးများ တက်ရောက်ကြသည်။ ထိုသို့ တွေ့ဆုံရာတွင် Gen. Tea Banh က မြန်မာ-ကမ္ဘောဒီးယား တပ်မတော်နှစ်ရပ် အကြား ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များအတွက် ဝမ်းမြောက်ပါကြောင်း ၊ ယင်းအစီအစဉ်များကို ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြား၍ ကမ္ဘောဒီးယား နိုင်ငံတွင် လွန်ခဲ့သည့် ၁ဝ နှစ်ကျော်က တိုင်းပြည် အခြေအနေ ရှုပ်ထွေးခဲ့ကြောင်း ၊ လုံးဝငြိမ်းချမ်း သွားသည့် ၁ဝ နှစ်ကျော်ကာလ အတွင်းတွင်လည်း တိုင်းပြည်ကို ခက်ခက်ခဲခဲ တည်ဆောက် ခဲ့ရကြောင်း ၊ မြန်မာနှင့် ကမ္ဘောဒီးယား တို့သည် တူညီသည့် အခြေအနေများစွာ ရှိကြောင်း၊ နိုင်ငံတစ်ခု ဖွံ့ဖြိုး တိုးတက်အောင် ထိန်းကျောင်း ပေးရန် တပ်မတော်တွင် တာဝန်ရှိကြောင်း မိမိတို့နှစ်နိုင်ငံလုံးတွင် လူ့အခွင့်အရေး နှင့် ပတ်သက်၍ စွပ်စွဲပြစ်တင်မှုများ ရှိနေကြောင်း၊ နှစ်နိုင်ငံ၏ အတွေ့အကြုံများကို ဖလှယ်ပြီး ပိုမို ကောင်းမွန်သည့် အခြေအနေ တစ်ရပ်ကို ဖန်တီးလုပ်ဆောင်ရမည် ဖြစ်ကြောင်းဆွေးနွေး ပြောကြားသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က မိမိ၏ခရီးစဉ်သည် နှစ်နိုင်ငံ တပ်မတော်နှစ်ရပ် အကြား ဆက်ဆံရေးပိုမို ခိုင်မြဲ၍ ပူးပေါင်း ဆောင်ရွက်မှုများ မြှင့်တင်နိုင်ရန် လာရောက်ခြင်း ဖြစ်ကြောင်း၊ မိမိတို့နှစ်နိုင်ငံ သည် ဆင်းသက်လာသည့် မျိုးနွယ်စု၊ ထေရဝါဒ ဗုဒ္ဓဘာသာ ကိုးကွယ်မှု၊ ယဉ်ကျေးမှုနှင့် စိုက်ပျိုးရေးကို အခြေခံသည့် စီးပွားရေးများ တူညီပါကြောင်း၊ ယင်းတူညီမှု အခွင့်အရေးကို အကျိုးရှိအောင် လုပ်ဆောင်ရမည် ဖြစ်ကြောင်း၊ တပ်မတော်ပိုင်း ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု များကိုလည်း မြှင့်တင်သွားမည် ဖြစ်ကြောင်း၊ နှစ်နိုင်ငံ၏ အခြေအနေများကို အပြန်အလှန်သိရှိ နားလည်ပြီး တစ်နိုင်ငံနှင့် တစ်နိုင်ငံ ထောက်ခံရပ်တည် ကြရမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် လွတ်လပ်ရေး ရရှိချိန်မှ ယနေ့တိုင် တိုင်းပြည်ဖွံ့ဖြိုး တိုးတက်အောင် ကြိုးစားလုပ်ဆောင် နေရဆဲဖြစ်ကြောင်း၊ ကမ္ဘောဒီးယား နိုင်ငံအနေဖြင့် တိုင်းပြည်ငြိမ်းချမ်းရေး ရရှိပြီး ၁ဝ စုနှစ် ၂ ခုအတွင်း တိုးတက်အောင် လုပ်ဆောင်နိုင်မှုမှာ ခေါင်းဆောင်မှု၊ အစိုးရ၊ ပါတီတို့၏ ကောင်းမွန်မှုနှင့် ပြည်သူတို့၏ စုစည်း ညီညွတ်စွာ ပါဝင် ဆောင်ရွက်မှုကြောင့် ဖြစ်ကြောင်း၊ မိမိတို့တပ်မတော် အနေဖြင့်လည်း တိုင်းပြည်တိုးတက် လိုစိတ်ဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် အပြည့်အဝ ပူးပေါင်း လုပ်ဆောင်နေကြောင်း ပြန်လည်ဆွေးနွေး ပြောကြားသည်။ 

တွေ့ဆုံပွဲအပြီးတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် Gen. Tea Banh တို့ သည် အထိမ်းအမှတ် တံဆိပ်များ အပြန်အလှန် လဲလှယ်ကြပြီး အဖွဲ့ဝင်များနှင့် စုပေါင်းဓာတ်ပုံ ရိုက်ကူးခဲ့ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...