Social Icons

Pages

Friday, March 10, 2017

သီတဂူဆရာတော်ကြီး၏ သက်တော် ၈၀ ပြည့်မွေးနေ့မင်္ဂလာ စစ်ကိုင်းတောင်ရိုး၌ ၁၀ ရက်တိုင် ကျင်းပမည်


သီတဂူ ကမ္ဘာ့ဗုဒ္ဓဘာသာတက္ကသိုလ် ၊ စစ်ကိုင်း

စစ်ကိုင်း ၊ ၁၀-၃-၂၀၁၇

သီတဂူ ဆရာတော်ကြီး၏ သက်တော် ၈ဝ ပြည့် မွေးနေ့ မင်္ဂလာနှင့် သီတဂူ အပြည်ပြည်ဆိုင်ရာ ဝိပဿနာ အကယ်ဒမီ ဖွင့်ပွဲ မင်္ဂလာ အခမ်းအနားကို မတ် ၁၁ ရက်မှ ၂ဝ ရက်အထိ စစ်ကိုင်း တောင်ရိုးရှိ သောတာပန် ရပ်ကွက် သဒ္ဓမ္မ သီတဂူချောင် သီတဂူ ကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်၌ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

သီတဂူဆရာတော်ကြီး သည် မြန်မာနိုင်ငံအတွင်း D.Litt ၊ ထိုင်းနိုင်ငံ ဗန်ကောက်၊ အိန္ဒိယနှင့် ကမ္ဘောဒီးယား စသောနိုင်ငံတို့၏ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ကြီးများ၌ Ph.D ဘွဲ့များရရှိထားပြီး သီရိလင်္ကာနှင့် ကမ္ဘာ့နိုင်ငံ အသီးသီး၌ ဗုဒ္ဓဘာသာ ပြန့်ပွားရေး လုပ်ငန်းများ ဆောင်ရွက်လျက် ရှိသည်။

ဆရာတော်ကြီး၏ မွေးနေ့မင်္ဂလာ အခမ်းအနားတွင် သီတဂူ အပြည်ပြည် ဆိုင်ရာ ဝိပဿနာ အကယ်ဒမီ၌ သီတဂူမော်ကွန်းတိုက် အုတ်မြစ်တော်စီ မင်္ဂလာအခမ်းအနား ကျင်းပခြင်း၊ ဆရာတော်ကြီး၏ မွေးနေ့ မင်္ဂလာနှင့် ဓမ္မပူဇာသဘင် ဆင်ယင်ကျင်းပ ခြင်း၊ စစ်ကိုင်းတောင်ရိုးရှိ ပင့်သံဃာ အပါး ၁ဝဝဝ နှင့် သီလရှင်အပါး ၁ဝဝဝ တို့အား သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ၌ ဆွမ်းတော်ကြီး လောင်းလှူခြင်း၊ ညစဉ် စစ်ကိုင်းတောင်ရိုး၌ အဘိဓဇ မဟာရဋ္ဌဂုရု ဆရာတော်ကြီး များက တရားတော်များ ဟောကြား ချီးမြှင့်ခြင်း၊ သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အသီးသီးမှ ဘွဲ့ရရှိသူများအား ဘွဲ့လက်မှတ်များ ပေးအပ်ချီးမြှင့်ခြင်း၊ သီတဂူ သာသနာပြု လုပ်ငန်းများတွင် ကုသိုလ်ဖြစ် တာဝန်ထမ်းဆောင် ခဲ့သော ဆရာဝန်ကြီးများနှင့် သူနာပြု ဆရာ၊ ဆရာမ များအား ဂုဏ်ပြုလက်မှတ်များ ချီးမြှင့်ခြင်းတို့ ပြုလုပ် သွားမည် ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...