Social Icons

Pages

Wednesday, March 15, 2017

ယခုနှစ် ဖေဖော်ဝါရီလကုန်အထိ မြိတ်ကျွန်းစုကျွန်းများ ရှိရာသို့ ပြည်ပခရီးသွား စက်တပ်လှေခရီးစဉ် ၁၆၀ ကျော်ဝင်ရောက်



မြိတ် ၊ ၁၅-၃-၂၀၁၇

ယခုနှစ် ဖေဖော်ဝါရီလကုန် အထိ မြိတ်ကျွန်းစု ကျွန်းများရှိရာသို့ လာရောက် လည်ပတ်သော ပြည်ပခရီးသွား စက်တပ်ရွက်လှေ ခရီးစဉ် ၁၆ဝ ကျော် ဝင်ရောက် ထားကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

အဆိုပါမြိတ်ကျွန်းစု အတွင်းသို့ ၂ဝ၁၆ ခုနှစ်အတွင်းက စက်တပ် ရွက်လှေဖြင့် လာရောက် လည်ပတ်သည့် ခရီးစဉ် ၄၇ဝ ရှိခဲ့ပြီး ၂ဝ၁၅ ခုနှစ်အတွင်းက စက်တပ်ရွက်လှေ ခရီးစဉ် ၃၉၆ ခု ဝင်ရောက်ခဲ့သည်။ ယင်း ခရီးစဉ်များတွင် လိုက်ပါလာသော နိုင်ငံခြား ခရီးသွားဧည့်သည် ဦးရေမှာ ၂ဝ၁၇ ခုနှစ် ဖေဖော်ဝါရီလ အထိ ၁၃၉၇ ဦး၊ ၂ဝ၁၆ ခုနှစ်တွင် ၃၉၆၁ ဦး၊ ၂ဝ၁၅ ခုနှစ်တွင် ၃၂၇ဝ ဦး လာရောက် လည်ပတ် ခဲ့ကြောင်း၊ မြိတ်ကျွန်းစုများ အတွင်း စက်တပ်ရွက်လှေဖြင့် နိုင်ငံခြားခရီးသွား ဧည့်သည် လာရောက် လည်ပတ်မှုကို ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ယခုနှစ်အတွင်း ဝင်ရောက်မှု ပိုမိုများပြားကြောင်း သိရသည်။

နိုင်ငံခြားခရီးသွား ဧည့်သည် လာရောက် လည်ပတ်မှု အများဆုံးသော နေရာမှာ ကော့သောင်းခရိုင် အတွင်းရှိ ကျွန်းစုများသို့ ဖြစ်ပြီး နိုင်ငံခြားခရီးသွား ဧည့်သည်များ အကြား စိတ်ဝင်စားမှု မြင့်တက်နေသော မြိတ်ကျွန်းစု များစွာရှိကြောင်း၊ ကျွန်းစုပေါင်း ၈ဝဝ ကျော်ဖြင့် ဖွဲ့စည်းထားသော မြိတ်ကျွန်းစုတွင် အမြဲစိမ်းတော အမျိုးအစား ၁၉၅ မျိုး၊ ဒီရေတောနှင့် သဲခုံတော သဘာဝပေါက် အပင် အမျိုးအစား ၆၃ မျိုး၊ နို့တိုက်သတ္တဝါ အမျိုးအစား ၁၉ မျိုးရှိကြောင်း၊ ယင်းနေရာများသို့ လာရောက် လေ့လာကြပြီး သဘာဝအတိုင်း လှပနေသည့် ယင်းမြိတ်ကျွန်းစု များမှာ ၂ဝ၁၆ ခုနှစ်မှစတင်၍ နိုင်ငံခြားခရီးသွား ဧည့်သည်များ အကြား လူသိများထင်ရှား လာခြင်းဖြစ်သည်။  မြိတ်ကျွန်းစုများ အတွင်းသို့ နိုင်ငံခြား ခရီးသွားဧည့်သည် များအနေဖြင့် ကုန်းလမ်း၊ ရေလမ်းကြောင်းနှင့် လေကြောင်းခရီးစဉ် များဖြင့် လာရောက် လည်ပတ်ကြကြောင်း သိရသည်။

ယခုနှစ် ဖေဖော်ဝါရီလအတွင်း ခရီးစဉ် ၇၉ ခုအထိရှိပြီး နိုင်ငံခြား ခရီးသွားဧည့်သည် ၆ဝ၄ ဦး လိုက်ပါသည့် ထိုင်းနိုင်ငံသားပိုင် စက်တပ် ရွက်လှေပေါင်း ၃၅ စင်းနှင့် မြန်မာ နိုင်ငံသားပိုင် စက်တပ်ရွက်လှေ သုံးစင်းတို့ဖြင့် လာရောက် လည်ပတ်ခဲ့သည်။ ယခုနောက်ပိုင်းတွင် မြိတ်ကျွန်းစု အတွင်း လာရောက် လည်ပတ်မှု များပြားလာ သောကြောင့် သဘာဝခရီးသွား လုပ်ငန်းများကို ဖော်ဆောင်နေပြီး တိုးတက်မှု အရှိန် မြင့်မားလာဖွယ် ရှိကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...