Social Icons

Pages

Tuesday, March 21, 2017

ချင်းပြည်နယ်အတွင်း ရေကြီးမြေပြိုမှုများကို မောင်းသူမဲ့လေယာဉ်ဖြင့် တိုင်းတာခြင်း နှင့် အသုံးချမြေပုံများ ထုတ်လုပ်ပေး



ဟားခါး ၊ ၂၁-၃-၂၀၁၇

ပညာရေးဝန်ကြီးဌာန မြန်မာနိုင်ငံ လေကြောင်းနှင့် အာကာသ ပညာတက္ကသိုလ်၊ မောင်းသူမဲ့ လေယာဉ် သုတေသနဌာန နှင့် ကုလသမဂ္ဂ စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာအဖွဲ့ (UNFAO) တို့ ပူးပေါင်း၍ မတ် ၁၅ ရက်မှစတင်ကာ ချင်းပြည်နယ် ဟားခါး၊ ဖလမ်းနှင့် တွန်းဇံမြို့နယ် တို့ရှိ ရေကြီးမြေပြိုမှု များကို မောင်းသူမဲ့ လေယာဉ်ဖြင့် ကောင်းကင် ဓာတ်ပုံရိုက် Survey တိုင်းတာခြင်းနှင့် အသုံးချမြေပုံများ ထုတ်လုပ်ပေးခြင်း တို့ကို ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

အဆိုပါမောင်းသူမဲ့ လေယာဉ်ဖြင့် ကောင်းကင်ဓာတ်ပုံ ရိုက် Survey တိုင်းတာခြင်းနှင့် အသုံးချမြေပုံများ ထုတ်လုပ်ပေးခြင်းတို့ ဆောင်ရွက်ရာတွင် ရရှိလာသော အသုံးချမြေပုံ များမှတစ်ဆင့် တိကျသည့် ကွန်တိုလိုင်းများ ပါရှိသည့် မြေပုံများ ထုတ်လုပ်ပေး နိုင်ခြင်း၊ လူနေထိုင်မှု၊ စိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာ အချက်အလက် များကို ခွဲခြားသိရှိ ဆန်းစစ်နိုင်ခြင်း၊ လက်ရှိ မြေပြင် ပကတိအနေထား အတိုင်း Digitalize 3D မြေပုံများ ထုတ်လုပ်ပေးနိုင်ခြင်း၊ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ ပျက်စီးမှုစစ်တမ်း ကောက်ယူခြင်းနှင့် ကြိုတင် ကာကွယ်ခြင်း လုပ်ငန်းများ စီမံခန့်ခွဲနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြောင်း မောင်းသူမဲ့လေယာဉ် သုတေသနဌာနမှ သိရသည်။

''ကျွန်တော်တို့ တက္ကသိုလ် သုတေသနဌာန အနေနဲ့ ၂ဝ၁၆ ခုနှစ် အောက်တိုဘာ တုန်းကလဲ ကုလသမဂ္ဂ စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာ အဖွဲ့တို့ ပူးပေါင်းပြီး မကွေးတိုင်း ဒေသကြီးအတွင်း ရေဘေးသင့်ဒေသ တွေမှာ စိုက်ပျိုးဧက ပျက်စီးဆုံးရှုံးမှု စစ်တမ်းကောက်ယူ နိုင်ဖို့နဲ့ သဘာဝ ဘေးန္တရာယ်ဆိုင်ရာ ကြိုတင်စီမံခန့်ခွဲမှု တွေပြုလုပ်နိုင်ဖို့ မောင်းသူမဲ့ လေယာဉ် အသုံးပြုပြီးတော့ ကောင်းကင် ဓာတ်ပုံရိုက် Survey တိုင်းတာမှုနဲ့ အသုံးချ မြေပုံထုတ်လုပ်ပေးမှု တွေကို ဆောင်ရွက်ပေးနိုင် ခဲ့ပါတယ်''ဟု မြန်မာနိုင်ငံ လေကြောင်းနှင့် အာကာသ ပညာတက္ကသိုလ်၊ မောင်းသူမဲ့ လေယာဉ် သုတေသနဌာန၊ ဌာနမှူး ပါမောက္ခ ဒေါက်တာ သဲမောင်မောင် က ပြောပြသည်။

မောင်းသူမဲ့ လေယာဉ် သုတေသနအဖွဲ့ အနေဖြင့် ၂ဝ၁၅ ခုနှစ်ကလည်း ကလေးမြို့ ရေဘေးသင့် ဒေသများတွင် မောင်းသူမဲ့ လေယာဉ်ဖြင့် သဘာဝဘေး အန္တရာယ် ကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများ၌ ဆောင်ရွက်ပေးနိုင် ခဲ့သည့်အပြင် ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ တံတား ဦးစီးဌာန အတွက် ရခိုင်ပြည်နယ် အတွင်းရှိ မင်းဘူး-အမ်း လမ်းပိုင်း တံတား တည်ဆောက်ရေး လမ်းအူကြောင်းရှာ လုပ်ငန်း အတွက်လည်းကောင်း၊ တောင်ငူမှ ဘုရားကြီးထိ ၅ဝဝ ကေဗွီအေ မဟာဓာတ်အားလိုင်း လမ်းအူကြောင်း ရှာခြင်း လုပ်ငန်းများ အတွက် လည်းကောင်း မောင်းသူမဲ့ လေယာဉ်ဖြင့် အကျိုးပြု ဆောင်ရွက်ပေးနိုင် ခဲ့ကြောင်း သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၂၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...