Social Icons

Pages

Friday, March 31, 2017

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကိုကိုးကျွန်း မြို့သို့ရောက်ရှိ၊ ဒေသခံပြည်သူများ၊ ၀န်ထမ်းမိသားစုများအားရင်းနှီးစွာတွေ့ဆုံ နှုတ်ဆက်


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကိုကိုးကျွန်း မြို့ရှိ ဌာနဆိုင်ရာဝန်ထမ်းများ ၊ ရပ်မိရပ်ဖများ ၊ ဒေသခံပြည်သူများအား တွေ့ဆုံနှုတ်ဆက်စကား ပြောကြားစဉ်။


နေပြည်တော် ၊ ၃၁-၃-၂၀၁၇

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော် အရာရှိကြီးများနှင့် တာဝန်ရှိသူများ လိုက်ပါ၍ မတ် ၂၉ ရက် ညနေ ၄ နာရီတွင် သန်လျင်တပ်နယ်ရှိ အမှတ်(၃)ရေတပ် ဆိပ်ခံတံတားမှနေ၍ ဖရီးဂိတ်စစ်ရေယာဉ် အောင်ဇေယျက ရှေ့မှအစောင့် လိုက်ပါ၍ ဖရီးဂိတ် စစ်ရေယာဉ် ဆင်ဖြူရှင်ဖြင့် ကိုကိုးကျွန်း သို့ စတင်ထွက်ခွာခဲ့ပြီး ယနေ့ နံနက် ၉ နာရီ ၁၀ မိနစ်တွင် ကိုကိုးကျွန်း မြို့သို့ ရောက်ရှိရာ စစ်ဦးစီးအရာရှိချုပ် (ရေ) ဗိုလ်ချုပ် မိုးအောင် နှင့် နယ်မြေခံ ရေတပ်စခန်းဌာနချုပ်မှ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက် ကြသည်။

ထို့နောက် ရေတပ်စခန်းဌာနချုပ် စိုက်ပျိုးမွေးမြူရေးခြံအတွင်းရှိ ကြက်ခြံ အတွင်း Novogen Brown ဥစားကြက် များမွေးမြူထားရှိမှု၊ ၀က်ခြံအတွင်း DYL ၀က်များမွေးမြူထားရှိမှု၊ နို့စားနွားများ မွေးမြူထားမှု၊ ရာသီသီးနှံများ စိုက်ပျိုးထားရှိမှု၊ Green House ဖြင့်အသီးအနှံပင်များ စိုက်ပျိုးထားရှိမှုနှင့် စိုက်ပျိုးမွေးမြူရေးခြံမှ ထွက်ရှိသည့် နွားနို့နှင့် ဟင်းသီးဟင်းရွက် များအား ကြည့်ရှုစစ်ဆေးသည်။ ဆက်လက်၍ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် နှင့် အဖွဲ့ဝင်များသည် ကိုကိုးကျွန်း ဖွံ့ဖြိုးရေးစခန်းအား မှတ်တမ်း အထောက်အထားများ အရ ယခင်ဆောက်လုပ် ထားသည့်ပုံစံအတိုင်း ပြန်လည်ပြုပြင် ထားရှိမှုနှင့် ကိုကိုးကျွန်းပတ်လမ်းမှ ကြွက်ကျွန်းသို့ သွားသည့် မြေသားလမ်း ဖောက်လုပ်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေး ကြသည်။ ယင်းနောက် ရေတပ် စခန်းဌာနချုပ်ရှိ အုန်းထွက်ပစ္စည်းများနှင့် အိမ်သုံးပစ္စည်းများ ထုတ်လုပ်မှုလုပ်ငန်းတွင် အုန်းဆီသန့် ထုတ်လုပ်နေမှု အဆင့်ဆင့်၊ အုန်းမီးသွေး ထုတ်လုပ်ရန် ပြင်ဆင်ဆောင်ရွက် နေမှုများနှင့် ခင်းကျင်းပြသထားသည့် အုန်းထွက် ပစ္စည်းများနှင့် ပြုလုပ်ထားသော မီးဆိုင်းအပါအ၀င် အုန်းထွက်လက်မှု အလှဆင်ပစ္စည်း များအား ကြည့်ရှုရာ တာဝန်ရှိ သူများက ရှင်းလင်းတင်ပြ ကြသည်။

၎င်းနောက် တပ်မိသားစုဝင်များနှင့် ဒေသခံပြည်သူများ အုန်းထွက်အလှဆင် ပစ္စည်းများထုတ်လုပ်နေမှု အခြေအနေများ အားကြည့်ရှုစစ်ဆေးပြီး ကိုကိုးကျွန်းတွင် အုန်းပင်များလေးသောင်းကျော်ရှိနေခြင်းကြောင့် နှစ်စဉ် အုန်းသီးများစွာ ထွက်ရှိကြောင်း၊ အုန်းထွက်ပစ္စည်းများ သုံးစွဲသူများအတွက် ပိုမိုဆွဲဆောင်မှု ရှိစေရန် လက်ရာပိုမို သေသပ် ကောင်းမွန်ရေး၊ ပိုမိုဆန်းသစ်သော ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်အောင် တီထွင်ကြံဆ လုပ်ဆောင်ရေး  နှင့် ထုတ်လုပ်မှုစနစ် သေသပ်ကောင်းမွန်ရေး စီမံဆောင်ရွက် ကြရန် မှာကြားသည်။

ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် ကိုကိုးကျွန်းမြို့နယ် ခန်းမ၌ ကိုကိုးကျွန်းမြို့ရှိ ဌာနဆိုင်ရာ ၀န်ထမ်းများ၊ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူ များအား တွေ့ဆုံ နှုတ်ဆက်စကား ပြောကြားသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ကိုကိုးကျွန်းမြို့နေ ပြည်သူလူထု အတွက် ယူဆောင်လာသည့် စားသောက် ဖွယ်ရာများ ပေးအပ်ရင်း နှုတ်ဆက်စကား ပြောကြားလိုကြောင်း၊ မိမိအနေဖြင့် ကိုကိုးကျွန်းသို့ ကြိမ်ဖန်များစွာ ရောက်ရှိခဲ့ကြောင်း၊ ပထမအကြိမ် ကိုကိုးကျွန်းသို့ ရောက်ရှိစဉ်က စတင်၍ ဒေသခံပြည်သူ လူထု၏ လိုအပ်ချက် များကိုတွေ့မြင် သိရှိပြီး သွားလာရေး၊ နေထိုင်ရေး၊ စားသောက်ရေး ကိစ္စအ၀၀တွင် အတတ်နိုင်ဆုံး ဖြည့်ဆည်း လုပ်ဆောင်ပေး ခဲ့ကြောင်း၊ မြို့နေပြည်သူလူထု အနေဖြင့်လည်း မိသားစုဝင်ငွေ ရရှိရေးအတွက် ရနိုင်သည့် အခြေအနေအပေါ် မှုတည်ပြီး ကိုယ်တိုင်ကြိုးစား လုပ်ဆောင်ကြရန် လိုကြောင်း၊ ကိုကိုးကျွန်း ရေတပ် စခန်းဌာနချုပ်တွင် စိုက်ပျိုးရေးလုပ်ငန်းများ အမှန်တကယ် စိုက်ပျိုးအောင်မြင် နေသည်ကို တွေ့ရကြောင်း၊ ရေတပ်စခန်းဌာနချုပ် တွင် မွေးမြူထားသည့် Novogen Brown ကြက်ခြံမှ မြို့နေလူထု၏ ကြက်ဥ လိုအပ်ချက် ၃၅ ရာခိုင် နှုန်းအား သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးနိုင်ကြောင်း၊ အလားတူ DYL ၀က်၊ နို့စားနွားမွေးမြူခြင်း၊ ရာသီ သီးနှံများအား Green House ဖြင့်စိုက်ပျိုးခြင်း၊ စိုက်ခင်းစိုက်ပျိုးခြင်း များမှာလည်း အောင်မြင် ဖြစ်ထွန်းလျက် ရှိကြောင်း၊ သို့ဖြစ်၍ မြို့အုပ်ချုပ်ရေးအဖွဲ့၊ မြို့မိမြို့ဖများ၏ ဦးဆောင်မှုဖြင့် မြို့နေလူထု၏ စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများ အား လုပ်ဆောင်ရမည် ဖြစ်ကြောင်း၊ ၎င်းအပြင် မိသားစုဝင်ငွေ ရရှိရေး အတွက် ကိုကိုးကျွန်းတွင် အုန်းပင်များစွာ ရှိပြီး နှစ်စဉ် အုန်းသီး ၄ သိန်းခန့် ထွက်ရှိကြောင်း၊ ယင်းအုန်းသီးများမှ အုန်းဆီထုတ်ခြင်း၊ အုန်းအမှုန့်များကို မြေသြဇာအဖြစ် အသုံးပြုခြင်း၊ အုန်းထွက်ပစ္စည်း များကို အိမ်တွင်းလက်မှု လုပ်ငန်းများဖြင့် အလှဆင်ပစ္စည်းများ ထုတ်လုပ်ခြင်းတို့ဖြင့် ၀င်ငွေများစွာရရှိ နိုင်ကြောင်း၊ တပ်မတော် အနေဖြင့်လည်း မြို့နေလူထု၏ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ၊ အုန်းနှင့်အုန်းထွက် ပစ္စည်း ထုတ်လုပ်သည့် လုပ်ငန်းများတွင် ၀ိုင်းဝန်းကူညီ ဆောင်ရွက်ပေး မည်ဖြစ်ကြောင်း၊ သယံဇာတပစ္စည်း များမှာ သုံးစွဲပါက ကုန်သွားမည်ဖြစ်၍ အုန်းပင်များကို စနစ်တကျ ထပ်မံစိုက်ပျိုး ကြရမည်ဖြစ်ကြောင်း၊ မြို့သန့်ရှင်း သာယာလှပရေး နှင့်မြို့တည်ဆောက်ရေး လုပ်ငန်းများတွင်လည်း အားလုံးက ကိုယ်စီ အသိတရားဖြင့် ပါဝင်ထိန်းသိမ်း လုပ်ဆောင်ကြရန် လိုကြောင်း၊ ထိုသို့ တပ်မတော် နှင့်ပြည်သူ လက်တွဲညီစွာ ပူးပေါင်းဆောင်ရွက် ခြင်းဖြင့် မြို့နေလူထု၏ လူမှုစီးပွားဘ၀ ပိုမိုဖွံ့ဖြိုးတိုးတက် နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

၎င်းနောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ကိုကိုးကျွန်းမြို့နေ ပြည်သူလူထု နှင့် ၀န်ထမ်းမိသားစုများ အတွက် ဒန်ပေါက်ထုတ် များနှင့်ရွှေပုဇွန်ကိတ်မုန့် များအား ပေးအပ်ရာ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးက လက်ခံရယူသည်။

ဆက်လက်ပြီး ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ် မှူးကြီးစိုးဝင်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသူရသက်ဆွေ တို့က စားသောက်ဖွယ်ရာ များနှင့် လက်ဆောင် ပစ္စည်းများ ပေးအပ်ကြရာ တာဝန်ရှိသူများက လက်ခံရယူ ကြသည်။

ထို့နောက် မြို့မိမြို့ဖတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် နှင့်အဖွဲ့ဝင်များသည် အခမ်းအနားသို့ တက်ရောက် လာကြသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် ကြသည်။

၎င်းနောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အဖွဲ့ဝင် များသည် ဇိနမာရဇိန် ဘုရားသို့သွားရောက် ဖူးမြော်၍ ပန်း၊ ရေချမ်း၊ ဆီမီးများကပ်လှူ ပူဇော်ကြပြီး စေတီတော်ကြီးအား လက်ယာရစ် ဖူးမြော်ကြည်ညို ၍ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ဂေါပကအဖွဲ့ထံအလှူငွေများ ပေးအပ်လှူဒါန်းသည်။ ယင်းနောက် သာသနာ့မဏ္ဍိုင် ကျောင်းတိုက် သို့သွားရောက်၍ ကျောင်းထိုင်ဆရာတော် ဥူးအဂ္ဂ၀ံသထံ မှ ငါးပါးသီလခံယူ ဆောက်တည်ကြသည်။ 

ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ဆရာတော်အား လှူဖွယ်ပစ္စည်းများနှင့် ၀တ္ထုငွေ များ ဆက်ကပ်လှူဒါန်း ခဲ့ကြကြောင်း သိရှိရသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သာသနာ့မဏ္ဍိုင်ကျောင်းတိုက်
 ကျောင်းထိုင်ဆရာတော် ဥူးအဂ္ဂ၀ံသ ထံ လှူဖွယ်ပစ္စည်းများနှင့် ၀တ္ထုငွေများ ဆက်ကပ်လှူဒါန်းစဉ်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နှင့်အဖွဲ့ဝင်များ ကိုကိုးကျွန်းမြို့နေ
 ပြည်သူလူထုနှင့် ၀န်ထမ်းမိသားစုများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်စဉ်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရေတပ်စခန်းဌာနချုပ်ရှိ 
စိုက်ပျိုးမွေးမြူရေးခြံ၌ Novogen Brown ဥစားကြက်များ မွေးမြူထားရှိမှုကို ကြည့်ရှုစစ်ဆးစဉ်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရေတပ်စခန်းဌာနချုပ်ရှိ 
စိုက်ပျိုးမွေးမြူရေးခြံမှ ထွက်ရှိသည့် ဟင်းသီးဟင်းရွက် များကို ကြည့်ရှုစစ်ဆေးစဉ်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကိုကိုးကျွန်းမြို့နေ
 ပြည်သူလူထုနှင့် ၀န်ထမ်းမိသားစုများအတွက် စားသောက်ဖွယ်ရာများ ပေးအပ်စဉ်

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...