Social Icons

Pages

Tuesday, March 21, 2017

စိတ်ကြွရူးသွပ်ဆေးပြားများ နှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိ



နေပြည်တော် ၊ ၂၁-၃-၂၀၁၇

တနင်္သာရီတိုင်း ဒေသကြီး၊ ရေဖြူမြို့နယ်၊ ကျောက်ကညာ ကျေးရွာ နေ ညီပု (ဘ) ဦးစန်းမြင့် ၏နေအိမ်အား မတ် ၁၉ ရက် မွန်းလွဲ ၂ နာရီ ခန့်တွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့က သတင်းအရ ဝင်ရောက် ရှာဖွေရာ ညီပုကို ရဲဝဏ္ဏကျော် (ဘ) ဦးကျော်မောင်၊ ဟိန်းသူရဇော် (ဘ) ဦးဆန်နီ၊ ညီငယ် (ဘ) ဦးအောင်သန်း တို့နှင့်အတူ တွေ့ရှိရပြီး ၄င်းတို့အနီးမှ မူးယစ်ဆေးဝါး သုံးစွဲရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်း များနှင့် WY စာတန်းပါ ပန်းရောင်စိတ်ကြွ ရူးသွပ်ဆေးပြား ၃၁ ပြား (ခန့်မှန်း တန်ဖိုးငွေကျပ် ၁ သိန်းခွဲခန့်) နှင့် ငွေစက္ကူ ရောရာ ငါးသိန်းကျော် တို့ကို တွေ့ရှိ ဖမ်းဆီးရမိ ခဲ့သည်။

ထို့နောက် သတင်းအရ ညီငယ်၏ နေအိမ်အား ဆက်လက် ရှာဖွေရာ နေအိမ်ခြံဝင်း အတွင်းမှ ပစ္စတိုသေနတ် တစ်လက်၊ ၉ မမကျည် ၁၅၇ တောင့်၊ ၄င်းကျည်အိမ် နှစ်ခု၊ ခြောက်လုံးပြူး သေနတ် တစ်လက်၊ ၄င်းကျည် နှစ်တောင့်၊ ပွိုင့်-၂၂ သေနတ် တစ်လက်၊ ၄င်းကျည် ၈ဝဝ တောင့် ၊ ၄င်းကျည်အိမ် နှစ်ခု၊ နှစ်လုံးပြူးသေနတ် တစ်လက်၊ ၄င်းကျည် တစ်တောင့်တို့ကို ထပ်မံတွေ့ရှိ သိမ်းဆည်း ရမိခဲ့သည်။

အလားတူ ကော့သောင်းမြို့၊ အေးရိပ်ငြိမ် ရပ်ကွက်၊ ဗိုလ်ရွှဲ(၃) လမ်းနှင့် ဦးသုခ ရေခဲစက် လမ်းထောင့်၌ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့က ည ၉ နာရီ ၄၅ မိနစ်ခန့်တွင် သတင်းအရ စောင့်ဆိုင်းစဉ် ဇွဲမြင့်ဦး (ဘ) ဦးမောင်မြင့် မောင်းနှင်၍ ကျော်သူရ (ဘ) ဦးခင်မောင်ဝင်း လိုက်ပါလာသည့် မော်တော်ဆိုင်ကယ် အား ရပ်တန့် စစ်ဆေးရာ ထားဝယ်မြို့၊ ညောင်ရမ်း တောင်ရပ်ကွက်နေ မင်းသက်ဌေး (ဘ) ဦးကျော်ထွန်းက ပို့ဆောင်ခိုင်းသည့် WY စာတန်းပါ ပန်းရောင်စိတ်ကြွ ရူးသွပ်ဆေးပြား ၅၉ဝ ပြား (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၉ သိန်းကျော်) တို့နှင့်အတူ ဖမ်းဆီး ရမိခဲ့သည်။

အဆိုပါ လက်နက်၊ ခဲယမ်းများ၊ မူးယစ်ဆေးဝါး များနှင့်အတူ ဖမ်းဆီးရမိ သူများအား ရေဖြူမြို့နယ် ရဲစခန်းနှင့် ကော့သောင်းမြို့မ ရဲစခန်းတို့၌ တရားဥပဒေ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...