Social Icons

Pages

Thursday, February 16, 2017

ဆေးဖက်ဝင် ခွေးလှေးယားသီးအစေ့ တစ်နှစ်လျှင် တန် ၂၀ ခန့် ပြည်ပသို့တင်ပို့



မကွေး ၊ ၁၆-၂-၂၀၁၇

ဆေးဖက်ဝင် ခွေးလှေးယားသီး အစေ့များကို တစ်နှစ်လျှင် တန်ချိန် ၂ဝ ခန့် တရုတ်နိုင်ငံ အပါအဝင် အာရှနိုင်ငံ အချို့သို့ တင်ပို့နေရကြောင်း မကွေးမြို့မှ ခွေးလှေးယားသီး စိုက်ပျိုးထုတ်လုပ်သူ ဦးသန်းအောင် ထံမှ သိရသည်။

ခွေးလှေးယားသီးမှာ အရိုင်းနှင့်အယဉ် နှစ်မျိုးရှိပြီး အယဉ်ကိုသာ စိုက်ပျိုးစားသုံး ကြသည်။ တစ်နိုင်ငံလုံး၏ ခွေးလှေးယားသီး စိုက်ပျိုး ထွက်ရှိမှုမှာ တစ်နှစ်လျှင် တန်ချိန် ၃ဝ ခန့်ရှိပြီး ပြည်တွင်း၌ ၁ဝ တန်ခန့် အသုံးပြုပြီး ပြည်ပသို့ တန်ချိန် ၂ဝ ခန့် တင်ပို့ရကြောင်း၊ တင်ပို့ရာတွင် အိမ်နီးချင်း နိုင်ငံများကိုသာ တင်ပို့ပြီး ဂျပန်နှင့် ကိုရီးယားနိုင်ငံ တို့က နှစ်ခြား၍ လာရောက်ဝယ်ယူ ကြကြောင်း၊ အဓိက တင်ပို့မှုမှာ ထိုင်းနှင့်အိန္ဒိယ နိုင်ငံဖြစ်ပြီး အားတိုးဆေး အတွက် ဝယ်ယူကြောင်း ဦးသန်းအောင် က ပြောပြသည်။

ခွေးလှေးယားသီးကို နယ်စပ်သို့ တင်ပို့ရာတွင် အသင်းအဖွဲ့မရှိ သောကြောင့် စိုက်ပျိုး ထုတ်လုပ်သူ တောင်သူများနှင့် ပုဂ္ဂလိက ကုမ္ပဏီများက သွားရောက် တင်ပို့ခြင်းဖြစ်ပြီး ၂ဝ၁၆ ခုနှစ်ကုန်ပိုင်းက ခွေး လှေးယားသီး အစေ့ တစ်တင်းလျှင် ငွေကျပ် ၁၅ဝဝဝဝ ဈေးရှိပြီး ယခု လက်ရှိတွင် ငွေကျပ် ၈ဝဝဝဝ ခန့်ရှိကြောင်း၊ ပြည်တွင်း၌ ခွေးလှေးယားသီး ကို တိုင်းရင်းဆေး အမျိုးအစား ၁၀ မျိုးခန့် ဖော်စပ်ရန်အတွက် လည်း ရောင်းချပေး ရကြောင်း ၄င်းက ပြောပြ၍ သိရသည်။

ခွေးလှေးယားပင်၏ မူလဒေသသည် မြန်မာနိုင်ငံ အပါအဝင် အပူပိုင်း အာရှဒေသနှင့် အာဖရိကဒေသ များဖြစ်ပြီး မြန်မာနိုင်ငံ၌ နေရာဒေသ အသီးသီးတွင် ပေါက်ရောက် နိုင်ကြောင်း၊ ခွေးလှေးယားသီး ကို တစ်နှစ် တစ်ကြိမ် စိုက်ပျိုးနိုင်ပြီး ယိုးဒယား ခွေးလှေးယားသီး ဟု ခေါ်သော အိန္ဒိယမျိုးစေ့မှာ တစ်နှစ်ကို နှစ်ကြိမ်စိုက်ပျိုး၍ ရသောကြောင့် စမ်းသပ်စိုက်ပျိုး နေကြောင်း သိရသည်။

ခွေးလှေးယားသီး အစေ့တွင် ပါဝင်သော အာဟာရဓာတ် များမှာ ကစီဓာတ်၊ ပရိုတင်းဓာတ်၊ အဆီဓာတ်၊ အမျှင်ဓာတ်များ ပါဝင်ပြီး သတ္တုဓာတ် အနည်းငယ် ပါဝင်ကြောင်း၊ ခွေးလှေးယားသီး မှာ ဆေးဖက်ဝင် အာနိသင် ရှိခြင်းကြောင့် သင့်တင့်သော ပမာဏခန့်သာ စားသုံးသင့်ပြီး စားသုံးမှုပမာဏ များပြားလျှင် ကျောက်ကပ်ရောဂါ ဖြစ်နိုင်ကြောင်း ခွေးလှေးယားသီး စိုက်ပျိုး ထုတ်လုပ်သူ ဦးသန်းအောင် ထံမှ သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၂၃)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...