Social Icons

Pages

Thursday, February 16, 2017

တန်ဖိုးမြှင့်ဝါးမီးသွေး ၊ ၀ါးဆပ်ပြာ နှင့် ၀ါးပရိဘောဂများ ယခုနှစ်အတွင်း ပထမဆုံးစတင် ထုတ်လုပ်မည်



မန္တလေး ၊ ၁၆-၂-၂၀၁၇

မန္တလေးမြို့တွင် ဝါးမှ ထုတ်လုပ်သော တန်ဖိုးမြှင့် ထုတ်ကုန်များ ဖြစ်သည့် ဝါးမီးသွေး၊ ဝါးဆပ်ပြာနှင့် ဝါးပရိဘောဂ များကို ယခုနှစ်အတွင်း ပထမဆုံး စတင် ထုတ်လုပ်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဝါးစိုက်ပျိုးရေး အသင်း (မန္တလေး)မှ သိရသည်။

တန်ဖိုးမြှင့် ထုတ်ကုန်များကို မြန်မာနိုင်ငံ ဝါးစိုက်ပျိုးရေး အသင်းနှင့် GTB ကုမ္ပဏီတို့ ပူးပေါင်း ထုတ်လုပ်မည်ဖြစ်ပြီး ထုတ်ကုန်များ ထုတ်လုပ်မှုကိုလည်း သင်တန်းများ ဖွင့်လှစ်သင်ကြား ပေးမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဝါးစိုက်ပျိုးရေး အသင်းဥက္ကဋ္ဌ ဦးကျော်ဝင်း က ပြောပြသည်။

''လုပ်စရာ ဝါးလဲရှိလာပြီ ဝယ်သူလဲ အဆင်သင့်ရှိတယ်။ မကြာခင် စပြီးလုပ်တော့မယ်။ ထုတ်လုပ်မှုနဲ့ Quality အတွက် အသင်းက သင်တန်း ပေးသွားပါမယ်''ဟု ၄င်းက ဆက်လက် ပြောပြသည်။

မြန်မာနိုင်ငံတွင် တန်ဖိုးမြှင့် ဝါးထုတ်ကုန် ထုတ်လုပ်ရန်အတွက် လုပ်သားရှားပါးပြီး လုပ်သား အခက်အခဲ အဓိကဖြစ်ပေါ်လျက် ရှိ၍ အသင်းအနေဖြင့် မြန်မာနိုင်ငံအနှံ့ ဝါးနှင့် ပတ်သက်သည့် သင်တန်းပေါင်း အကြိမ် ၃ ဝခန့် လှည့်လည် သင်ကြားပေးပြီး ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ဝါးသင်တန်းကျောင်း တည်ထောင်ရန် အတွက် နေရာ အတည်တကျ ဖြစ်စေရန် ကြိုးပမ်းလျက် ရှိပြီး နေပြည်တော်၌ တည်ထောင် ဖွင့်လှစ်ရန် နေရာရွေးချယ် ထားကြောင်း မြန်မာနိုင်ငံ ဝါးစိုက်ပျိုးရေး အသင်းမှ သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၂၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...