Social Icons

Pages

Monday, February 20, 2017

ရွာလေး၏ ငိုရှိုက်သံ


ရွာလေး၏ ငိုရှိုက်သံ

( ဆောင်းပါးရှင် - မဒါလေး )

ကျွန်မသည် ရွာလေးကို မရောက်သည်မှာ နှစ်တော်တော်ကြာ ပေပြီ။ အတိအကျ ဆိုရလျှင် ဆယ်စုနှစ် တစ်စုကျော်ခဲ့ပြီ။ ဆယ်စုနှစ် မတိုင်မီက ကြိုးကြားကြိုးကြား ရောက်ဖြစ်သည်။ သို့သော် ရွာလေးမှာ ဟိုးလွန်ခဲ့သည့် နှစ်များစွာက ကဲ့သို့ပင် မပြောင်းလဲပေ။ လယ်လုပ်သူ၊ ငါးရှာသူ၊ သစ်ဆွဲသူ၊ သားသတ်သူ၊ ဆန်ကြိတ်သူ၊ အိမ်လှည့် သတင်းစကားပေးသူ၊ အိမ်ရှေ့ဈေးဆိုင် တည်သူစသည့် အမျိုးမျိုးသော လုပ်ငန်းကို လုပ်ကိုင်ရင်း လည်ပတ်ရပ်တည် နေကြသူများ သည်လည်း ထိုစဉ်အချိန်က ထိ မပြောင်းလဲပေ။ အိမ်လေးများ မှာလည်း ရိုးရာအတိုင်း ဆောက်လုပ် ထားကြသဖြင့် တစ်အိမ်နှင့်တစ်အိမ် တူနေကြသည်။ ထိုစဉ်က စာရေးသူ အိမ်မှားပြီး မကြာခဏ တက်ခဲ့ဖူးသည်။ တစ်ရွာလုံး ဆွေမျိုးများကဲ့သို့ ဖြစ်နေသဖြင့် တစ်ဦးနှင့်တစ်ဦး ဖေးမကူညီ ကြသည်။

ယခုတစ်ကြိမ်တွင် စာရေးသူ မျက်စိမှားလောက် အောင်ပင် ရွာလေး၏ တိုးတက်မှု များသည် အံ့မခန်း ဖြစ်ခဲ့ရသည်။ ရိုးရာခြေတံရှည် အိမ်များကြား နှစ်ထပ်၊ သုံးထပ်ထိ မြင့်သော တိုက်တာ အဆောက်အအုံ များ တိုးလာသည်။ တစ်ရွာလုံး အိမ်ရှေ့လမ်းများ သည် မြေသားအစား ကွန်ကရစ်ခင်း ထားသော လမ်းမို့မို့များ ဖြစ်နေသည် မှာလည်း မြေကွက်လပ်ပင် မရှိသလောက် ဖြစ်နေသည်။ ယခင်က မိုးရွာလျှင် ရေလျှံတတ်သဖြင့် ထိုကဲ့သို့ ကွန်ကရစ် လမ်းမို့မို့ မောက်မောက် လေးများ ခင်းထားခြင်းက ရေလျှံခြင်းကို ကာကွယ်နိုင်ရန် စဉ်းစားပြီး လုပ်ထားပုံ ပေါ်သည်။ အိမ်မရှိသည့် နေရာနှင့် မညီညွတ်သည့် အိမ်များ၏ရှေ့ လမ်းများတွင် မြေသားအချို့ ကျန်နေ သေးသည်ကို စိတ်မကောင်းစွာ တွေ့ရသည်။ ရွာအဝင် လမ်းမနှင့် ဘုန်းကြီးကျောင်းသို့ သွားရာလမ်းသည် လမ်းကျယ်ပြီး မြေသားလမ်း ဖြစ်သဖြင့် ညနေခင်းတွင် ဆော့ကစားသည့် ကလေးများနှင့် ပြည့်နေသည်။

အစားအသောက် ခုံမင်သည့်ဒေသ ဖြစ်သဖြင့် နံနက်ခင်းမှစ၍ ညနေစောင်းထိ အစားအသောက် ရောင်းချသော ဈေးသည်များလည်း ပေါများလှသည်။ နံနက်ခင်းတွင် မုန့်ဟင်းခါး၊ ထမင်းချဉ်၊ ထမင်းသုပ်၊ မှိုသုပ်၊ အစုံသုပ်၊ မုန့်စိမ်းပေါင်းစသည့် ရိုးရာ အစားအသောက်များ ရောင်းချသူ ပေါများပြီး နေ့ခင်းစာ အတွက် ပဲပြားအစာသွတ်၊ ခရမ်းချဉ်သီး အစာသွတ်၊ ပဲတီပင်ပေါက်ကြော်၊ ဘူးသီးကြော်၊ သရက်သီးသုပ်၊ မရန်းသီးသုပ်၊ နာနတ်သီးသုပ် စသည်များ ရောင်းချကြသည်။ ညနေခင်းတွင် ထိုင်း အစားအသောက် များ ရောင်းချသော ဆိုင်များတွင် လူစည်တတ်သည်။ အစားအသောက် မက်သော စာရေးသူ အတွက်က တော့ နေ့တိုင်းဘုရားပွဲ တွေ့နေသည်။ တစ်နေကုန် သွားလိုက်၊ စားလိုက်နှင့် ညရောက်တော့ ဗိုက်အင့်ကာ မလှုပ်နိုင်အောင်ပင် ဖြစ်ရသည်။

စာရေးသူ ဤရွာကို ရောက်သည်မှာ နှစ်ရက်ရှိပေပြီ။ သဘာဝလေ အရသာနှင့် ညဘက် အိပ်စက်ရ သည်ကို အလွန် သဘောတွေ့ လှသည်။ တစ်ချက်တစ်ချက် မလှမ်းမကမ်းမှ ကြားရသည့် မီးရထားသံနှင့် တစ်ခါတစ်ခါ ဝှေ့တိုက်လာသည့် စပါးနံ့သင်းသော လေရနံ့မှာ အရသာ ရှိလှသည်ဟု ထင်မိသည်။ ထိုညက စာရေးသူ စောစောပင် အိပ်ပျော်သွား ခဲ့သည်။ နံနက်အရုဏ် မတတ်မီ အခန်းတံခါးကို ခေါက်သံ ကြားလိုက်ရသည်။ သည်အချိန်ကြီး ဘယ်သူများ လာနှိုးပါလိမ့်။ ဘာကိစ္စများ ရှိ၍ပါလိမ့်။ စာရေးသူ ကဲ့သို့ အလည်သက်သက်လာသော သူစိမ်းတစ်ဦး အတွက် ကိစ္စအထွေအထူး မရှိနိုင်သည်မှာ သေချာသည်။ ရုတ်တရက် အထဲမှပင် အသံပြုလိုက်သည်။ ''တံခါးခေါက်တာ ဘယ်သူလဲ''။ အပြင်မှ အသံ တိတ်ဆိတ်လျက် ရှိသည်။ ခဏအကြာမှ နောက်တစ်ခွန်း ထပ်မေးမည် ပြုစဉ် ''ကျုပ် ရွာကလေးပါ''။ အပြင်မှ အသံ ကြားကြားချင်း ရယ်ချင်သွားသည်။ ထို့နောက် စိတ်တိုသလို ဖြစ်လာပြီး စိုးရိမ်စိတ်လည်း ဝင်လာသည်။ ဒီအချိန်ကြီး လာစနေတာလား။ ရွာကလူကြီး ဆိုလည်း ရွာလူကြီးပေါ့။ သည်အချိန်ကြီး ရွာလူကြီး ဆိုလျှင်လည်း ဘာကိစ္စပါလိမ့်။ ယခုခေတ်က ရွာလူကြီးခေတ် မဟုတ်တော့။ စာရေးသူ အတွေးများရပြီ။ ဧည့်စာရင်း ကလည်း တိုင်စရာမလို သဖြင့် ဧည့်စာရင်း စစ်ခြင်းလည်း မဖြစ်နိုင်။ သည်လိုဆို အန္တရာယ်ပေးမည့် သူများလား။ အနီးရှိဖုန်းကို ကောက်ကိုင်ကာ ပတ်ဝန်းကျင်မှ အမျိုးများထံ ဖုန်းဆက်ရန် ပြင်လိုက်သည်။ ထိုစဉ် အပြင်မှ ''ကျုပ်ဒီရွာလေး ပါဗျာ။ ဒီက မိတ်ဆွေကို ကျုပ်အကြောင်း ရင်ဖွင့်စရာလေးတွေ ရှိလို့ပါ။ မိတ်ဆွေ စရောက် ကတည်းက ကျုပ်အပေါ် ဂရုတစိုက်ရှိတာ ကျုပ်သိလို့ပါဗျာ'' ဆိုသည့် အသံကြားမှပင် အံ့သြမှင်တက် မိသည်။

တံခါးဖွင့်သင့်၊ မဖွင့်သင့် စာရေးသူ စဉ်းစားလိုက်သည်။ အကယ်၍ ရင်ဖွင့်ချင်တယ် ဆိုလျှင် နံနက်မှလာ၍ မရဘူးလားဟု လည်း စဉ်းစားမိသည်။ ''ရှင် မနက်မှ လာခဲ့ပါလား။ ကျွန်မ ရှင်ပြောချင်တဲ့ စကားတွေကို တစ်နေ့လုံး နားထောင်ပေး နိုင်ပါတယ်''။ အပြင်မှ သက်ပြင်းချသံကို အထဲမှပင် ကြားနေရသည်။ ''တံခါးမဖွင့်ချင်လဲ ကျုပ်ပြောတာကို အထဲကနေပဲ နားထောင်ပေး ပါဗျာ။ မနက်မှာတော့ ကျုပ်ပြောဖို့ အခွင့်မသာ လို့ပါ''။ သူပြောတဲ့ နည်းလဲ ကောင်းတာပဲ။ ''အင်း ဒါဆို ကျွန်မအထဲက နားထောင်နေမယ် ရှင် ပြောလို့ရပြီ''။ စာရေးသူ စကားပြန် ပြန်ချင်းပင် ကျေးဇူးတင် ကြောင်း ပြောသည်။

ထို့နောက် သူသည်မှာ ရွာလေးအဖြစ် ဖြစ်တည် လာသည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်ကြောင်း၊ ယခင်က ပွင့်လင်းရိုးသားသော ရွာသူ၊ ရွာသားများနှင့် လယ်ယာလုပ်ကြသော ရွာသူ၊ ရွာသားများကြားတွင် ပျော်စရာအတိ ဖြစ်ခဲ့ရကြောင်း၊ ဘာသာတရား ကိုင်းရှိုင်းကြကြောင်း၊ ရိုးရာအစဉ်အလာ နှင့်ယဉ်ကျေးမှုကို ထိန်းသိမ်းကြသူများ ဖြစ်ကြောင်း ပြောပြသည်။ အချို့ အကြောင်းအရာ များကို စာရေးသူ၏ အဘိုး၊ အဘွားများ ပြောပြသဖြင့် ကြားဖူးခဲ့သည်။ 

ခဏအကြာတွင် ရှိုက်သံလိုလို၊ ငိုသံလိုလို နှင့် အသံတစ်သံ ထွက်လာသဖြင့် ကျွန်မ စိုးရိမ်တကြီး မေးမိသည်။ ''ရှင် အဆင်ပြေ ရဲ့လား၊ ဆက်မပြော ချင်လဲ ရတယ်နော်''။ ကျွန်မရဲ့ အသံအဆုံးမှာ'' ပြောလက်စနဲ့ ပြီးအောင် ပြောပါရစေ။ ဒါမှ ကျုပ်ရင်ထဲပေါ့ သွားအောင်လို့ပါ''။ ထို့နောက် ''ဒီနေ့အချိန် မှာတော့ အားလုံး ပြောင်းလဲသွားခဲ့ပြီ။ ရိုးရာ အစဉ်အလာ တွေလဲ တချို့မေ့ထား လိုက်ကြပြီ။ ရွာထဲမှာလဲ လူငယ်လူရွယ် ရယ်လို့ မရှိအောင်ဘဲ ရှားပါးသွားပြီ၊ ကလေးတွေ ဆော့ကစားတဲ့ မြေနေရာလွတ် တွေလဲ နည်းသွား ကြပြီဗျာ။ မနေ့ကတောင် ကွန်ကရစ် လမ်းပေါ် စက်ဘီးလဲတဲ့ ကလေး ဒူးပြဲသွားတာ ကျုပ် မကြည့်ရက် ဘူးဗျာ။ အရင်ကဆို ဖုန်ထူပေမယ့် ကျရင်ခံသာ သေးသဗျာ'' သူ့စကားကို ခဏနား လိုက်သည်။ သူပြောတာလဲ ဟုတ်မှာပါပဲ အရွယ်ရောက် သည်နှင့် ပညာရှာသည့် ကလေးထက် တစ်ဖက်နိုင်ငံ သို့သွားကာ ဝမ်းစာရှာ သည့် ကလေးများ ပိုပေါလာသည်။ ဟိုစက်ရုံ၊ သည် စက်ရုံ များသို့ အလုပ်ပွဲစား များမှတစ်ဆင့် ပို့ကြသည်။ တစ်ဖက်တွင် ရသည့် လုပ်ခမှာ တစ်လလျှင် ငွေကျပ် သိန်းလေး၊ ငါးသိန်းက သည်ဘက်တွင် မိသားစု တစ်စုလုံး အဝစားနိုင်ရုံ သာမက အိမ်ပါ ဆောက်နိုင်ကြတော့ နောက်က လူများမှာလည်း အားကျကာ အရွယ်ရောက်ပြီး အလုပ်လုပ် နိုင်သည်နှင့် တစ်ဖက် နိုင်ငံသို့ ပို့ကြသည်။

တိုးတက်လာသည့် ခေတ်အရ ငါးတန်း၊ ခြောက်တန်းအရွယ် နှင့်ပင် ဖုန်းကိုင်နေကြသော ရွာမှကလေး များကို မြင်ရသောအခါ ရင်လေးမိသည်မှာ မှန်သော်လည်း တစ်ဖက်မှ စဉ်းစားလျှင် အခြားနိုင်ငံသို့ ရောက်နေသော သူတို့ မိသားစုနှင့် တွေ့ရန်ကား ဖုန်းရှိမှသာ အဆင်ပြေမည် ဖြစ်သဖြင့် အဆင်ပြေသည့် ဘက်မှ တွေးပေးရ ပြန်သည်။ ဆိုးသည်က ထိုသို့သော ကလေးများထံတွင် ပညာကို လိုချင်သောစိတ် ထိထိမိမိ မရှိခြင်းပင် ဖြစ်သည်။ 

ခဏကြာတော့ ''အရင်ကဆို ကျုပ်ရွာက ရေစီးရေလာ ကောင်းပြီး သန့်ရှင်းမှု ရှိတယ်။ အခု လမ်းတွေအကုန်လုံး ကို ကွန်ကရစ်တွေ ခင်းတော့ ရေတွေ မစီးနိုင်ဘဲ မိုးတွင်းဆို ရောဂါတွေလဲ ပိုထူလာတော့ တာပါပဲ။ လမ်းခင်းတော့ ရေစီးမယ့် နေရာတွေပါ ပိတ်ပြီး ခင်းလိုက်ကြ တယ်လေ။ ရွာထဲ သန့်ရှင်းသွားတယ် ထင်ရပေမယ့် ရေမစီးတော့ အလကားပါပဲ။ တစ်နွေကောင်း တော့ လှရှာပါပေတယ်။'' သူပြောသည်မှာ လည်းဟုတ်သည်။

လမ်းများက မို့မို့မောက်မောက် ခင်းထားသည့် အပြင် ရေမြောင်းများ မရှိသဖြင့် မိုးရွာလျှင် ရေများကအိမ်များ အောက်သာ အောင်းနေသည်။ ယခုပင်လျှင်အိမ်များ မှသုံးရေများသည် အိမ်အောက်တွင်ပင် ဝပ်နေသည်။ ခြေတံရှည် အိမ်များဖြစ်သဖြင့် မသိသာသော်လည်း ကျန်းမာရေး ရှုထောင့်ကကြည့်လျှင် မကောင်းသည်မှာ မှန်သည်။ ''အဆိုးဆုံးကတော့ ရိုးရာအိမ်တွေကို သဏ္ဌာန်ယူပြီး ကောင်းအောင် ဆောက်နိုင်ပါလျက် နိုင်ငံခြားပုံစံ အိမ်တွေဆောက် လာကြတာပါပဲ။ ကျုပ်ကို ခေတ်မမီဘူး ပြောပြော၊ ရှေးကျတယ် ဆိုဆို မနှစ်မြို့ဘူးဗျာ။ ပြီးတော့ ကျုပ်ရွာကို ရပ်ကွက်အဖြစ် ပြောင်းလိုက်ကြတယ်။ ပြီးတော့ မြို့နာမည် တစ်ခုပေးပြီး အဲဒီမြို့ထဲက ရပ်ကွက်စာရင်းဝင် သွားတယ်။ နာမည်သာ ပြောင်းတာပါဗျာ လူတွေရဲ့စိတ်ဓာတ် အရည်အချင်းနဲ့ ပညာရေး၊ လူမှုရေး၊ ကျန်းမာရေးတွေ နိမ့်ပါးနေသရွေ့ ရွာဟာရွာပါပဲ။''

သူပြောမှပဲ နံနက်က ကျွန်မတွေ့မြင်ခဲ့ ရသည်များကို ပြန်ပြီးစဉ်စား မိသည်။ ကျောင်းတက်ရမည့် အရွယ် ကလေးငယ်အချို့ ငါးဖမ်းနေကြသည်။ စီးပွားဖြစ် ငါးဖမ်းနေလျှင် အပြစ်မဆိုသာ အပျော်ငါးဖမ်း ထွက်ကြခြင်း ဖြစ်သည်။ အချို့ ကောင်လေးများ ကြက်လေး တစ်ကောင်စီ ပိုက်လျက် ရွာလယ်လမ်းပေါ် ဟိုသည်သွားကာ ပြိုင်ဘက် ရှာနေကြသည်။ နေ့ခင်း ကြောင်တောင် ခြင်းခတ် နေကြသည်။ သိပ်မကြာပါ သည်ကလေးများ တစ်ဖက်နိုင်ငံရှိ စက်ရုံများသို့ သွားကြရမည်မှာ သေချာသည်။ သည်မှာနေလျှင် ပျက်စီးမည့် အတူတူ မိဘများ ကလည်း ငွေလည်းဝင် အလုပ်လည်း ရသည့် ထိုနည်းလမ်း ဖြင့်သာ ဖြေရှင်း ပေလိမ့်မည်။ သူတို့ အနာဂတ်ကား ထိုမှပြန်လာလျှင် လယ်ယာ လုပ်ချင်လုပ်၊ မလုပ်လျှင် သစ်ဆွဲသည့် အလုပ်လုပ် ကြမည်။ ထိုသို့သာ သံသရာလည် နေကြသည်။ ဘဝကို လွယ်လွယ် တွေးတတ်ကြ သည်က သည်ရွာက လူများအကျင့်လား ဟုပင် မေးရမလို ဖြစ်နေသည်။

ရွာလေး စိတ်မကောင်း ဖြစ်လျှင်လည်း ဖြစ်ချင်စရာပင်။ လူမနေဘဲ ဆောက်ထားသည့် တိုက်အိမ်များ၊ အိမ်များ၏ ရှေ့လမ်းများတွင် မြေသားတစ်ဝက် ကွန်ကရစ် တစ်ဝက်နှင့် လူများ၏ စိတ်ဓာတ်ကို ဖော်ပြနေသည်။ စည်းလုံး ညီညွတ်မှုကို ဖော်ပြနေသည်။ မည်သူမျှ မေးနေစရာ မလိုအောင် အဖြေက ထွက်နေသည်။ သူ့ကို မည်သို့ နှစ်သိမ့်ရမလဲ မသိအောင်ပင် တွေဝေ နေမိသည်။ အပြင်မှ တံခါးခေါက်သံ ခပ်ပြင်းပြင်း ကြားလိုက်သဖြင့် သတိပြန်ဝင် လာသည်။ ''ခဏလေး ခဏလေးပါ။ ကျွန်မ ဘာပြောရမှန်း မသိတော့ဘူး''။ ပြောပြော ဆိုဆိုနှင့် တံခါးကို ဖွင့်လိုက်သည်။ စူးရှသော နေရောင်ကြောင့် ရုတ်တရက် မျက်လုံးမှိတ် လိုက်သည်။ ''ဘာမှပြော မနေနဲ့တော့ မိုးတော်တော် လင်းနေပြီ။ မထသေးလို့ တံခါး လာခေါက်တာ''။ ညီမဝမ်းကွဲ တစ်ဦး၏ အသံကိုကြားမှ ရုတ်တရက် အိပ်မက်မက် နေမှန်း သတိထား မိသည်။ ရေအိုးရှိရာ အပြေးသွားပြီး ရေတစ်ခွက်ကို မော့သောက် လိုက်သည်။ သည်နေ့ တွေ့ရမည့် နောက်ထပ် အသစ်အသစ်သော အရာများ အတွက်လည်း ရင်မော နေမိသည်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၂၃)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...