Social Icons

Pages

Tuesday, February 14, 2017

ဆဋ္ဌမအကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှုအနုပညာ သစ်သားပန်းပုပြိုင်ပွဲ နှင့် ဆုပေးပွဲကျင်းပမည်



ရန်ကုန် ၊ ၁၄-၂-၂၀၁၇

မြန်မာနိုင်ငံ၌ အကြီးကျယ်ဆုံးသော မြန်မာ့ရိုးရာ ယဉ်ကျေးမှု အနုပညာ သစ်သားပန်းပုပြိုင်ပွဲ နှင့် ဆုပေးပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၁၅ ရက် ညနေ ၆ နာရီတွင် ရန်ကုန်တိုင်း ဒေသကြီး ဗဟန်းမြို့နယ်ရှိ ဆရာစံပလာဇာ ၌ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲ ဖြစ်မြောက်ရေး အတွက် ဗဟိုသမဝါယမ အသင်း လီမိတက်နှင့် ကောင်းမြန်မာအောင် ဖောင်ဒေးရှင်း (KMA Foundation) တို့ ပူးပေါင်းစီစဉ် ဆောင်ရွက်ခြင်း ဖြစ်ပြီး ယခုကျင်းပမည့် အခမ်းအနားသည် ဆဋ္ဌမအကြိမ်မြောက် ဖြစ်ကြောင်း ပြိုင်ပွဲ ကျင်းပရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

မြန်မာ့ရိုးရာ ယဉ်ကျေးမှု ပန်းပုထုလုပ်ခြင်း အတတ်ပညာကို ထိန်းသိမ်း စောင့်ရှောက်ရန်၊ မျိုးဆက်သစ် သစ်သားပန်းပု ပညာရှင် လူငယ်များ ပေါ်ထွန်းလာ စေရန်နှင့် မြန်မာ့သစ်သား ပန်းပုလက်ရာများ ပိုမို တိုးတက်ကောင်းမွန် လာစေရန် ရည်ရွယ်၍ ယင်းပြိုင်ပွဲကို ကျင်းပခြင်းဖြစ်သည်။ ယခုနှစ် ပြိုင်ပွဲတွင် စိတ်ကြိုက်နှင့် မော်ဒန်ဟူ၍ ပြိုင်ပွဲ အမျိုးအစားနှစ်ခု ခွဲခြားထားကြောင်း သိရသည်။

ယခုနှစ် ပြိုင်ပွဲတွင် ဒါးပိန်၊ ပဲခူး၊ ရန်ကုန် နှင့် တခြားဒေသများမှ ပန်းပုပညာရှင်များ ထုလုပ်ထားသော ပန်းပုရုပ်တုပေါင်း ၁၇ဝ ကျော် ပါဝင်ယှဉ်ပြိုင် ကြမည်ဖြစ်ကြောင်း သိရသည်။ ပြိုင်ပွဲခေါင်းစဉ် တစ်ခုလျှင် ပထမ၊ ဒုတိယနှင့် တတိယဆု သုံးဆုစီ ချီးမြှင့်မည်ဖြစ်ပြီး ပထမဆု ငွေကျပ်သိန်း ၅ဝ၊ ဒုတိယဆု ငွေကျပ်သိန်း ၃ဝ၊ တတိယဆု ငွေကျပ်သိန်း ၂ဝ စသည်ဖြင့် အသီးသီး ချီးမြှင့်မည့်အပြင် အထူးဆုများလည်း ရွေးချယ်ချီးမြှင့် သွားရန် စီစဉ် ထားကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...