Social Icons

Pages

Monday, November 21, 2016

ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ အတွင်း KIA/ MNDAA/ TNLA သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များက တပ်မတော်စခန်းများ ၊ ရဲကင်းများအား အလစ်အငိုက် ၀င်ရောက်တိုက်ခိုက် ၊ တံတားများအား ဖောက်ခွဲဖျက်ဆီး


ထိခိုက်ဒဏ်ရာရရှိသူများကို တပ်မတော်ရဟတ်ယာဉ်ဖြင့် ပို့ဆောင်ပေးစဉ်


နေပြည်တော် ၊ ၂၁-၁၁-၂၀၁၆

ရှမ်းပြည်နယ် အရှေ့မြောက် ဒေသတွင် KIA/ MNDAA/ TNLA သောင်းကျန်းသူ ပူးပေါင်းအဖွဲ့ များသည် ယမန်နေ့ နံနက်စောပိုင်းတွင် တပ်မတော် နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့က နယ်မြေ လုံခြုံရေးတာဝန် ထမ်းဆောင် နေသည့် တပ်စခန်းများနှင့် ရဲကင်းများအား တစ်ချိန်တည်း၊ တစ်ပြိုင်တည်း အင်အား သုံး၍ အလစ်အငိုက် ဝင်ရောက် တိုက်ခိုက်ခဲ့သည်။

ဦးစွာ ယမန်နေ့ နံနက် ၂ နာရီ ၁၅ မိနစ်ခန့်တွင် မူဆယ်မြို့ အဝင်ရှိ မြို့လုံခြုံရေး ရဲကင်းအား KIA/ MNDAA/ TNLA သောင်းကျန်းသူ ပူးပေါင်းအဖွဲ့ အင်အား ၄ဝ ဦးခန့်က လက်နက်ကြီး/ လက်နက်ငယ် များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ လုံခြုံရေးတာဝန် ထမ်းဆောင် နေသည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် များနှင့် ပြည်သူ့စစ် များက ပြန်လည်တိုက်ခိုက် ခဲ့သဖြင့် ၂ နာရီ ၃ဝ မိနစ်ခန့်တွင် ရန်သူများ အရှေ့ တောင်ဘက်သို့ ပြန်လည်ဆုတ်ခွာ သွားသည်။

နမ့်ပေါ်တံတားပျက်စီးနေမှုကို တွေ့ရစဉ်

နမ္မတူတံတား ပျက်စီးနေမှုကို တွေ့ရစဉ်


ထို့အတူ နံနက် ၂ နာရီ ၄ဝ မိနစ်ခန့်တွင် တပ်မတော်မှ နယ်မြေ လုံခြုံရေး ဆောင်ရွက်နေသည့် မုံးကိုး တပ်စခန်းအား သောင်းကျန်းသူ ပူးပေါင်းအင်အား ၂ဝဝ ဦးခန့်မှ လည်းကောင်း၊ ဖောင်းဆိုင် တပ်စခန်းအား သောင်းကျန်းသူ အင်အား ၁ဝဝ ဦးခန့်မှ လည်းကောင်း၊ မန်ကန် တပ်စခန်းအား သောင်းကျန်းသူ အင်အား ၈ဝ ဦးခန့်မှ လည်းကောင်း၊ တစ်ချိန်တည်း၊ တစ်ပြိုင်တည်း လက်နက်ကြီး/ လက်နက်ငယ် များဖြင့် ဝိုင်းပတ် တိုက်ခိုက်ခဲ့သည်။ တပ်စခန်း အသီးသီးမှ ပြန်လည် တိုက်ခိုက်မှုကြောင့် ရန်သူများသည် ဖောင်းဆိုင်စခန်း မှ နံနက် ၁ဝ နာရီတွင် လည်းကောင်း ပြန်လည်ဆုတ်ခွာ သွားသည်။

မန်ကန်စခန်းအား ရန်သူများက အင်အားတိုးမြှင့်၍ ဝိုင်းပတ်တိုက်ခိုက် လာသဖြင့် ယမန်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် လေကြောင်းမှ ရဟတ်ယာဉ် ပစ်ကူပေး တိုက်ခိုက်ခဲ့ရပြီး မုံးကိုးစခန်းနှင့် မန်ကန်စခန်း တို့တွင် ကြိုးကြား၊ ကြိုးကြား ပစ်ခတ် တိုက်ခိုက်မှုများ ဆက်လက် ဖြစ်ပွားလျက် ရှိသည်။

ယင်းဖြစ်စဉ်များတွင် တပ်မတော် မှ အရာရှိ၊ စစ်သည်အချို့ ထိခိုက်ကျဆုံးခဲ့ပြီး သောင်းကျန်းသူ အလောင်းအချို့ သိမ်းဆည်းရမိ ခဲ့ကာ KIA/ MNDAA သောင်းကျန်းသူ အချို့အား လက်ရဖမ်းဆီး ရမိခဲ့သည်။

ဆက်လက်၍ နံနက် ၆ နာရီ ၁၅ မိနစ်ခန့်တွင် တပ်မတော်မှ နယ်မြေလုံခြုံရေး ဆောင်ရွက် နေသည့် ကြူကုတ် (ပန်ဆိုင်း)စခန်း အား သောင်းကျန်းသူ ပူးပေါင်းအင်အား ၅ဝ ဦးခန့် မှလည်းကောင်း၊ (၁ဝ၅) မိုင်ရဲကင်းအား သောင်းကျန်းသူ အဖွဲ့တစ်ဖွဲ့ မှ လည်းကောင်း၊ နံနက် ၆ နာရီ ၄၅ မိနစ်ခန့်တွင် မူဆယ်မြို့မှ ၁၈ မိုင်အကွာ ပြည်ထောင်စု လမ်းပေါ်ရှိ နမ့်ပေါ် တံတား လုံခြုံရေး တပ်စခန်းအား သောင်းကျန်းသူ ပူးပေါင်းအင်အား ၁ဝဝ ဦးခန့်မှ လည်းကောင်း လာရောက် တိုက်ခိုက်ခဲ့ရာ တပ်မတော် သားများနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် များက ပြန်လည် တိုက်ခိုက်မှုကြောင့် နံနက် ၉ နာရီ မိနစ် ၃ဝ ခန့်တွင် သောင်းကျန်းသူများ ပြန်လည် ဆုတ်ခွာသွားသည်။ 

ဖြစ်စဉ်အတွင်း နံနက် ၇ နာရီ မိနစ် ၅ဝ ခန့်တွင် သောင်းကျန်းသူ များက နမ့်ပေါ် တံတားအား မိုင်းခွဲဖျက်ဆီး ခဲ့ရာ နှစ်ပေပတ်လည် ခန့် ပေါက်ပြဲပျက်စီး သွားခဲ့ပြီး တံတားအနီးရှိ ဈေးဆိုင်ခန်း သုံးခန်းအား မီးရှို့ခဲ့သည်။ ယင်း ဖြစ်စဉ်များတွင် တပ်မတော်သားများ နှင့်မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် တချို့ ထိခိုင် ကျဆုံးခဲ့သည်။ အပြစ်မဲ့ ပြည်သူနှစ်ဦး သေဆုံး၍ အကောက်ခွန် ၀န်ထမ်းတစ်ဦးနှင့် ပြည်သူ ၁၅ ဦး ဒဏ်ရာ ရရှိခဲ့ပြီး ရန်သူ့ထံမှ အလောင်း တစ်လောင်း နှင့် လက်နက် ခဲယမ်းတချို့ သိမ်းဆည်းရမိ ခဲ့သည်။

အဆိုပါ တိုက်ပွဲဖြစ်စဉ် များတွင် သောင်းကျန်းသူ များသည် လားရှိုး-မူဆယ် ပြည်ထောင်စု ကားလမ်းပေါ်ရှိ တံတားအချို့အား မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးမှုများ၊ လမ်းကြောင်း ပိတ်ဆို့မှုများ အားလည်း လုပ်ဆောင် ခဲ့သည်။ 

နံနက် ၂ နာရီ မိနစ် ၃ဝ ခန့်တွင် မူဆယ်နှင့် ကွတ်ခိုင်အကြား မိုင်တိုင် (၂၅၉) အနီးရှိ ပေ ၂ဝ အရှည် ကွန်ကရစ်တံတား အား မိုင်းဖောက်ခွဲခဲ့ရာ အချင်းသုံးပေ၊ အနက် ရှစ်လက်မခန့် ပေါက်ပြဲပျက်စီး ခဲ့သည်။ အလားတူ နံနက် ၁ဝ နာရီ ၂၅ မိနစ်ခန့်တွင် သိန်းနီမြို့ အနီးရှိ နမ္မတူတံတား ပေါ်တွင် ရပ်တန့်ထားသည့် ပါဂျဲရိုးယာဉ်မှ ပေါက်ကွဲမှုဖြစ်၍ တံတားကြမ်းခင်း အလျား ၁ဝ ပေ၊ အနံခြောက်ပေ ခန့် နှင့် တံတားလက်ရန်း ပေ ၆၀ ခန့် ကျိုးပဲ့ ပျက်စီးခဲ့ပြီး အပြစ်မဲ့ ပြည်သူ သုံးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

ထို့အပြင် နံနက် ၁ဝ နာရီခန့်တွင် တာမိုးညဲနယ်မြေခံ တပ်ရင်းအား သောင်းကျန်းသူ အဖွဲ့တစ်ဖွဲ့မှ လက်နက်ကြီး များဖြင့် လာရောက် ပစ်ခတ်၍ သက်ဆိုင်ရာ တပ်ရင်းမှ လက်နက်ကြီး များဖြင့် ပြန်လည် ပစ်ခတ်တိုက်ခိုက် ခဲ့သည်။ နံနက် ၁၁ နာရီ ၄၅ မိနစ်ခန့်တွင် လည်း အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့ တစ်ဖွဲ့မှ ကွတ်ခိုင်နှင့် မူဆယ်အကြား နောင်ဆွေရွာ အနီး၌ ပြည်ထောင်စု ကားလမ်းမကြီး ပေါ်တွင် ယာဉ်ကြီး များအား ရပ်တန့်ပိတ်ဆို့ ထားသဖြင့် နယ်မြေခံ တပ်မတော် စစ်ကြောင်းမှ သွားရောက်တိုက်ခိုက် ရှင်းလင်းဖယ် ရှား ခဲ့ရသည်။ တပ်မတော် စစ်ကြောင်း များက ဆုတ်ခွာသွားသော ရန်သူများ နောက်သို့ လိုက်လံရှင်းလင်း လျက်ရှိကြောင်း သိရှိရသည်။

ယမန်နေ့ နံနက် ၆ နာရီ ၁၅ မိနစ်ခန့်တွင် မူဆယ်၊ ကုန်သွယ်ရေးစခန်း ဇုန်(၁ဝ၅)မိုင် ရဲစခန်းအား အကြမ်းဖက် သောင်းကျန်းသူ များ ၀င်ရောက် တိုက်ခိုက်ရာတွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်ရှစ်ဦး၊ အကောက်ခွန် ဝန်ထမ်း တစ်ဦးနှင့် အပြစ်မဲ့ပြည်သူ၁၅ ဦးတို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိသူများအား မူဆယ်ဆေးရုံ သို့ပို့ဆောင် ဆေးဝါးကုသ ခဲ့ရာ ဒဏ်ရာပြင်းထန်သူ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဝင်ခြောက်ဦး နှင့်ဦးခေါင်းတွင် ဒဏ်ရာရရှိသူ ဒေါ်ရှန်ဆွေ အသက် ၅၆ နှစ်တို့အား ယမန်နေ့ညနေ ၅ နာရီတွင် တပ်မတော် ရဟတ်ယာဉ်ဖြင့် မူဆယ်မြို့မှ လားရှိုးမြို့သို့ သယ်ဆောင်ပေး ခဲ့ကြောင်း သတင်းရရှိသည်။




မြ၀တီနေ့စဉ်သတင်းစာ 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...