Social Icons

Pages

Sunday, November 6, 2016

စက်တင်ဘာလအတွင်း လောက်ကိုင်မြို့၌ ဗုံးပေါက်ကွဲခဲ့မှုနှင့် ပတ်သက်သည့် သံသယရှိသူများအား ဖမ်းဆီးရမိ


ကားဗုံးပေါက်ကွဲမှု ဖြစ်စဉ်နှင့် ပတ်သက်သည့် သံသယရှိသူများကို တွေ့ရစဉ်

စက်တင်ဘာ ၂၃ ရက်တွင် ကားဗုံးပေါက်ကွဲမှုကြောင့် မော်တော်ယာဉ်များ
 မီးလောင်နေသည်ကို တွေ့ရစဉ်

စက်တင်ဘာ ၂၃ ရက်တွင် ကားဗုံးပေါက်ကွဲမှုကြောင့် မီးလောင်ခဲ့သော် မော်တော်ယာဉ်များအား
 မီးငြှိမ်းသက်အပြီး တွေ့ရစဉ်

နေပြည်တော် ၊ ၆-၁၁-၂၀၁၆

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လောက်ကိုင်မြို့၊ ရပ်ကွက်(၁)၊ ဖုမင်လမ်းတွင် စက်တင်ဘာ ၂၃ ရက် ညနေ ၃ နာရီခွဲခန့်တွင် မော်တော်ယာဉ် နှစ်စီးပေါ်၌ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ဒေသခံပြည်သူ နှစ်ဦး ထိခိုက် ဒဏ်ရာများ ရရှိသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။

အဆိုပါ ပေါက်ကွဲမှု ဖြစ်စဉ်နှင့် ပတ်သက်၍ သတင်းအရ နိုဝင်ဘာ ၃ ရက် ညနေ ၅ နာရီ ခွဲခန့်တွင် ရန်လုံကျိုင်း စစ်ဆေးရေးဂိတ် အနီး၌ တပ်မတော်သား များနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က စစ်ဆေး ရှာဖွေရာ သံသယရှိသူ ကျန်ကျားကျယ်(ခ) ကျော်ရင်(ဘ) ဦးကျင်ထယ်ချန် အား ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေး ဖော်ထုတ်ချက် အရ ည ၆ နာရီခွဲခန့်တွင် လောက်ကိုင်မြို့၊ ရှင်ဖုတံတားအနီး ဆောက်လုပ်ဆဲ နေအိမ်၌ သံသယရှိသည့် လီကော်ကျွမ်း (ခ) လောက်ကျွင်း (ဘ) ဦးလီဝှာထင်၊ ဝမ်လောက်ဖူး (ဘ) ဦးဝမ်စန်း၊ လွမ်းဟောင်(ခ) ကွေ့ပေါက် (ဘ) ဦးတောင်လွမ်း တို့အားလည်းကောင်း၊ ည ၇ နာရီ ၁၅ မိနစ်ခန့်တွင် လောက်ကိုင်မြို့၊ အမှတ်(၁)ရပ်ကွက်၊ ကော်တုံ ၂ လမ်းရှိ နေအိမ်အတွင်းမှ သံသယရှိသည့် ရန်ကျားဝှာ (ခ) ရန်အဲ(ဘ) ဦးရန်ကျိန်းဖူး နှင့် လီကျိန်ကျင်း (ခ) လောက်ကျွင်း (ဘ) ဦးလီလောက်မျင် တို့အား ထပ်မံဖမ်းဆီး ရမိခဲ့သည်။

ထွက်ဆိုချက်များ အရ ကျန်ကျားကျယ် သည် ကားဗုံး ဖောက်ခွဲမှု ဖြစ်စဉ်တွင် လက်လုပ်ဗုံးအား တပ်ဆင်ရာ၌ ပါဝင်ခဲ့ပြီး လီကော်ကျွမ်း (ခ) ရှောင်လီသည် ဖောက်ခွဲမည့် ဗုံးအား ကား၏ အနောက်ခန်းတွင် ထားရှိခဲ့သူ ဖြစ်ကြောင်း၊ ရန်ကျားဝှာ (ခ) ရန်အဲမှာ ကားဗုံးအား အဝေးထိန်း ခလုတ်အားနှိပ်၍ ဖောက်ခွဲခဲ့သူများ ဖြစ်ကြောင်း သိရှိရသည်။

ဖောက်ခွဲမှုကို စီစဉ်သူမှာ လောက်ကိုင်မြို့၊ အမှတ်(၁) ရပ်ကွက်နေ ကွမ်းတုံဆိုသူ နှင့် နောက်ကွယ်မှ အဓိက စေခိုင်းသူမှာ မိုင်းလားမြို့နေ ရန်ကွယ်ချန် ဆိုသူဖြစ်ကြောင်း နှင့် ကွမ်းတုံမှာ ကားဗုံးပေါက်ကွဲပြီး ချိန်မှစ၍ ထွက်ပြေး တိမ်းရှောင်လျက် ရှိကြောင်း သိရှိရသည်။

အဆိုပါ ဖမ်းဆီးရမိသည့် သံသယရှိသူ ခြောက်ဦးအား လောက်ကိုင်မြို့၊ မြို့မရဲစခန်း သို့ စနစ်တကျ လွှဲပြောင်း ပေးအပ်ပြီး ပါဝင် ပတ်သက်သူများ ထပ်မံဖမ်းဆီး ရမိရေး စစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...