Social Icons

Pages

Monday, October 24, 2016

အကြမ်းဖက်စီးနင်းတိုက်ခိုက် ရာတွင် ပါဝင်ခဲ့သူများ ၊ ငွေကြေး ထောက်ပံ့ကူညီသူ နှင့် လက်နက်တစ်လက် ဖမ်းဆီးရမိ


ဝါးပိတ်ကျေးရွာမှ သိမ်းဆည်းရမိသည့် အမ်အေ-၁၀ တစ်လက် ၊ ကျည်အိမ်တစ်ခုနှင့် ကျည် ၂၅ တောင့်တို့ကို တွေ့ရစဉ်


ဖမ်းဆီးရမိ အကြမ်းဖက် စီးနင်း တိုက်ခိုက်သူများကို ငွေကြေး ထောက်ပံ့ကူညီအားပေးသည့် မောင်မောင်စိန် (ဘ)အော်ဇီအူလာ ကိုတွေ့ရစဉ်

ဖမ်းဆီးရမိ ဇီးပင်ချောင်း(တောင်) ကျေးရွာတွင် အကြမ်းဖက် စီးနင်း တိုက်ခိုက်သူလေးဦး


နေပြည်တော် ၊ ၂၄-၁၀-၂၀၁၆

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ဇီးပင်ချောင်း (တောင်) ကျေးရွာအတွင်း တပ်မတော် စစ်ကြောင်းနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်း အဖွဲ့သည် အောက်တိုဘာ ၂၂ ရက် ညနေ ၄ နာရီခန့်
တွင် သတင်းအရ နယ်မြေရှင်းလင်းရေး ဆောင်ရွက်စဉ် အကြမ်းဖက် စီးနင်း တိုက်ခိုက်ရာတွင် ပါဝင်ခဲ့သည့် ဆွေယောဒူရီ (ဘ) အုံမော်အာသစ်၊ ဂူရာများ (ဘ) ကော်ရုံဂူလာ၊ MV ကော်မော်ရီဒိန် (ဘ) မာမတ် နှင့် မာမက်ဒူလာ (ဘ) အဒူဝါဆေး တို့လေးဦးကို ဖမ်းဆီးရမိ ခဲ့သည်။

ထို့ပြင် တပ်မတော် စစ်ကြောင်းနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ညနေ ၄ နာရီခွဲခန့်တွင် ဝါးပိတ်ကျေးရွာ အတွင်း ဝင်ရောက် ရှင်းလင်းရာ လူမနေသော အိမ်အတွင်းရှိ ကွမ်းသီးပင်နှင့်
ခြံစည်းရိုး ကြား၌ မြွေရေခွံအိတ်ဖြင့် ထည့်ထားသည့် အမ်အေ-၁၁ တစ်လက်၊ ၄င်းကျည်အိမ် တစ်ခုနှင့် ၄င်းကျည် ၂၅ တောင့်တို့ကို ရှာဖွေတွေ့ရှိခဲ့ပြီး အဆိုပါ လက်နက်မှာ မောင်တောမြို့နယ် နှင့် ရသေ့တောင်မြို့နယ် များရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ဌာနချုပ်နှင့် ကွပ်ကဲမှု အောက်ရှိ ကင်းစခန်း များအား အောက်တိုဘာ ၉ ရက်က အကြမ်းဖက်စီးနင်း တိုက်ခိုက်သူများ စီးနင်း တိုက်ခိုက်စဉ် ၄င်းတို့နောက်သို့ ပါရှိသွားသော လက်နက် ဖြစ်ကြောင်း သိရသည်။

အလားတူ အောက်တိုဘာ ၁၂ ရက်နေ့တွင် ဖမ်းဆီး ရမိခဲ့သည့် အကြမ်းဖက်စီးနင်း တိုက်ခိုက်ရာတွင် ပါဝင်ခဲ့သူ တစ်ဦး၏ ထွက်ဆိုချက်အရ အကြမ်းဖက် စီးနင်း တိုက်ခိုက်သူ များကို ငွေကြေး ထောက်ပံ့ကူညီ အားပေးသည့် မောင်တောမြို့၊ မြို့မတောင် (၂) ရပ်ကွက်နေ မောင်မောင်စိန် (ဘ) အော်ဇီအူလာ အား ယမန်နေ့ နံနက် ၁၁ နာရီခန့်တွင် တပ်မတော် စစ်ကြောင်းနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က ၄င်း၏ နေအိမ်၌ သွားရောက် ဖမ်းဆီးရမိ ခဲ့သည်။

ရခိုင်ပြည်နယ် အတွင်း အကြမ်းဖက် စီးနင်း တိုက်ခိုက်မှု ဖြစ်စဉ်များတွင် ပါဝင်ခဲ့သူ များအား ဆက်လက် ဖမ်းဆီးရမိရေး အတွက် တပ်မတော် စစ်ကြောင်းများနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များက နယ်မြေရှင်းလင်း
ခြင်းများ ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...