Social Icons

Pages

Friday, October 21, 2016

မြိတ်ခရိုင်ကျွန်းစုမြို့နယ် အတွင်းရှိ ကျေးရွာ ၄ ရွာကို လူထုအခြေပြု ခရီးသွားလုပ်ငန်း လုပ်ကိုင်ရန်လျာထား



မြိတ် ၊ ၂၁-၁၀-၂၀၁၆

မြိတ်ခရိုင် ကျွန်းစုမြို့နယ် အတွင်းရှိ ဆလုံ(မော်ကင်း) တိုင်းရင်းသားများ နေထိုင်သော ကျေးရွာလေးရွာကို လူထုအခြေပြု ခရီးသွားလုပ်ငန်း လုပ်ကိုင်ရန် လျာထားကြောင်း တနင်္သာရီတိုင်း ဒေသကြီး ဟိုတယ် နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးနိုင်ဝင်းထံ မှ သိရသည်။ 

အဆိုပါ ကျေးရွာများမှာ ဥယျာဉ်တောင်ကမ်း၊ ဒုံးညောင်မှိုင်း၊ ဒုံးကမာချောင်း နှင့် ဒဟွန်းကျေးရွာ တို့ဖြစ်ပြီး ယင်းကျေးရွာ တို့၌ ရေတံခွန်များ ရှိသည့်အပြင် ရေလုပ်ငန်း ကို အဓိကထား လုပ်ကိုင်သည့် ကျေးရွာများ ဖြစ်ကြောင်း ခရီးသွား လုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။

''လူထုအခြေပြု ခရီးသွားလုပ်ငန်း လုပ်မယ်ဆိုရင် ကျေးရွာမှာ ကော်မတီတစ်ခု ဖွဲ့ရမယ်။ ရလာတဲ့ အကျိုးအမြတ် တွေကိုလည်း ခံစားခွင့် ပေးရမယ်'' ဟု ညွှန်ကြားရေးမှူး ဦးနိုင်ဝင်း က ပြောသည်။

ယင်းကော်မတီက နိုင်ငံခြား ခရီးသွားဧည့်သည် များအတွက် ကျေးရွာမှ ဆောက်လုပ်ထားသည့် ဘန်ဂလိုငယ်များ၊ အစားအသောက် များအတွက် ချက်ပြုတ်စရိတ်များ၊ ရိုးရာအကများ ကပြခြင်း၊ ဒေသထွက် အစားအစာများ ရောင်းချခြင်းနှင့် ဒေသထွက် အမှတ်တရ ပစ္စည်းများ ရောင်းချခြင်း တို့မှ ရရှိလာသော အကျိုးအမြတ်များကို စနစ်တကျ ခွဲဝေပေးမည် ဖြစ်ကြောင်း သိရသည်။

ပထမအဆင့် အနေဖြင့် ကျေးရွာသို့ ကွင်းဆင်း၍ စစ်တမ်း ကောက်ယူပြီး အစည်းအဝေး ပြုလုပ်ကာ မည်ကဲ့သို့ အောင်မြင်အောင် လုပ်မည်၊ ရလာသည့် အကျိုးအမြတ် များကို မည်သို့ခွဲဝေ ပေးမည်၊ ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှု ဦးစီးဌာနက မည်သို့ ပံ့ပိုးပေးမည် စသည်တို့ကို ဆွေးနွေးမည်ဖြစ် ကြောင်း သိရသည်။

ထို့ပြင် လူထု အခြေပြု ခရီးသွားလုပ်ငန်း လုပ်ကိုင်မည် ဆိုပါက ကျွန်းစုမြို့ထက် တနင်္သာရီမြို့၌ ပိုမိုလုပ်ကိုင် သင့်ကြောင်း မြိတ်ခရိုင် ခရီးသွားလာရေး လုပ်ငန်းအသင်း ဥက္ကဋ္ဌ ဦးဇော်မင်းဦး က ပြောသည်။

''တနင်္သာရီမြို့မှာ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်တွေနဲ့ သဘာဝကျတဲ့ တောတောင်ရေမြေ မြစ်ချောင်းတွေ ရှိပါတယ်'' ဟု ဥက္ကဋ္ဌ ဦးဇော်မင်းဦး က ပြောသည်။ (၄၄၃)

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...