Social Icons

Pages

Thursday, August 4, 2016

မြန်မာနိုင်ငံတွင် လေဘေးဒဏ်ကာကွယ်ရေး အတွက် ၀ါးစိုက်ပါက အနောက်အရပ် နှင့် တောင်အရပ် တို့၌ ဦးစားပေးစိုက်သင့်



နေပြည်တော် ၊ ၄-၈-၂၀၁၆

မြန်မာနိုင်ငံတွင် ရာသီဥတု ပြောင်းလဲမှုများကြောင့် သဘာဝဘေး တစ်ခုဖြစ်သော လေဘေးဒဏ် ကာကွယ်ရေး အတွက် ဝါးစိုက်ပျိုးမည် ဆိုပါက အနောက်အရပ် နှင့်တောင်အရပ် ဒေသတို့၌ ဦးစားပေး စိုက်ပျိုးသင့်ကြောင်း မြန်မာနိုင်ငံ သစ်တော တက္ကသိုလ် မှ ဝါးသုတေသန ပညာရှင် ဒေါက်တာ ဆန်းဝင်း ကပြောပြ၍ သိရသည်။

''လူနေအိမ်တွေ၊ အဆောက်အအုံ တွေအတွက် လေဘေးဒဏ် ခံနိုင်ဖို့ ဝါးကိုစိုက်ပျိုးမယ် ဆိုရင်တော့ အနောက်ဘက်နဲ့ တောင်ဘက်ဒေသ တွေမှာ ဦးစားပေး စိုက်ပျိုးဖို့ အကြံပြုပါတယ်။ ကျွန်တော်တို့ နိုင်ငံရဲ့ ရာသီဥတု အနေအထား အရ လေက အနောက်တောင် မုတ်သုံလေ တိုက်ခတ်တဲ့ အတွက်ကြောင့် ဖြစ်ပါတယ်'' ဟု ၄င်းက ပြောပြသည်။

မြန်မာနိုင်ငံတွင် ဝါးမှာ သဘာဝ အလျောက် တော၊ တောင်များတွင် ပေါက်ရောက်မှု ရှိသည့်အပြင် ယခုနောက်ပိုင်း စိုက်ပျိုး ထုတ်လုပ်မှု များလည်း ရှိလာကြောင်း အချို့ဒေသ များတွင် ဝါးကို စီးပွားဖြစ် ထုတ်ကုန်တစ်မျိုး အဖြစ် စိုက်ပျိုးကြ ကြောင်းလည်း သိရသည်။

ထိုကဲ့သို့ စိုက်ပျိုးမှုများ အနက် ဝါးကို သဘာဝဘေးဒဏ် ကာကွယ်ရေး အတွက် နေအိမ်၊ အဆောက် အအုံ၊ ခြံစည်းရိုးများတွင် လေကာပင်အဖြစ် အတန်းလိုက် စိုက်ပျိုး ထားခြင်းဖြင့် လုံခြုံမှု အတားအဆီးနှင့် လေဒဏ်ကို ကာကွယ်နိုင်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် နှစ်စဉ် မေလလယ်ခန့် အချိန်မှစ၍ စက်တင်ဘာ လလယ်ခန့်ထိ မိုးရွာသွန်းပြီး မေလလယ်ခန့် တွင် အနောက်တောင် မုတ်သုံလေ စတင် ဝင်ရောက်လေ့ ရှိသည်။ ထိုသို့သော အချိန်ကာလ သည် လေပြင်းများ တိုက်ခတ်တတ်၍ လေပြင်း တိုက်ခတ်မှုကြောင့် လေဘေး အန္တရာယ် ဖြစ်ပေါ်ပြီး လူနေ အဆောက်အအုံများ၊ သစ်ပင်ကြီး များနှင့် ကြီးမားသော အဆောက်အအုံများ ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ် ခဲ့သည်။

ဝါးပင်သည် လေကာပင် အမျိုးအစား အနက် စိုက်ပျိုးသင့်သော အပင်မျိုးစိတ် တစ်မျိုးဖြစ်ပြီး လေဒဏ်ကို ကောင်းစွာ ကာကွယ်နိုင် သဖြင့် စိုက်ပျိုးသင့်ကြောင်း သိရသည်။ (၁၈၀)

မြ၀တီနေ့စဉ် ၊ စာ(၂၁)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...