Social Icons

Pages

Friday, July 22, 2016

လုပ်ငန်းလုပ်ကိုင်ခြင်း မရှိတော့သည့် စက်ရုံများ အတိအကျသိရှိနိုင်ရန် စာရင်းကောက်ယူမည်



ရန်ကုန် ၊ ၂၂-၇-၂၀၁၆

ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ လုပ်ငန်း လုပ်ကိုင်ခြင်း မရှိတော့သည့် စက်ရုံများ စာရင်းကို အတိအကျ သိရှိနိုင်ရန် စာရင်း ကောက်ယူလျက် ရှိကြောင်း မြန်မာနိုင်ငံ စက်မှု ကုန်ထုတ်လုပ်သူ များအသင်း MIA မှ သိရသည်။

''လုပ်ငန်းမလုပ်တဲ့ စက်ရုံတွေ ဘယ်လောက်ရှိလဲ ဆိုတာ အတိအကျ သိရအောင် လို့ပါ။ ပြီးတော့ စက်မှုဇုန် တွေရဲ့လိုအပ်ချက် တွေကို တိုင်းဒေသကြီး အစိုးရအဖွဲ့ နဲ့လည်း ပူးပေါင်း ဆောင်ရွက်စရာ တွေ ရှိနေလို့ပါ။
လမ်းကိစ္စနဲ့ လူမှုဝန်ထမ်း ကိစ္စတွေကိုလည်း တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ တင်ပြပေး နိုင်ဖို့ လုပ်ဆောင် နေပါတယ်'' ဟု မြန်မာနိုင်ငံ စက်မှု ကုန်ထုတ်လုပ်သူ များအသင်း ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း က ပြောသည်။

အဆိုပါစာရင်းကို MIA လက်အောက်ရှိ အသစ်ဖွဲ့စည်း ထားသည့် စက်မှုဇုန် ကော်မတီများ ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်ရေး ကော်မတီက စက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီများ နှင့် ပူးပေါင်း လုပ်ဆောင်ခြင်း ဖြစ်သည်။

စာရင်းဟောင်း များအရ စက်မှုဝန်ကြီး ဌာန၌ တရားဝင် မှတ်ပုံတင် ထားသည့် စက်ရုံ ၄၄ဝဝဝ ကျော်ရှိပြီး ရန်ကုန်တိုင်း ဒေသကြီး အတွင်း စက်မှုဇုန်ပေါင်း ၂၉ ခုတွင် ဇုန် ၂ဝ ဝန်းကျင်သာ လုပ်ငန်း လည်ပတ် လုပ်ကိုင်လျက် ရှိကြောင်း စက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီ များမှ သိရသည်။

လတ်တလော စက်မှုဇုန်များ၌ လစ်လပ်နေသည့် မြေရာနှင့် ဂိုဒေါင်များ စာရင်း၊ လျှပ်စစ်မီး သုံးစွဲမှုနှင့် ရေဆိုးရေညစ် စွန့်ထုတ်မှု တို့ကိုလည်း စာရင်းများ လိုက်လံ ကောက်ခံ နေကြောင်း သိရသည်။

လက်ရှိတွင် စက်မှုဝန်ကြီး ဌာန လက်အောက်ရှိ နိုင်ငံပိုင်စက်ရုံ ၄၇ ရုံကို ပြည်တွင်း ပြည်ပ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်၍ နှစ်တို၊ နှစ်ရှည် ငှားရမ်းလုပ်ကိုင် ခွင့်ပြုသွားမည် ဖြစ်သည်။ စက်မှုဝန်ကြီး ဌာန ကြီးကြပ်မှု အောက်ရှိ စက်မှုလုပ်ငန်း များနှင့် စက်ရုံများ အားခေတ်နှင့် လျော်ညီပြီး လုပ်ငန်း သဘာဝနှင့် ကိုက်ညီမည့် အမည်သို့ ပြောင်းလဲခြင်း၊ လုပ်ငန်းချင်း တူသည့် စက်ရုံငယ်များကို စုစည်း၍ စက်ရုံကြီးများ၏ ဖွဲ့စည်းပုံ အတွင်းသို့ ထည့်သွင်း ဖွဲ့စည်းခြင်းနှင့် ဖက်စပ် လုပ်ငန်း တည်ထောင် ဆောင်ရွက်ခြင်း တို့ကို ငှားရမ်းခြင်း ပြုလုပ်ပေးလျက် ရှိကြောင်း သိရသည်။ (သဲသဲ)

မြ၀တီနေ့စဉ် ၊ စာ(၃)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...