Social Icons

Pages

Wednesday, July 20, 2016

အင်္ဂါဂြိုဟ်ခရီးစဉ်တွင် အသုံးပြုမည့် လေ့ကျင့်ခန်းစက်ကို စမ်းသပ်ထုတ်လုပ်




ဝါရှင်တန် ၊ ၂၀-၇-၂၀၁၆

၂၀၃၀ ခုနှစ်တွင် စတင်မည့် နာဆာ၏ အင်္ဂါဂြိုဟ် ခရီးစဉ်များတွင် အသုံးပြုသွားမည့် Orion အာကာသယာဉ် ပေါ်တွင် အာကာသယာဉ်မှူး များ ကိုယ်လက် လှုပ်ရှားမှု ပြုလုပ်ရန်နှင့် အင်္ဂါဂြိုဟ် ပေါ်တွင် နေထိုင်နိုင်ရန်
ကြိုတင်လေ့ကျင့် နိုင်ရန် ROCKY ကိရိယာကို နာဆာက စမ်းသပ်ထုတ်လုပ် ထားကြောင်း သိရသည်။

နာဆာသည် အခြားသော ပညာရှင်များ နှင့်ပေါင်းစပ်ကာ ၂၀၃၀ ခုနှစ်တွင် အင်္ဂါဂြိုဟ် ခရီးစဉ်များကို စတင်နိုင်ရန် လိုအပ်သော အာကာသယာဉ်နှင့် အခြားပစ္စည်း ကိရိယာများကို နှစ်နှင့်ချီ အချိန်ယူ စမ်းသပ် ထုတ်လုပ်လျက် ရှိကြောင်း၊ ထူးခြားသော အာကာသယာဉ် လွတ်တင်စနစ် Space Launch System (SLS) ကို စမ်းသပ် ခဲ့ကြောင်း၊ တစ်ချိန်ထဲတွင် Orion အာကာသယာဉ် ကိုလည်း ထုတ်လုပ်နိုင်ခဲ့ပြီး ဖြစ်ကြောင်း၊ ယခု Rocky အားကစား ကိရိယာကိုလည်း အိုဟိုင်းယိုး ပြည်နယ် အခြေစိုက် Zin Tech ကုမ္ပဏီ က ထုတ်လုပ်ထားခြင်း ဖြစ်ကြောင်း သိရသည်။

" အာကာသထဲကို သယ်ဆောင်သွား နိုင်အောင် ပေါ့ပါးမှုလည်း ရှိရမယ်၊ အာကာသယာဉ်မှူး တွေ စိတ်တိုင်းကျ လေ့ကျင့်ခန်း လုပ်နိုင်အောင် ခိုင်မာ တောင့်တင်းမှုလည်း ရှိရမယ်ဆိုရင် အဲဒီလို အားကစား ကိရိယာမျိုးကို ထုတ်ဖို့ ဆိုတာမလွယ်လှ ပါဘူး။ ဒါပေမယ့် Rocky ကို အောင်မြင်စွာ ထုတ်လုပ် နိုင်ခဲ့ပါတယ်။ အသက်ရှူမှုပိုင်း ဆိုင်ရာကို လေ့ကျင့်ပေး နိုင်သလို ကြွက်သား လေ့ကျင့်ခန်း တွေကိုလည်း လေ့ကျင့်ပေး နိုင်ပါတယ်။ အလေးချိန် ပေါင် ၄၀၀ အထိနဲ့ညီမျှတဲ့ တွန်းအား၊ ကန်အားတွေကို ဖန်တီးပေး နိုင်ပါတယ်။ ကိုယ်ကာယ ဗလ၊ အလှ လေ့ကျင့်တဲ့ အားကစား ခန်းမငယ် တစ်ခုလို ဘက်ပေါင်းစုံ လေ့ကျင့်နိုင်မယ့် Rocky ဖြစ်ပါတယ် " ဟု Zin Tech မှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။ 

" နိုင်ငံတကာ အာကာသစခန်း ISS ပေါ်က အာကာသ ယာဉ်မှူးတွေက TVIS2 လို့ ခေါ်တဲ့ အားကစား စက်ငယ်ကို အသုံးပြုခဲ့ကြ ပါတယ်။ အရိုးပါးတာ၊ ကြွက်သား လျော့တာကို ကာကွယ်ဖို့  အားကစားကို မဖြစ်မနေ လုပ်ရပါတယ်။ TVIS2 ကိုပဲ Orion ပေါ် တင်လိုက်ဖို့  အဆင်မပြေ ပါဘူး။ ISS ပေါ် နေရာ အလုံအလောက် ရှိပေမယ့် Orion ပေါ် နေရာ မလုံလောက်ပါဘူး။ ဒါကြောင့် Rocky ကို တီထွင်ဖန်တီး ရခြင်းဖြစ်ပါတယ် " ဟု ၄င်းက ဆက်လက်ပြောပြသည်။

Rocky ကိုသေးငယ်သည့် အရွယ်အထိ ခေါက်သိမ်း နိုင်ကြောင်း၊ အလေးချိန် အားဖြင့်လည်း ပေါ့ပါးကြောင်း၊ Orion ခရီးစဉ်များ အတွက် လေ့ကျင့်ခန်းနှင့် ဆေးဝါး လိုအပ်ချက် များကို ပံ့ပိုးပေးနိုင်မည် ဖြစ်ကြောင်း၊ အားကစား ပြုလုပ်ရာတွင် အဓိက လိုအပ်သော အဆုပ်၊ နှလုံနှင့် သွေးလည်ပတ် အားကောင်း စေသော aerobic training နှင့် အရိုးနှင့် ကြွက်သားကို ခိုင်မာကြံ့ခိုင် စေသော muscle training နှစ်မျိုးလုံးကို ပြုလုပ်နိုင်မည် ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...