Social Icons

Pages

Tuesday, June 14, 2016

ရန်ကုန် ၊ ပဲခူး နှင့် ပုသိမ်မြို့တို့၌ လေထု ရေထု နှင့် မြေအောက်ရေ အရည်အသွေး ပတ်ဝန်းကျင်ဆိုင်ရာ အရည်အသွေး လေ့လာဆန်းစစ်မှု လုပ်ငန်းများကို တစ်နှစ်ခန့် ပြုလုပ်သွားမည်



ရန်ကုန် ၊ ၁၄-၆-၂၀၁၆

ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာနနှင့် မြန်မာ့ ပတ်ဝန်းကျင် သိပ္ပံ (MEI) အဖွဲ့တို့ ပူးပေါင်း၍ ရန်ကုန်၊ ပဲခူးနှင့် ပုသိမ်မြို့ တို့၌ လေထု၊ ရေထုနှင့် မြေအောက်ရေ အရည်အသွေး စသည့် ပတ်ဝန်းကျင် ဆိုင်ရာ အရည်အသွေး လေ့လာ ဆန်းစစ်မှု လုပ်ငန်းများကို တစ်နှစ်ခန့် ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် မြို့ပြ ညစ်ညမ်းမှု စီမံကိန်း (Urban Pollution Project) အရ ရန်ကုန်တိုင်း ဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီးနှင့် ဧရာဝတီတိုင်း ဒေသကြီး တို့ရှိ မြို့တော်များ၌ လေထု၊ ရေထုနှင့် မြေအောက် ရေအရည်အသွေး များကို နွေ၊ မိုး၊ ဆောင်း သုံးရာသီခွဲ၍ စမ်းသပ် တိုင်းတာမှုများ ပြုလုပ်လျက် ရှိကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာနက သတင်း ထုတ်ပြန် ခဲ့သည်။

ပြီးခဲ့သည့် နွေရာသီအတွင်း ပုသိမ်မြို့၌ ရေအရည်အသွေး စမ်းသပ် တိုင်းတာမှု ပြုလုပ်ပြီးသော နေရာများမှာ သာပေါင်းစက္ကူ စက်ရုံအနီး ငဝန်မြစ်ရေ၊ စက်မှုဆိပ်ကမ်း မြို့တော်စီမံကိန်း အနီး ငဝန်မြစ်ရေ နှင့် အမှတ် (၅) ဓာတ်မြေသြဇာ စက်ရုံအနီးရှိ ဒါးကမြစ်ရေ တို့ဖြစ်ပြီး လေထု အရည်အသွေး စမ်းသပ် တိုင်းတာမှုကို ဧရာဝတီတိုင်း ဒေသကြီး အစိုးရ အဖွဲ့ရုံးအနီး၊ ပုသိမ်စက်မှုဇုန် နှင့် ပုသိမ်စက်မှု ဆိပ်ကမ်းမြို့တော် စီမံကိန်းရုံးအနီး တို့၌ ပြုလုပ်ခဲ့ကာ မြေအောက် ရေအရည်အသွေး စမ်းသပ် လေ့လာမှုများကို ပုသိမ်မြို့ ကမ်းနားလမ်း၊ ပုသိမ်မြို့ စက်မှုဇုန်နှင့် အမှတ် (၂) အခြေခံပညာ အထက်တန်း ကျောင်း အတွင်းရှိ အများသုံး သောက်ရေတွင်း နေရာတို့၌  ပြုလုပ်ပြီး ဖြစ်ကြောင်း သိရသည်။

ပဲခူးမြို့၏ ရေထု အရည်အသွေး တိုင်းတာမှုကို ပဲခူးမြစ်နှင့် ကန်တော်ကြီး၊ မြေအောက်ရေ တိုင်းတာမှုကို ပဲခူးစက်မှုဇုန်၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာနရုံး အနီးနှင့် လေထု အရည်အသွေး စမ်းသပ် လေ့လာမှုကို ပဲခူးမြို့ အ-ထ-က (၃)၊ ပဲခူးမြို့ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာနရုံး နှင့် စက်မှုဇုန် လူနေရပ်ကွက် (၁)တို့၌ ပြုလုပ်ပြီး ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့၌ လေထု အရည်အသွေး စမ်းသပ် တိုင်းတာမှုကို ဒဂုံ(တောင်) စက်မှုဇုန် နှင့် ဒဂုံ(အရှေ့) စက်မှုဇုန် တို့၌ ပြုလုပ်ခဲ့ပြီး ရေထု အရည်အသွေး စမ်းသပ်မှုကို ပုဇွန်တောင် ချောင်းအတွင်း သုံးနေရာခန့် ပြုလုပ်ခဲ့ကာ မြေအောက်ရေ စမ်းသပ်မှုကို ရန်ကုန်မြို့၌ နွေရာသီ အတွင်းက ပြုလုပ်ရခြင်း မရှိ သေးကြောင်း သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...