Social Icons

Pages

Tuesday, June 14, 2016

မန္တလေးမြို့ အရိုးရောဂါ အထူးကုဆေးရုံကြီး၌ ခါးရိုးစောင်းခြင်း နှင့် ခါးကုန်းသော ဝေဒနာရှင် ၂၀ ဦးခန့်အား ထပ်မံခွဲစိတ် ကုသပေးမည်


မန္တလေး ၊ ၁၄-၆-၂၀၁၆

မန္တလေးမြို့ အရိုးရောဂါ အထူးကုဆေးရုံ ကြီး၌ ခါးရိုးစောင်းခြင်းနှင့် ခါးကုန်းသော ရောဂါ ဝေဒနာရှင် လူနာ ၂ဝ ဦးခန့်အား ထပ်မံခွဲစိတ် ကုသပေးနိုင်ရန် စီစဉ်ထား ကြောင်း အရိုးရောဂါ အထူးကု ဆေးရုံကြီး မှ သိရသည်။

အမေရိကန်နိုင်ငံ Butterfly Foundation မှ ခါးရိုးခွဲစိတ် အထူးကု ဆရာဝန်ကြီး ဒေါက်တာ KIM ဦးဆောင်သော ခွဲစိတ် အထူးကုဆရာဝန် လေးဦးနှင့် သူနာပြုနှစ်ဦး တို့ပါဝင်ပြီး မန္တလေးမြို့ အရိုးရောဂါ အထူးကု ဆေးရုံကြီးမှ ခါးရိုး အထူးကု ဆရာဝန်ကြီး များပူးပေါင်း၍ ခါးရိုးရောဂါ ဝေဒနာရှင် များအား ယမန်နေ့က စတင်ခွဲစိတ် ကုသပေးလျက် ရှိသည်။

''အခုလို တတ်ကျွမ်းတဲ့ ဆရာဝန်ကြီးတွေ လာရောက်ပြီး မြန်မာနိုင်ငံက ဆရာဝန်တွေနဲ့ ပူးပေါင်း ဆောင်ရွက်တာဟာ နည်းပညာ ဆိုင်ရာတွေနဲ့ အတွေ့အကြုံ တွေရရှိပြီး ခါးရိုးစောင်းခြင်းနဲ့ ခါးကုန်းတဲ့ ရောဂါတွေကို ကိုယ်တိုင်ကုသ ပေးနိုင်တော့မှာ ဖြစ်တဲ့အတွက် အရိုးကုသရေး အတွက်များစွာ အထောက်အကူ ဖြစ်စေနိုင်ပါတယ်'' ဟု မန္တလေးမြို့ အရိုးရောဂါ အထူးကုဆေးရုံ ကြီးမှ ဒေါက်တာ ကြည်လွင် က ပြောသည်။

ထို့ပြင် ခွဲစိတ်ကုသ ခံယူသည့် လူနာများအား မန္တလေး အရိုးရောဂါကု ဆေးရုံကြီးမှ နောက်ဆက်တွဲ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် ပေးသွားမည်ဖြစ်ပြီး ကုသမှုများအတွက် အခမဲ့ ဆောင်ရွက်ပေးခြင်း ဖြစ်ကာ လိုအပ်သော ဆေးဝါးများအတွက် စရိတ်မျှပေး အစီအစဉ်စနစ်ဖြင့် ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ Butterfly Foundation အဖွဲ့သည် နိုင်ငံများရှိ ခါးရိုးရောဂါ ဝေဒနာရှင် များအား အခမဲ့လိုက်လံ ကုသပေးလျက် ရှိပြီး ခွဲစိတ်မှု နည်းပညာ ဆိုင်ရာလည်း မျှဝေပေး နေသည့် စေတနာရှင် ဆရာဝန်ကြီး များဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။

ယင်းခွဲစိတ် အဖွဲ့သည် ၂ဝ၁၅ ခုနှစ် နိုဝင်ဘာလ အတွင်းက မန္တလေးမြို့ အရိုးရောဂါ အထူးကု ဆေးရုံကြီး၌ လူနာ ၁၂ ဦးအား ခါးရိုးရောဂါ ခွဲစိတ်ကုသ ပေးခဲ့ရာ ၁ဝဝ ရာခိုင်နှုန်း အောင်မြင်မှု ရှိခဲ့ကြောင်း သိရသည်။ (သဲသဲ)

မြ၀တီနေ့စဉ် ၊ စာ(၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...