Social Icons

Pages

Wednesday, May 4, 2016

မြန်မာ-ဂျပန် နှစ်နိုင်ငံတပ်တော် နှစ်ရပ်ကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်ရေး ချစ်ကြည်ရင်းနှီးစွာ ဆွေးနွေး


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဂျပန်နိုင်ငံ ၊ နိုင်ငံခြားရေးဝန်ကြီး H.E.Mr. Fumio KISHIDA အား လက်ခံတွေ့ဆုံစဉ်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဂျပန်နိုင်ငံ ၊ နိုင်ငံခြားရေးဝန်ကြီး H.E.Mr. Fumio KISHIDA တို့အဖွဲ့ဝင်များနှင့်အတူ အမှတ်တရစုပေါင်းဓာတ်ပုံ ရိုက်စဉ်

နေပြည်တော် ၊ ၄-၅-၂၀၁၆

၁၉၈၈ ခုနှစ်၊ တပ်မတော်အစိုးရ တာဝန် ယူချိန်မှ စတင်၍ ဒီမိုကရေစီ စနစ်ကို ပြောင်းလဲနိုင်ရေး ကြိုးပမ်းဆောင်ရွက် ခဲ့ရာ နိုင်ငံ၏ အခြေအနေ အရပ်ရပ်ကြောင့် ၂ဝ၁ဝ ပြည့်နှစ်တွင် ရည်မှန်းချက် အတိုင်း ဒီမိုကရေစီနိုင်ငံ အဖြစ် ပြောင်းလဲ နိုင်ခဲ့ကြောင်း၊ ကာလကြာမြင့် မှု အတွက် တပ်မတော်အပေါ် အမျိုးမျိုးစွပ်စွဲ ပြောဆို ခဲ့ကြကြောင်း၊ သို့သော် ယခုအချိန်တွင် တည်တည်ငြိမ်ငြိမ်ဖြင့် လုပ်ဆောင်နိုင်ခဲ့ သဖြင့် အခြေခံ ဒီမိုကရေစီ လမ်းကြောင်းပေါ် ရောက်ရှိနေပြီး ပို၍ ခိုင်ခိုင်မာမာ ဖြစ်စေရန် ဆက်လက်ကြိုးပမ်း ဆောင်ရွက် နေကြောင်း၊ တပ်မတော် အနေဖြင့်လည်း ယင်း လမ်းကြောင်းပေါ်တွင် မှန်မှန်ကန်ကန်ဖြင့် အောင်မြင်စွာ လျှောက်လှမ်း နိုင်ရေး ဝိုင်းဝန်း လုပ်ဆောင်သွား မည် ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ယမန်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော် ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင် ၌ ဂျပန်နိုင်ငံ၊ နိုင်ငံခြားရေး ဝန်ကြီး H.E.Mr. Fumio KISHIDA အား လက်ခံတွေ့ဆုံ ရာတွင် ထည့်သွင်း ပြောကြားသည်။

အဆိုပါ တွေ့ဆုံပွဲသို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် နှင့်အတူ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်
အရာရှိကြီးများ တက်ရောက်ကြပြီး ဂျပန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး နှင့်အတူ ဒုတိယဝန်ကြီး Mr. Seiji KIHARA ၊ မြန်မာနိုင်ငံ ဆိုင်ရာ ဂျပန်နိုင်ငံသံအမတ်ကြီး H.E.Mr. Tateshi HIGUCHI ၊ စစ်သံမှူး Colonel Takeshi HARA နှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။

ထိုသို့ တွေ့ဆုံရာတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က မြန်မာ-ဂျပန် နှစ်နိုင်ငံ သမိုင်းကြောင်း အရ နိုင်ငံလွတ်လပ်ရေး ကြိုးပမ်းမှုမှစ၍ မိတ်ဆွေနိုင်ငံ များအဖြစ် ဆက်ဆံခဲ့မှု အခြေအနေများ၊ လက်ရှိနှစ်နိုင်ငံ တပ်မတော် နှစ်ရပ်ကြား ဆက်ဆံရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေး တိုးမြှင့် လုပ်ဆောင်နေသည့် အခြေအနေများ၊ ယခုပြည်သူ ရွေးချယ်သော ပါတီစုံ ဒီမိုကရေစီစနစ် လျှောက်လှမ်း ရာတွင် အဓိက လိုအပ်ချက် ဖြစ်သည့် တည်ငြိမ် အေးချမ်းမှု နှင့်ပတ်သက်၍ တပ်မတော်ပိုင်း နှင့် ပြည်သူလူထုပိုင်း ဆိုင်ရာ ပကတိ အခြေအနေများ၊ တည်ငြိမ် အေးချမ်းမှု အတွက် မရှိမဖြစ် လိုအပ်သည့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ဆိုင်ရာ အခြေအနေများ၊ တပ်မတော်၏ ငြိမ်းချမ်းရေးနှင့် ပတ်သက်သည့် ရပ်တည်ချက် သဘောထားနှင့် ပူးပေါင်း ဆောင်ရွက်မှု များကို ရှင်းလင်း ပြောကြားသည်။

ဧည့်သည်တော် ဝန်ကြီးက မြန်မာနိုင်ငံ၏ ပြုပြင် ပြောင်းလဲမှုများ အေးချမ်းစွာ အကောင် အထည်ဖော် ဆောင်ရွက်နိုင်မှု အတွက် ဂုဏ်ယူပါကြောင်း၊ အဆွေတော် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဦးဆောင်သည့် တပ်မတော်၏ ကြိုးပမ်း လုပ်ဆောင်မှု ကိုလည်း လေးစားပါကြောင်း၊ မြန်မာနိုင်ငံ ဒီမိုကရေစီ ဖော်ဆောင်ရေး၊ နိုင်ငံဖွံ့ဖြိုး တိုးတက်ရေး တို့တွင် ဂျပန်နိုင်ငံ အစိုးရနှင့် ပုဂ္ဂလိက အဖွဲ့အစည်းများ ပူးပေါင်း၍ ပိုမို လုပ်ဆောင်ခြင်း၊ ဂျပန်နိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာနနှင့် နီပွန် ဖောင်ဒေးရှင်း တို့ ပူးပေါင်း၍ နှစ်နိုင်ငံ ကာကွယ်ရေး ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများ ဆက်လက် မြှင့်တင်ခြင်း တို့ဖြင့် နှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုခိုင်မာအောင် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ပြန်လည်ဆွေးနွေး ပြောကြားပြီး မြန်မာနိုင်ငံ၏ တည်ငြိမ် အေးချမ်းရေးနှင့် ထာဝရ ငြိမ်းချမ်းရေး ဖော်ဆောင်နေမှု အခြေအနေများ၊ ဒေသတွင်းနှင့် နိုင်ငံတကာ ဆက်ဆံရေး၊ တည်ငြိမ် အေးချမ်းရေး ကိစ္စရပ်များ ကို ရင်းနှီးပွင့်လင်းစွာ အပြန်အလှန် အမြင်ချင်း ဖလှယ်ဆွေးနွေး ခဲ့ကြသည်။

တွေ့ဆုံပွဲ အပြီးတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် ဂျပန် နိုင်ငံခြားရေးဝန်ကြီး တို့သည် အဖွဲ့ဝင်များနှင့် အတူ အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။ (၁ဝဝ)

မြ၀တီနေ့စဉ် ၊ စာ(၃၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...