Social Icons

Pages

Tuesday, May 17, 2016

မျိုးဥပါ ကဏန်းများ တင်ပို့မှုကို ရာသီဥတု ပူပြင်းမှုကြောင့် ရပ်ဆိုင်းထား



မင်းပြား ၊ ၁၇-၅-၂၀၁၆

ရခိုင်ပြည်နယ်မှ တရုတ်နိုင်ငံ သို့ မျိုးဥပါ ကဏန်းများ တင်ပို့နေမှုကို ရာသီဥတု ပူပြင်းမှုကြောင့် လတ်တလော ကာလအတွင်း ရပ်ဆိုင်း ထားကြောင်း ဒေသတွင်းရှိ ကဏန်း အဝယ်ဒိုင်များမှ သိရသည်။

ယခုလပိုင်းတွင် အပူချိန် မြင့်တက်ခြင်း ကြောင့် မျိုးဥပါ ကဏန်းများသည် မူဆယ် ဈေးကွက်သို့ မရောက်မီ လမ်း၌ပင် သေဆုံးလေ့ ရှိနေသဖြင့် ကဏန်းအ၀ယ်ဒိုင် များအနေဖြင့် ဝယ်ယူမှု ရပ်ဆိုင်း လိုက်ကြခြင်း ဖြစ်သည်။

''တရုတ်ဈေးကွက်မှာ ဈေးကောင်း ရပေမယ့် မတင်ပို့နိုင်တော့ ပါဘူး။ မျိုးဥပါ ကဏန်းတွေက လမ်းမှာ သုံးရက်ပဲ အလွန်ဆုံး ခံနိုင်တယ်။ နေ့လယ်ဘက် အပူရှိန်က ပြင်းလို့ လမ်းပိုင်း ကြန့်ကြာ မှုရှိတော့ သေဆုံးမှုတွေ ပိုများနေ ပါတယ်'' ဟု မင်းပြားမြို့မှ ကဏန်း အဝယ်ဒိုင် ပိုင်ရှင် တစ်ဦးက ပြောပြသည်။

ပင်လယ် ကမ်းရိုးတန်း ဒေသ ဖြစ်သည့် အလျောက် တရုတ်နိုင်ငံသို့ ကဏန်းတင်ပို့ခြင်း လုပ်ငန်းသည် ရခိုင်ပြည်နယ်၏ အဓိက စီးပွားရေး လုပ်ငန်းတစ်ခု ဖြစ်သော်လည်း သဘာဝ ဒီရေတောများ ပြုန်းတီး လာခြင်း၊ ရာသီဥတု ပြောင်းလဲခြင်း နှင့် နှစ်ရှည်လများ စည်းမဲ့ကမ်းမဲ့ အလွန်အကျွံ ဖမ်းဆီးခဲ့ခြင်း တို့ကြောင့် ကဏန်း ဖမ်းဆီးရရှိမှု နှုန်းမှာ နှစ်စဉ် လျော့နည်းလာကြောင်း သိရသည်။

''မေ၊ ဇွန်၊ ဇူလိုင်လ တွေဟာ ကဏန်းတွေ ဥချတဲ့ရာသီပါ။ ဒါကြောင့် မျိုးဥပါ ကဏန်းတွေ ရတယ်။ အခု ကဏန်းဒိုင် တွေက မျိုးဥပါ ကဏန်းတွေကို မဝယ်တော့ ပါဘူး။ မြို့ဈေးမှာ ရောင်းနေရတယ်။ ကဏန်းတွေက ရှားလာတယ်။ ဖမ်းမိတဲ့ ကဏန်းတွေ ကလဲ အကောင်ငယ်တွေ များလာတယ်'' ဟု မြေပုံမြို့နယ် သင်္ဂနက် ကျေးရွာမှ ရေလုပ်သား တစ်ဦးက ပြောပြသည်။

ရခိုင်ပြည်နယ် အတွင်း ရေချို၊ ရေငန်စပ် သဘာဝရှိသည့် ရသေ့တောင်၊ ဘူးသီးတောင်၊ မြေပုံ၊ မင်းပြားနှင့် ပေါက်တော မြို့နယ်တို့တွင် ရွှံ့ကဏန်း အများဆုံး ထွက်ရှိပြီး မြို့နယ် တစ်ခုလျှင် ကဏန်း အဝယ်ဒိုင် ၁ဝဝ ခန့်ရှိကြောင်း သိရသည်။

ရတနာပုံနေ့စဉ် ၊ စာ(၉)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...