ရန်ကုန် ၊ ၁၇-၅-၂၀၁၆
နယ်စပ်ဒေသ နှင့် ဝေးလံသော ဒေသများ၌ ဆရာ၊ ဆရာမများ အဖြစ် လျှောက်ထားမှုများ နည်းပါးလျက် ရှိကြောင်း ပညာရေး ဝန်ကြီးဌာနမှ သိရသည်။
ထိုသို့ လျှောက်ထားမှု နည်းပါးနေခြင်း အတွက် ဒေသခံများကို ဦးစားပေး စနစ်ဖြင့် ခန့်အပ်ပေးပြီး ပညာ အရည်အချင်း ကိုလည်း လျှော့ပေး စဉ်းစားပေး သွားမည် ဖြစ်ကာ လျှောက်ထားသူများ ထဲမှ တက္ကသိုလ် ဝင်တန်း အောင်မြင်သူ မရှိပါက နဝမတန်း သို့မဟုတ် အဋ္ဌမတန်း အောင်မြင် ထားသော ဒေသခံများထဲမှ အသက် ၂၅ နှစ်အောက် လျှောက်ထား သူများကို စာချုပ်ဖြင့် ယာယီခန့်ထား ခွင့်ပြု ထားကြောင်း၊ ယင်းသို့ ခန့်ထားရာ၌ ဒေသတွင် ပြောဆိုသည့် ဘာသာစကား တတ်ကျွမ်းပြီး အဆိုပါ ဒေသ၌ နေထိုင်သူများ ကိုသာ အဓိက ဦးစားပေး ခန့်အပ်သွားမည် ဖြစ်ကြောင်း သိရသည်။
''ဝေးလံပြီး သွားလာရေး ခက်ခဲတဲ့ဒေသ တွေနဲ့ အစိုးရခန့် ဆရာ၊ ဆရာမတွေကို ငြင်းပယ်တဲ့ ဒေသတွေမှာ နဝမတန်း၊ အဋ္ဌမတန်း အဆင့်အထိ လျှော့ချပြီး ရွေးချယ်ရ တာက ဆရာ လိုအပ်ချက် အရ လျှော့ပေါ့ စဉ်းစားရတာ ပါ။ မြို့ပေါ်မှာ တာဝန်ထမ်းဆောင် နေတဲ့ ဆရာတွေက နယ်ကိုမသွားချင် ကြပါဘူး။ ဒေသအလိုက် လိုအပ်ချက် အပေါ် မူတည်ပြီး ဆရာဦးရေ ခေါ်တဲ့စနစ် ကျင့်သုံးမှာ ဆိုတော့ ဒေသနဲ့ ကိုက်ညီတဲ့သူ တွေကို ရွေးချယ်ခန့်အပ် သွားမှာ ဖြစ်ပါတယ်'' ဟု အခြေခံပညာ ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ဝေးလံပြီး သွားလာရေး ခက်ခဲသော ဒေသများရှိ အခြေခံပညာ ကျောင်းများ၌ လုပ်အားပေးနေပြီး ဒေသနှင့် အဆင်ပြေသော သူများကို ဦးစားပေး ရွေးချယ်မည် ဖြစ်ကြောင်း၊ အစိုးရ ခန့်ထားသည့် ဆရာ၊ ဆရာမများကို လက်ခံသည့် ဒေသများ၌ ရွာမှငှားရမ်း သင်ကြား နေရသည့်သူများ၊ ဒေသ အဖွဲ့အစည်း တစ်ခုခုက ငှားရမ်းထားသူ များ ဖြစ်ပါက ဒေသ အဖွဲ့အစည်းက ထောက်ခံ တင်ပြသူ၊ လက်ရှိသင်ကြား နေရသူများ၊ သက်ဆိုင်ရာ ကျောင်းအုပ်များက ထောက်ခံချက် ပေးနိုင်သူများကို ရွေးချယ်ရန် သတ်မှတ် ထားကြောင်း သိရသည်။
ထိုကဲ့သို့ နယ်စပ်ဒေသ ဆရာ လိုအပ်ချက် ဖြည့်ဆည်းပေးရန် ပညာရေး ကောလိပ်၊ တက္ကသိုလ် အသီးသီးမှ ဆရာ၊ ဆရာမများ ကိုလည်း ကန့်သတ်ချက် မထားရှိဘဲ ခေါ်ယူလျက် ရှိကြောင်း သိရသည်။
သဲသဲ
မြ၀တီနေ့စဉ် ၊ စာ(၁၂)
No comments:
Post a Comment