Social Icons

Pages

Tuesday, May 17, 2016

နည်းပညာတက္ကသိုလ် အသီးသီးမှ ကျောင်းသား ကျောင်းသူများ အတွက် BE တန်းတက်ရောက်နိုင်ရန် ပေါင်းကူးစာမေးပွဲ ကျင်းပမည်



ရန်ကုန် ၊ ၁၇-၅-၂၀၁၆

နည်းပညာ တက္ကသိုလ် အသီးသီးမှ ကျောင်းသား၊ ကျောင်းသူများ အတွက် BE တန်း တက်ရောက်နိုင်ရန် ပေါင်းကူးစာမေးပွဲ ကို စက်တင်ဘာ ၆ ရက်နှင့် ၇ ရက်တို့တွင် ကျင်းပသွားမည် ဖြစ်ကြောင်း ပညာရေး ဝန်ကြီးဌာန၊ စက်မှုနည်းပညာ မြှင့်တင်ရေး နှင့် ပူးပေါင်း ဆောင်ရွက်ရေး ဦးစီးဌာနမှ ထုတ်ပြန် ထားကြောင်း သိရသည်။

''ပေါင်းကူး လုပ်ပေးတယ် ဆိုတာက တချို့တွေက B.Tech အောင်ပါတယ်။ BE တက်ဖို့ သတ်မှတ်ထားတဲ့ အရည်အချင်းတွေ မပါဘူး ဖြစ်နေပါတယ်။ အဲဒီလို လူတွေအဖို့ ပညာရေးမှာ နစ်နာမှာစိုးလို့ ဒီလိုမျိုးတွေ လုပ်ပေးရတာ ဖြစ်ပါတယ်။ တချို့လူတွေ ကလည်း ပြန်ဖြေ ချင်တဲ့ စိတ်ရှိလို့ ပြန်ကြိုးစား ကြတော့ အောင်ကြပါတယ်။ တချို့ကြ တော့လည်း စာနဲ့နည်းနည်း ဝေးသွားတော့ စာမေးပွဲ ကျတာမျိုးလည်း ရှိပါတယ်'' ဟု သန်လျင် နည်းပညာ တက္ကသိုလ်မှ လက်ထောက် ကထိက ဒေါ်နှင်းသော်တာ က ပြောသည်။

ပညာရေးဝန်ကြီးဌာန အောက်ရှိ နည်းပညာ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံများတွင် ဖွင့်လှစ်သင်ကြား ပေးလျက်ရှိသည့် B.Tech ကို အောင်မြင်ခဲ့ သော်လည်း တစ်ဆင့်မြှင့် BE တန်းကို တက်ရောက်ရန် ရမှတ် ပြည့်မီခြင်း မရှိသော ကျောင်းသား၊ ကျောင်းသူများ အားလုံးကို ဖြေဆိုခွင့်ပြုမည် ဖြစ်ပြီး ဝင်ခွင့် အရည်အချင်း ဖြေဆိုခွင့် အတွက် မိမိတို့ တက်ရောက်လိုသည့် နည်းပညာ တက္ကသိုလ်များ၌ မေ ၃ ရက်မှ စတင်ကာ ဇွန် ၁၇ ရက်အထိ ပညာရေး ဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် စာရွက်စာတမ်း များဖြင့် လျှောက်ထားရမည် ဖြစ်ကြောင်း သိရသည်။

''အရင်က ပေါင်းကူးစာမေးပွဲ ကို သုံး၊ လေး နှစ်တစ်ကြိမ်မှ ကျင်းပတော့ စာတွေမေ့ပြီး ကျတာ များပါတယ်။ နောက်ပိုင်းတော့ စာမေးပွဲဖြေတာ စိပ်လာတဲ့အတွက် BE ပါချင်တဲ့သူတွေ ပြန်ဖြေကြရင် စာတွေ မမေ့တော့ပါဘူး'' ဟု မှော်ဘီ နည်းပညာ တက္ကသိုလ်မှ ကျောင်းသား ကိုဝေလင်း က ပြောသည်။

အဆိုပါ BE ပေါင်းကူး စာမေးပွဲအား စက်တင်ဘာ ၆ ရက်တွင် အင်္ဂလိပ်စာနှင့် စက်တင်ဘာ ၇ ရက်တွင် အဓိက ဘာသာရပ်ကို ဖြေဆိုရမည်ဖြစ်ပြီး ဒုတိယနေ့တွင် ဖြေဆိုရမည့် ဘာသာရပ်ကို လက်ရှိတွင် ထုတ်ပြန်ထားခြင်း မရှိသေးကြောင်း၊ သို့သော် ဖြေဆိုရမည့် ရက်နီးပါက သက်ဆိုင်ရာ တက္ကသိုလ် အသီးသီး၌ ကြေညာပေး သွားမည် ဖြစ်ကြောင်း သိရသည်။

ချမ်းချမ်းကို

မြ၀တီနေ့စဉ် ၊ စာ(၁၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...