Social Icons

Pages

Saturday, May 21, 2016

ကဆုန်လပြည့် ဗုဒ္ဓနေ့


ကဆုန်လပြည့် ဗုဒ္ဓနေ့

မြန်မာလ ဆယ့်နှစ်လတွင် ကဆုန်လသည် ဒုတိယမြောက်လ ဖြစ်သည်။ ကဆုန်လ၏ ရာသီ အမည်မှာ ပြိဿရာသီ ဖြစ်သည်။ ကဆုန်၊ နယုန် ဆွေ့ဆွေ့ခုန် ဟူသော စကားအတိုင်း ကဆုန်လ သည် အပူရှိန်ပြင်း၍ ရေပြတ်လပ်သည့် ကာလ ဖြစ်သည်။ တန်ခူးရေကုန် ကဆုန်ရေခန်း သော ဤကာလ မျိုးတွင် သစ်ပင်ပန်းမန်များ ညှိုးနွမ်း သေဆုံးမှုများ ဖြစ်ပေါ်လေ့ ရှိသည်။

ကဆုန်လ၏ အဓိပ္ပာယ်မှာ ရေသွန်းလောင်းသော လဟု အဓိပ္ပာယ် ရသည်။ လှေသင်း အတွင်းဝန်ကမူ ရေပြတ်သောလ ဟု ဆိုသည်။ ဆယ့်နှစ်လ ရာသီဘွဲ့များတွင် ကဆုန် ညောင်ရေသွန်း ခြင်းကို အဓိကထား ဖွဲ့ဆိုကြ သောကြောင့် ရေသွန်းလောင်း သည့်လ ဟူသော အဆိုကို လက်ခံမှတ်ယူ ရမည် ဖြစ်ပေသည်။

မြန်မာနိုင်ငံတွင် ကဆုန် လပြည့်နေ့ကို ဗုဒ္ဓနေ့ ဟု အထွတ်အမြတ် ထားကာ ညောင်ရေသွန်း ပွဲတော်ကို ကျင်းပလေ့ ရှိသည်။ ''ဘုရားသခင်၊ ရွှေပလ္လင်ထက်၊ ရွှေပင်ရောင်တောက်၊ ညောင်တော် အောက်ဝယ် ပေါက်သည်ကိုမူ၊ အကြောင်းယူ၍၊ မဉ္ဇူလှရာ၊ ပန်းတကာကို၊ မြူတာတကောင်း၊ မတင့်တောင်းဝယ် သွန်းလောင်းရေပြည့်'' ဟု အင်းဝ နေပြည်တော်တွင် ညောင်ရေသွန်း ပွဲတော် ကျင်းပပုံကို ဆီသည်ရွာစား ဦးအောင်ကြီး ၏ ဆယ့်နှစ်လ ရာသီဖွဲ့ လူးတား အရ သိရသည်။

ကဆုန်လသည် ဆယ့်နှစ်လ ရာသီ၌ အမြတ်ဆုံးလ အဖြစ် မြန်မာဗုဒ္ဓ ဘာသာဝင် တို့ သတ်မှတ်ထား ကြသည်။ ဤသို့ သတ်မှတ် ရခြင်းမှာ ဂေါတမ မြတ်စွာဘုရား အလောင်းတော် သည် ဘုရားစင်စစ် ဧကန်ဖြစ်မည် ဟု ဒီပင်္ကရာ မြတ်စွာဘုရားထံ မှ နိယတဗျာဒိတ် ကို ခံယူသည်မှာ ကဆုန် လပြည့်နေ့ ဖြစ်ခြင်း၊ ဂေါတမ မြတ်စွာဘုရား အလောင်းတော် သိဒ္ဓတ္ထမင်းသားကို မဟာသက္ကရာဇ် ၆၈ ခုနှစ် ကဆုန်လပြည့်နေ့ ၌ ဖွားမြင်ခြင်း၊ ဂေါတမ မြတ်စွာဘုရား အလောင်းတော် သည် သဗ္ဗညုတ ဉာဏ်တော်ရ၍ ဘုရားအဖြစ် မဟာသက္ကရာဇ် ၁ဝ၃ ခုနှစ် ကဆုန်လပြည့်နေ့ ၌ ရောက်တော်မူ ခြင်းနှင့် ဘုရားရှင်သည် မဟာသက္ကရာဇ် ၁၄၈ ခုနှစ် ကဆုန်လပြည့် နေ့၌ ပရိနိဗ္ဗာန် စံဝင်တော်မူခြင်း တို့ကြောင့် ဖြစ်သည်။

ဘုရားရှင် ပရိနိဗ္ဗာန် စံဝင်တော်မူ ပြီးနောက် ဘုရားရှင် ကိုယ်စား ကိုးကွယ်ထိုက်သည့် ဘုရားရှင် ပွင့်တော်မူရာ ဗောဓိပင်ကို ပူပြင်း၍ ရေပြတ်လပ်ကာ မသေဆုံး စေရန်အတွက် ရေသွန်းလောင်း ပူဇော်ရာမှ ညောင်ရေသွန်း ပွဲတော် ဖြစ်ပေါ် လာရသည်။ ထူးခြားသည့် လမြတ်ကဆုန်၌ လပြည့် နေ့တွင် ထူးမြတ်သည့် ဗောဓိပင်ကို ညောင်ရေသွန်းလောင်း ပူဇော်၍ ဗောဓိဉာဏ် ရရန် အားထုတ် တော်မူရာ ဗောဓိပင်များ ရှင်သန်ရေး ကောင်းမြတ်သော စိတ်စေတနာဖြင့် ဆောင်ရွက်ကြသည်။

ဤသို့ ကဆုန်လပြည့် ဗုဒ္ဓနေ့တွင် သစ္စာလေးပါး တရားမြတ်ကို သိမြင်တော်မူရန် အထောက် အပံ့ကောင်း တစ်ခုဖြစ်သော ဗောဓိပင်ကို အစဉ်အလာ မပျက် ညောင်ရေသွန်းလောင်း ကြကာ မြတ်စွာဘုရားရှင် နှင့် ဗုဒ္ဓ သာသနာတော် ကို ပူဇော်သွားကြ ရမည် ဖြစ်ပါကြောင်း ရေးသားတင်ပြ လိုက်ရပေသည်။

ရတနာပုံနေ့စဉ် ၊ စာ(၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...