Social Icons

Pages

Tuesday, March 29, 2016

လူငယ်အများစု ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ သင်တန်း တက်ရောက်သူ များပြားလာ


ရန်ကုန် ၊ ၂၉-၃-၂၀၁၆

လာမည့်နှစ်များ အတွင်း မြန်မာနိုင်ငံ၌ ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းများ ဖွံ့ဖြိုးလာ နိုင်မည့် အခြေအနေ များကြောင့် လူငယ် အများစုတွင် ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းဆိုင်ရာ သင်တန်းများ တက်ရောက်သူ များပြား လာကြောင်း အဆိုပါ သင်တန်းကျောင်း များမှ တာဝန်ရှိသူ များ၏ ပြောကြားချက် အရ သိရသည်။

မြန်မာနိုင်ငံ၌ ပြည်တွင်းပြည်ပ ခရီးသွား ဧည့်သည်များ လည်ပတ်မှု နှုန်းသည် တစ်နှစ်ထက် တစ်နှစ် မြင့်တက် လာသည်နှင့် အမျှ ယင်း လုပ်ငန်းများတွင် ကျွမ်းကျင် လုပ်သား လိုအပ်ချက် မြင့်တက် လာကြောင်း၊ လက်ရှိတွင်လည်း ဟိုတယ် အများစု၌ လုပ်သား လိုအပ်ချက်ကြောင့် အလုပ်ခေါ်ယူ မှုများပြား နေပြီး အဓိကအားဖြင့် လုပ်ငန်းခွင် အတွင်း ကျွမ်းကျင်စွာ လုပ်ကိုင်နိုင် စေရန် သင်တန်းများက စာတွေ့၊ လက်တွေ့ဖြင့် ထိရောက်စွာ သင်ကြားပေးလျက် ရှိကြောင်း သိရသည်။

လက်ရှိတွင် ယင်းလုပ်ငန်းများ အတွင်း အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိ နိုင်သဖြင့် လူငယ် အများစုသည် ဟိုတယ် ဝန်ဆောင်မှု သင်တန်းကျောင်း များ၊ အချက်အပြုတ် သင်တန်း များနှင့် ခရီးသွား ဧည့်လမ်းညွှန် သင်တန်းများကို တက်ရောက်မှု အများဆုံး ဖြစ်ကြောင်း၊ ဟိုတယ်နှင့် ခရီးသွား လုပ်ငန်း များတွင် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှု များပြား လာသော်လည်း ကျွမ်းကျင် လုပ်သား လိုအပ်ချက်နှင့် အဓိကရင်ဆိုင် နေရပြီး ပြည်ပသို့ သွားရောက် အလုပ်လုပ်ကိုင် နေသော မြန်မာ ကျွမ်းကျင် လုပ်သားများ သည်လည်း လစာနှင့် ခံစားခွင့် ကွာဟချက် ကျဉ်းမြောင်း လာခြင်းကြောင့် ပြည်တွင်း၌သာ အလုပ် လုပ်ကိုင်မှုများ ရှိနေကြောင်း သိရသည်။

ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ဝန်ကြီးဌာနက နှစ်စဉ် ခရီးသွား ဧည့်သည် လာရောက်မှု တိုးတက် လာခြင်းကြောင့် ကျွမ်းကျင် လုပ်သား လိုအပ်ချက် များကို ဖြည့်တင်းနိုင်ရန် အတွက် ကျောင်းသင်ခန်းစာ များ၌ ကဏ္ဍတစ်ခု အနေဖြင့် ထည့်သွင်း သင်ကြားနိုင်ရန် ကြိုးပမ်းလျက် ရှိကြောင်း သိရသည်။

စိုးမိုး

မြ၀တီနေ့စဉ် ၊ စာ(၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...