Social Icons

Pages

Tuesday, March 29, 2016

ရွှံ့ကဏန်းမျိုးစိတ်များ ရှားပါးလာသဖြင့် တနင်္သာရီတိုင်း ဒေသကြီးအတွင်းရှိ ကဏန်းဘေးမဲ့ဇုန်များကို အဆင့်မြှင့်တင်ရန် စီစဉ်



ထားဝယ် ၊ ၂၉-၃-၂၀၁၆

မြန်မာ့ ရေထွက်ကုန် ပစ္စည်းတစ်မျိုး ဖြစ်သည့် ရွှံ့ကဏန်း မျိုးစိတ်များ ရှားပါးလာသဖြင့် တနင်္သာရီတိုင်း ဒေသကြီး အတွင်းရှိ ကဏန်း ဘေးမဲ့ဇုန်များကို အဆင့် မြှင့်တင်ရန် စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း တနင်္သာရီတိုင်း ဒေသကြီး ထားဝယ်ခရိုင် ငါးလုပ်ငန်း ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

တနင်္သာရီတိုင်း ဒေသကြီး ထားဝယ်ခရိုင် သရက်ချောင်း မြို့နယ် လာဘကျေးရွာ အုပ်စု၌ ကဏန်း ဘေးမဲ့ဇုန် ၁၁၅ ဧက၊ မြိတ်ခရိုင် ကျွန်းစုမြို့နယ် ပန်းဇင်ကျေးရွာ အနီး ကဏန်း ဘေးမဲ့ဇုန် ဧက ၃၅ဝ နှင့် ကော့သောင်း ခရိုင် ဘုတ်ပြင်းမြို့နယ် အုန်းတောလမ်း ကျေးရွာ အုပ်စု၌ ကဏန်း ဘေးမဲ့ဇုန် ဧက ၁ဝဝ တို့ကို ဘေးမဲ့ဇုန်များ အဖြစ် သတ်မှတ် ဆောင်ရွက် ပေးထားကြောင်း သိရသည်။

ကဏန်းဘေးမဲ့ဇုန် များ၌ ယခုထက်ပို၍ မျိုးစိုက်ထည့်ခြင်း နှင့် ပိုမိုမွေးမြူ ထုတ်လုပ်နိုင်ရန် လိုအပ်ပြီး ကဏန်းမျိုး စိုက်ထားမှုနှင့် မွေးမြူထားမှု များကို ပြည်သူများ တွေ့မြင် ခံစားနိုင်စေရန် အဆင့်မြှင့်တင် ပေးပါက ခရီးသွား ဧည့်သည်များ လာရောက် လည်ပတ်နိုင်သည့် နေရာတစ်ခု ထပ်တိုးလာ စေမည်ဖြစ်ကာ ဒေသတွင်း ပြည်သူလူထု အတွက်လည်း အလုပ်အကိုင် အခွင့်အလမ်းများ ပေါ်ပေါက် လာနိုင်မည် ဖြစ်ကြောင်း ၄င်းက သုံးသပ် ပြောသည်။

ရွှံ့ကဏန်း များသည် ကမ်းဦး ရေတိမ်ပိုင်း နှင့် ဒီရေတော များ၌ တွင်းအောင်း နေထိုင်သော သဘာဝရှိပြီး ပင်လယ် ရေနက်ပိုင်းသို့ သွားရောက် ဥချသားပေါက် တတ်၍ ဥမှ သားပေါက်ရန် ကိုးရက်မှ ၁ဝ ရက်အထိ ကြာမြင့်ကာ ကဏန်းငယ်ဘဝ အထိ ရောက်ရှိရန် ၂၂ ရက်မှ ၂၈ ရက်ခန့်အထိ ကြာမြင့် တတ်ကြောင်း သိရသည်။

ရာသီဥတု ဖောက်ပြန် လာခြင်းနှင့် ဒီရေတောများသို့ ပင်လယ်ရေ မရောက်ခြင်း များကြောင့် တစ်နှစ်ထက် တစ်နှစ် ကဏန်း အရေအတွက် ရှားပါးလာခြင်း ဖြစ်ပြီး ကဏန်းဥ ကပ်သည့် ကာလဖြစ်သည့် တပေါင်း၊ တန်ခူး နှင့် ကဆုန်လတို့တွင် ကဏန်း ဖမ်းဆီးမှုများ မပြုလုပ်ပါက ကဏန်း ရှားပါးမှု လျော့နည်း သွားနိုင်ကြောင်း ကဏန်း အဝယ်ဒိုင် လုပ်ငန်းရှင် တစ်ဦးက ပြောသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...