Social Icons

Pages

Tuesday, March 29, 2016

အရှေ့တရုတ်ပင်လယ် တွင် တရုတ်၏ အင်အားကို ယှဉ်ပြိုင်လာသည့် ဂျပန်



(နိုင်ထူး)

အရှေ့တရုတ် ပင်လယ်တွင်းရှိ ကျွန်းပိုင်ဆိုင်မှုနှင့် စပ်လျဉ်း၍ အငြင်းပွား မှုများ ဖြစ်ပေါ်နေစဉ် တောင်တရုတ် ပင်လယ်အတွင်း အင်အား ချဲ့ထွင်ရန် ကြိုးပမ်းလာသည့် တရုတ်နိုင်ငံကို ယှဉ်ပြိုင်နိုင်ရေး အတွက် ဂျပန်နိုင်ငံသည် ၄င်းတို့၏ ရေဒါစခန်း တစ်ခုကို အရှေ့ပင်လယ် အတွင်း၌ မတ် ၂၈ ရက်တွင် ပြောင်းရွှေ့ ဖွင့်လှစ် လိုက်သည်။

အဆိုပါ ရေဒါစခန်း သည် ဂျပန်အစိုးရ နှင့် တရုတ်နိုင်ငံ တို့က သူပိုင်ကိုယ်ပိုင် အသီးသီး ကြေညာထားသည့် အငြင်းပွား ကျွန်းစုများနှင့် တရုတ် (တိုင်ပေ) အနီးတွင် တည်ရှိပြီး ဂျပန်တို့က ရေဒါစခန်းကို အရှေ့တရုတ် ပင်လယ်သို့ ပြောင်းလဲဖွင့်လှစ် ခဲ့ခြင်းကြောင့် ဂျပန်နိုင်ငံ အနေဖြင့် အငြင်းပွား ရေပြင်အနီး၌ အမြဲတမ်း ထောက်လှမ်း နိုင်သည့် စခန်းတစ်ခု ကို ဖွင့်လှစ်နိုင်မည် ဖြစ်သည့်အပြင် တရုတ်နိုင်ငံ၏ လုပ်ဆောင်မှု များကိုပါ အနီးကပ် စောင့်ကြည့် နိုင်မည် ဖြစ်သည်။

ဂျပန်အစိုးရ သည် ၄င်းတို့၏ ကိုယ်ပိုင် ကာကွယ်ရေး ဆိုင်ရာ အခြေစိုက်စခန်း (SDF) ကို အရှေ့တရုတ် ပင်လယ် အနောက်ဘက် တွင် တည်ရှိသည့် ယိုနာဂူနီကျွန်း ပေါ်၌ ဖွင့်လှစ်ခဲ့ပြီး ယင်းကျွန်းသည် ဂျပန်နှင့် တရုတ်နိုင်ငံ တို့အကြား အငြင်းပွား နေသည့် ကျွန်း၏ တောင်ဘက် ၉၃ မိုင် (၁၅ဝ ကီလိုမီတာ) အကွာတွင် တည်ရှိသည်။

အဆိုပါ အငြင်းပွားကျွန်းစု များကို ဂျပန် အစိုးရက ဆင်ကာကူကျွန်း ဟုခေါ်ပြီး တရုတ်နိုင်ငံက တျောင်းယူကျွန်း ဟု အမည်မှည့် ခေါ်ထားသည်။ ဂျပန်အစိုးရက ယခုဖွင့်လှစ် လိုက်သည့် ရေဒါစခန်းသည် ထောက်လှမ်းရေး ဆိုင်ရာ အချက်အလက် များကို စုဆောင်း ပေးမည့်အပြင် ဂျပန် ပင်မကျွန်းစုကြီး မှ အကွာအဝေး မိုင် ၈၇ဝ (၁၄ဝဝ ကီလိုမီတာ) ရှည်လျားသည့် ကျွန်းစုများ တစ်လျှောက်တွင် စစ်ဆင်ရေး လုပ်ဆောင်ရာ၌ အခြေစိုက် စခန်း တစ်ခုအဖြစ် အသုံးပြုနိုင်မည် ဖြစ်သည်။

တစ်ချိန်တည်း မှာပင် ဂျပန်နိုင်ငံ၏ အစီအစဉ် သည် အဆိုပါ ကျွန်းစုများ အတွင်း စစ်အင်အား တိုးမြှင့်ဖြန့်ကြက် နိုင်သည့် အခြေအနေ ရှိသောကြောင့် ယင်းသို့ လုပ် ဆောင်မှုသည် တရုတ်နိုင်ငံ ကို စိုးရိမ်မကင်း ဖြစ်စေမည်ဟု ဂျပန်စစ်ဘက်မှ အငြိမ်းစား ဗိုလ်ချုပ် နှင့် နီဟွန် တက္ကသိုလ်မှ ပါမောက္ခ တစ်ဦးဖြစ်သူ နိုဇိုမူယိုရှီတိုမီ က ပြောကြား ခဲ့သည်။ ဂျပန်အစိုးရ၏ ယခု အစီအစဉ်သည် အနောက် ပစိဖိတ် ဒေသသို့ အင်အား တိုးချဲ့ရန် ကြိုးပမ်းလာသည့် တရုတ်နိုင်ငံ အားတန်ပြန်ရေး မဟာဗျူဟာ ၏ တစ်စိတ် တစ်ဒေသ ဖြစ်သည်။

ဂျပန်နှင့် တရုတ်နိုင်ငံ တို့သည် တောင်တရုတ် ပင်လယ်အရေးနှင့် စပ်လျဉ်း၍လည်း တင်းမာမှုများ ဖြစ်ပွားလျက် ရှိသည်။ တရုတ်နိုင်ငံနှင့် ရေပိုင်နက် အငြင်းပွားမှုတွင် ပါဝင်နေသည့် ဖိလစ်ပိုင် နိုင်ငံသည် ၄င်းတို့ပိုင် အဖြစ် ကြေညာ ထားသည့် ရေပြင်များ အတွင်း ကင်းလှည့်ရန် ဂျပန်နိုင်ငံမှ TC-90 အမျိုးအစား လေ့ကျင့်ရေး စစ်လေယာဉ် ငါးစင်း ငှားရမ်းမည်ဟု ဖိလစ်ပိုင်သမ္မတ ဘီနစ်နိုအကွီနို က ထုတ်ဖော်ေ ပြာကြားခဲ့ပြီး နောက်တွင် ဂျပန်နိုင်ငံသည် တောင်တရုတ် ပင်လယ်အရေး၌ ဝင်ရောက်စွက်ဖက် နေသည်ဟု တရုတ်နိုင်ငံက စွပ်စွဲပြောကြား ခဲ့သည်။ အလားတူ ဂျပန်အစိုးရ အနေဖြင့် ဒေသတွင်း တည်ငြိမ် အေးချမ်းရေးကို လျော့ပါးစေမည့် အပြောအဆို၊ အပြုအမူ များကို ရှောင်ရှားရန် တရုတ် အစိုးရက ဂျပန်နိုင်ငံအား တောင်းဆိုခဲ့သည်။

ထို့ပြင် ရေပိုင်နက် အငြင်းပွားမှုတွင် ပါဝင်နေသည့် နိုင်ငံများနှင့် ဂျပန်နိုင်ငံက ကာကွယ်ရေး ဆက်ဆံမှု တိုးမြှင့်နေခြင်း အပေါ် တရုတ်နိုင်ငံက စိုးရိမ်လျက် ရှိသည်။ တရုတ်နိုင်ငံ အနေဖြင့် မိမိတို့၏ အချုပ်အခြာ အာဏာ ပိုင်ဆိုင်မှုကို စိန်ခေါ်မည့် မည်သည့် လုပ်ရပ်မျိုး ကိုမဆို ရှုတ်ချကြောင်း နှင့် နိုင်ငံ၏ ရေပိုင်နက် များကို ကာကွယ်ရန် အသင့် အနေအထား ရှိကြောင်း တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့် ရှိသူ ဟုန်လေး က ထုတ်ဖော် ပြောကြား ထားပြီး တောင်တရုတ် ပင်လယ် အရေးတွင် ဂျပန်နိုင်ငံသည် တရုတ်အစိုးရနှင့် တိုက်ရိုက် ပတ်သက် ဆက်နွှယ်မှု မရှိကြောင်း ၄င်းက ထပ်မံပြော ကြားသည်။


တောင်တရုတ် ပင်လယ် အတွင်းရှိ ရေပိုင်နက် အငြင်းပွားမှုကြောင့် မကြာမီနှစ်များ အတွင်း အာရှနိုင်ငံများ အကြား တင်းမာမှုများ မြင့်တက် လာခဲ့သည်။ ဂျပန်နှင့် တရုတ် နိုင်ငံတို့အကြား တင်းမာမှုများကို ပိုမိုမြင့်တက် လာစေသည့် အချက်မှာ ရေပိုင်နက် အငြင်းပွားမှု ဖြစ်ပွားနေသည့် အရှေ့တရုတ် ပင်လယ်အတွင်း တရုတ်နိုင်ငံက ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော်နေခြင်း နှင့် စပ်လျဉ်း၍ ဖိလစ်ပိုင် နိုင်ငံ၏ လမ်းစဉ်အတိုင်း တရုတ်အစိုးရအား နိုင်ငံတကာ ခုံရုံးသို့ တိုင်ကြားရန် ဂျပန် အာဏာရ ဒီမိုကရက်တစ် ပါတီ (LDP) က ဝန်ကြီးချုပ် ရှင်ဇိုအာဘေး ကို ယခု လလယ်ပိုင်းက တောင်းဆို လိုက်ခြင်းပင် ဖြစ်သည်။ ဂျပန်အစိုးရသည် အရှေ့ တရုတ်ပင်လယ် အတွင်းရှိ အငြင်းပွားရေပိုင်နက် အတွင်း ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော်စင်များ တည်ဆောက် နေခြင်းကို ရပ်တန့်ပစ်ရန် တရုတ်နိုင်ငံအား ပြီးခဲ့သည့်နှစ် က တောင်းဆိုခဲ့သည်။

သို့ရာတွင် အခြေအနေမှာ ထူးခြား လာခဲ့ခြင်း မရှိသည့်အပြင် တရုတ်နိုင်ငံ အနေဖြင့် ၄င်းတို့၏ ရေပိုင်နက် အတွင်း ရေနံနှင့် သဘာဝ တူးဖော်ခွင့် အပြည့်အဝ ရှိသည်ဟု တရုတ်အစိုးရက ပြန်လည် တုံ့ပြန်ပြောကြား ခဲ့သည်။

ထို့ကြောင့် တရုတ်နိုင်ငံ သည် အရှေ့တရုတ် ပင်လယ်အတွင်း အရင်းအမြစ် ရှာဖွေရေးနှင့် စပ်လျဉ်း၍ ပူးပေါင်း ဆောင်ရွက်ရန် ၂ဝဝ၈ ခုနှစ်က ချမှတ်ခဲ့သည့် သဘော တူညီချက်ကို ချိုးဖောက်လျက် ရှိသည်ဟု ဂျပန်နိုင်ငံက ပြောကြားခဲ့သည်။ ထို့ပြင် တရုတ် အစိုးရက ဂျပန်နိုင်ငံ၏ တောင်းဆိုချက်ကို လျစ်လျူရှုခြင်း အတွက် ဂျပန်နိုင်ငံ အနေဖြင့် ကြိုတင် ပြင်ဆင်သင့် သည်ကို ပြင်ဆင်ထား ရမည်ဟု LDP ပါတီမှ အရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေး အဖွဲ့ အကြီးအကဲ ယိုရှီအာကီဟာရာဒါ က ပြောသည်။

အရှေ့တရုတ် ပင်လယ်အတွင်း၌ သဘာဝ အရင်းအမြစ်များ ရှာဖွေရေးနှင့် စပ်လျဉ်း၍ ဂျပန်နှင့် တရုတ်နိုင်ငံတို့ အကြား တွေ့ဆုံ ဆွေးနွေးပွဲများ ပြန်လည် စတင်ရန် ဂျပန်အစိုးရက တောင်းဆိုခဲ့ သော်လည်း နှစ်နိုင်ငံ အကြား၌ မကြာမီနှစ်များ အတွင်း ယင်းကိစ္စရပ်နှင့် စပ်လျဉ်း၍ ဆွေးနွေးပွဲများ ကျင်းပနိုင်ခဲ့ခြင်း မရှိပေ။

ဤသို့ စေ့စပ်ဆွေးနွေးမှု မရရှိခဲ့ခြင်းသည် ဂျပန်နိုင်ငံက ၄င်းတို့၏ ကာကွယ်ရေး တိုးချဲ့ရခြင်း၏ အကြောင်းရင်း တစ်ချက်ပင် ဖြစ်လာရသည်။ ဂျပန်အစိုးရ သည် လက်ရှိတွင် တရုတ်နိုင်ငံ၏ အင်အားကြီးထွား လာခြင်းကို ယှဉ်ပြိုင်နိုင်ရေး အတွက် ဒေသတွင်း နိုင်ငံများနှင့် ကာကွယ်ရေး ကဏ္ဍတွင် ပိုမိုပူးပေါင်း လျက်ရှိပြီး ကမ္ဘာ့ အင်အားကြီး နိုင်ငံတစ်နိုင်ငံ လည်းဖြစ်၊ အာရှ-ပစိဖိတ် ဒေသဗဟိုပြုရေး မဟာဗျူဟာကို အကောင်အထည် ဖော်ရန် ဆန္ဒပြင်းပြ နေသည့် နိုင်ငံလည်း ဖြစ်သည့် အမေရိကန် ပြည်ထောင်စုနှင့်ပါ စစ်ဘက် ဆက်ဆံရေးကို တိုးချဲ့လျက်ရှိသည်။

ထို့ပြင် ဂျပန်အစိုးရသည် လာမည့်ငါးနှစ်တာ ကာလအတွင်း ၄င်းတို့၏ စစ်သည် ၁ဝဝဝဝ နီးပါးကို ဒုံးပစ်စင်များနှင့် အတူ အရှေ့တရုတ် ပင်လယ်အတွင်း သို့ ဖြန့်ကြက် သွားမည် ဖြစ်သောကြောင့် တရုတ်နိုင်ငံ အနေဖြင့် ၄င်းတို့၏ ရေတပ်အင်အားကို အနောက် ပစိဖိတ်ဒေသသို့ တိုးချဲ့နိုင်ရေး ကြိုးပမ်းမှုတွင် ယခင်ကနှင့် မတူဘဲ အတားအဆီး၊ အဟန့်အတား များနှင့်ကြုံတွေ့ ရနိုင်ဖွယ် ရှိသည်။

မြ၀တီနေ့စဉ် ၊ စာ(၂၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...