Social Icons

Pages

Thursday, February 4, 2016

မြန်မာနိုင်ငံ၌ ဦးနှောက်သွေးကြော ရောဂါကို ခွဲစိတ်ရန်မလိုဘဲ ကုသပေးနိုင်ပြီ



ရန်ကုန် ၊ ၄-၂-၂၀၁၆

ရန်ကုန်ပြည်သူ့ ဆေးရုံကြီး ဦးနှောက်နှင့် အာရုံကြော ခွဲစိတ်ကုသဌာန နှင့် ဂျပန် အပြည်ပြည်ဆိုင်ရာ ဆေးဘက်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ (Japan International Medical Cooperation Organization - JIMCO)တို့ ပူးပေါင်း ဆောင်ရွက်မှုဖြင့် ဦးနှောက်သွေးကြော ရောဂါများကို ခွဲစိတ် စရာမလိုဘဲ မြန်မာနိုင်ငံ၌ ပထမဆုံး ကုသပေးနိုင်ပြီ ဖြစ်ကြောင်း ရန်ကုန်ပြည်သူ့ ဆေးရုံကြီး ဦးနှောက်နှင့် အာရုံကြော ခွဲစိတ်ကုသဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

''ဂျပန်နိုင်ငံ JIMCO အဖွဲ့က ပါမောက္ခ ဒေါက်တာ ဟာရာကာဝါ ဦးဆောင်တဲ့ အဖွဲ့နဲ့ မြန်မာနိုင်ငံက ဦးနှောက်နဲ့ အာရုံကြော ခွဲစိတ်ဆရာဝန်တွေ ပူးပေါင်းပြီး ဦးနှောက်အတွင်းက မည်သည့် သွေးကြောကိုမဆို ခွဲစိတ်စရာ မလိုဘဲ ပေါင်မှာရှိတဲ့ သွေးကြောကတစ်ဆင့် ပိုက်သွင်းကုသတဲ့ နည်းနဲ့ ကုသ ပေးနိုင်ခဲ့ပါတယ်။ ဒါက မြန်မာနိုင်ငံမှာ ပထမဆုံးကုသတဲ့ နည်းဖြစ်ပါတယ်'' ဟု ရန်ကုန်ပြည်သူ့ ဆေးရုံကြီး ဦးနှောက်နှင့် အာရုံကြော ခွဲစိတ်ကုသဌာန မှ ဒေါက်တာ အောင်သူစိုးမြင့် က ပြောသည်။

ယင်းကုထုံးကို NEUROE DOVASCULRA THERAPY ဟုခေါ်ပြီး ဦးနှောက် အတွင်း သွေးကြောဆိုင်ရာ ရောဂါ ခံစား နေရသူများကို ခွဲစိတ်စရာမလိုဘဲ ဝေဒနာ သက်သာ ပျောက် ကင်းစေရန် ကုသနိုင်သော ကုထုံးဖြစ်သည်။

''ကျွန်မတို့ JIMCO အနေနဲ့ မြန်မာနိုင်ငံမှာ Training Centre ဖွင့်လှစ်ပြီး ဒီကုထုံး နည်းပညာကို လက်ဆင့်ကမ်း ပို့ချနိုင်အောင် စီစဉ်နေပါတယ်။ ပုဂ္ဂလိက ဆေးရုံ တွေမှာလည်း ကုသနိုင်မယ့် အစီအစဉ်ကို စီစဉ်ထားပါတယ်။

အရေးတကြီး ဆေးဝါး ကုသပေးရမယ့် အခြေအနေ ရောက်ရှိနေတဲ့ လူနာတွေ အတွက် ရန်ကုန်ပြည်သူ့ ဆေးရုံကြီးမှာ ကုသပေးဖို့ စီစဉ်ထားပါတယ်'' ဟု ဂျပန် အပြည်ပြည် ဆိုင်ရာ ဆေးဘက်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ အထွေထွေ အတွင်းရေးမှူး တိုရှီကိုတာကာဟာရှိ က ပြောသည်။

အဆိုပါ ကုသနည်းဖြင့် ရန်ကုန်ပြည်သူ့ ဆေးရုံကြီး ဦးနှောက်နှင့် အာရုံကြော ခွဲစိတ်ကုသဌာန၌ ယမန်နှစ်က လူနာလေးဦး အား ကုသပေး နိုင်ခဲ့ကြောင်း သိရသည်။

သဲသဲ

မြ၀တီနေ့စဉ် ၊ စာ(၁၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...