Social Icons

Pages

Monday, February 1, 2016


နေပြည်တော် ၊ ၁-၂-၂၀၁၆

ကချင်ပြည်နယ် အတွင်းရှိ ဘိန်းခင်းများအား လိုက်လံဖျက်ဆီးလျက် ရှိသော ခရစ်ယာန် ဂိုဏ်းပေါင်းစုံ လူထုအခြေပြု မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့ သည် တပ်မတော် စစ်ကြောင်းများ၊ နယ်ခြားစောင့်တပ် နှင့် ပန်ဝါ ပြည်သူ့စစ်မှ လုံခြုံရေးအဖွဲ့များ လိုက်ပါ၍ ဇန်နဝါရီ ၃ဝ ရက် နံနက် ၈ နာရီခန့်တွင် ချီဖွေမြို့နယ်၊ လုံဇာကျေးရွာမှ ထွက်ခွာခဲ့ပြီး ချောင်းမောကျေးရွာ ၏ အရှေ့တောင်ဘက် ၅ မိုင်ခွဲခန့် အကွာသို့ မွန်းလွဲ ၁ နာရီခန့်၌ ရောက်ရှိစဉ် လမ်း၏ ညာဘက်လျှို အတွင်းမှ ဒေသန္တရ ဆွဲမိုင်းတစ်လုံး ပေါက်ကွဲခဲ့သဖြင့် မောင်ဘောမ်လန် ၂၂ နှစ်၏ ညာဘက်နဖူး၊ မျက်ခုံးနှင့် မျက်စိ၊ ဦးဇယ်ခေါင် ၃၅ နှစ်၏ မျက်စိနှင့် ဦးဘွမ်ချမ်း ၅၄ နှစ်၏ ညာဘက် နံစောင်းတို့တွင် ဒဏ်ရာများ အသီးသီး ရရှိခဲ့သည်။

ဆက်လက်၍ ဆွဲမိုင်းပေါက်ကွဲရာ ဝန်းကျင် တစ်ဝိုက်အား တပ်မတော် စစ်ကြောင်းမှ နယ်မြေရှင်းလင်း ဆောင်ရွက်ရာ မောင်ဂမ်အောင် ၂၈ နှစ် (ဘ) ဦးအိုက်အေးနှင့် မောင်အိုက်ချမ်း ၂၃ နှစ်(ဘ) ဦးလော်ဘဲ တို့နှစ်ဦးအား ဓားတို/ရှည် ငါးလက်၊ ဘိန်းစိမ်းတစ်ထုပ်၊ ဝါယာကြိုးပေ ၃ဝဝ ကျော်တို့နှင့် အတူ ဖမ်းဆီးရမိ ခဲ့သည်။

အဆိုပါ လူနာများအား နယ်မြေခံ ဆေးရုံသို့ ပို့ဆောင် ဆေးကုသမှု ခံယူစေလျက် ရှိပြီး ဖမ်းဆီးရမိသူ နှစ်ဦးနှင့် ပစ္စည်းများအား တရားဥပဒေအရ အရေးယူနိုင်ရေး ဆောင်ရွက်သွား မည် ဖြစ်ကြောင်းနှင့် ဘိန်းခင်းများအား ရှာဖွေ ဖျက်ဆီးခြင်းများ ဆက်လက် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရှိရသည်။ (၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၁၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...