Social Icons

Pages

Tuesday, November 24, 2015

ကမ္ဘာ့မြောက်ပိုင်းမှ ဆောင်းခိုငှက်များ အဓိကအကြောင်းရင်း သုံးချက်ဖြင့် တောင်ပိုင်းဒေသများသို့ လာရောက် ကျက်စား



မန္တလေး ၊ ၂၄-၁၁-၂၀၁၅

ကမ္ဘာ့မြောက်ပိုင်း ဒေသများမှ ဆောင်းခိုငှက် မျိုးစိတ်များ တောင်ပိုင်းဒေသ များသို့ လာရောက် ကျက်စား နေထိုင်ရသည့် အဓိက အကြောင်းရင်း သုံးချက်ရှိကြောင်း မန္တလေး တက္ကသိုလ် သတ္တဗေဒ ဌာနမှ ငှက်လေ့လာသူ ဒေါက်တာ ဦးစိုင်းစိန်လင်းဦး ထံမှ သိရသည်။

''ကမ္ဘာ့မြောက်ပိုင်း ဒေသမှာ နေတဲ့ ဆောင်းခိုငှက် မျိုးစိတ်တွေ ဟာ တောင်ပိုင်းဒေသ များဆီကို အဓိက အကြောင်းရင်း သုံးချက်နဲ့ နေရာ ပြောင်းရွှေ့ ရောက်ရှိလာ ပါတယ်။ ပထမ တစ်ချက်က ရာသီဥတု ကြမ်းတမ်းပြီး အေးလွန်းတာရယ် ၊ ရေခဲပြင် တွေရှိတာရယ် ကြောင့် ဖြစ်ပါတယ်။ ဒုတိယ တစ်ချက်က ရေအေးခဲ ပြီးတော့ ငှက်တွေအတွက် အစာရေစာ အခက်အခဲ ဖြစ်ပေါ်တယ်။ အစာရှားပါး ပါတယ်။ နောက်ဆုံး တတိယ အချက်ကတော့ ငှက်တွေဟာ တောင်ပိုင်း ဒေသမှာရှိတဲ့ ငှက်မျိုးစိတ် တွေနဲ့ မိတ်ဆွေဖွဲ့ဖို့ နေရာ ပြောင်းရွှေ့ ရောက်ရှိ ကျက်စား လာကြတာလို့ လေ့လာတွေ့ရှိ ရပါတယ်'' ဟု ဦးစိုင်းစိန်လင်းဦး က ပြောပြသည်။

အဆိုပါ ဆောင်းခိုငှက် မျိုးစိတ်များသည် ကမ္ဘာ့ တောင်ခြမ်းဒေသ များသို့ နှစ်စဉ် လမ်းကြောင်းကြီး ကိုးခုဖြင့် ပုံမှန်ပျံသန်း ရောက်ရှိလာပြီး မြန်မာနိုင်ငံသို့ လမ်းကြောင်းကြီး နှစ်ကြောင်းဖြင့် ဝင်ရောက် ပြောင်းရွှေ့ ရောက်ရှိ လာကြောင်း သိရသည်။

မြန်မာနိုင်ငံ အတွင်းသို့ ဆောင်းခိုငှက် များသည် ကမ္ဘာ့မြောက်ခြမ်း ဒေသများမှ မိုင်ထောင်ချီ ပျံသန်းကာ လမ်းကြောင်း နှစ်ခုဖြစ်သော Central Asia Flyway နှင့် East Asian-Australasian Flyway တို့ဖြင့် ပျံသန်းရောက်ရှိ လာကြောင်း သိရသည်။

ယခုလက်ရှိ မန္တလေးမြို့အနီး ပလိပ်အင်းနှင့် တံတားဦးမြို့ ပတ်ဝန်းကျင်တွင် ဆောင်းခိုငှက် မျိုးစိတ်များ ဖြစ်သော ကြိုးကြာငှက်များ အုပ်စုလိုက် ရောက်ရှိနေကြောင်း သိရသည်။ ရေကြက် (Fulica artra- Asian asian) ၊ တောငန်း (Greylag Goose) ၊ ခရုတုတ်ငှက် (Asian Openbilled) ၊ ခရုစုတ်ငှက် (Glossy Ibis) စသည့် ငှက်မျိုးစိတ်များ ရောက်ရှိ နေကြောင်း မန္တလေး တက္ကသိုလ် သတ္တဗေဒ ဌာနမှ ပါမောက္ခ (ဌာနမှူး) ဒေါက်တာမီမီစိန် ၊ ဒေါက်တာ နော်လီဝေဘာ ၊ ဒေါက်တာ စိုင်းစိန်လင်းဦး နှင့် နိုင်ငံတကာ ပညာရှင်များ၏ နိုဝင်ဘာ ၁၈ ရက်က ကွင်းဆင်း လေ့လာချက်များ အရ သိရသည်။

ဆောင်းခိုငှက်များ ကျက်စားမှုကို ဒီဇင်ဘာ၊ ဇန်နဝါရီနှင့် ဖေဖော်ဝါရီလ တို့တွင် အုပ်စုလိုက် အများဆုံး ပျံသန်းရောက်ရှိ ကျက်စားလေ့ ရှိကြောင်း လေ့လာသူများ ထံမှ သိရသည်။ (၁၈၀)

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...