Social Icons

Pages

Tuesday, November 24, 2015

အဖြစ်များသော ဇက်ကြောတက် ရောဂါ


အဖြစ်များသော ဇက်ကြောတက် ရောဂါ

ကြည်မြင့်လွင် (မုဒြာ)

အလုပ်တာဝန် များပြားသော သူများတွင် အဖြစ်များသော ရောဂါမှာ ဇက်ကြောတက် ရောဂါပင် ဖြစ်သည်။ အထူးသဖြင့် ကွန်ပျူတာဖြင့် အလုပ်လုပ် ရသူများ၊ စာရင်းကိုင် အလုပ်လုပ်ရ သူများနှင့် လူငယ်များတွင် ဖုန်းဖြင့် ဂိမ်းကစားသူများ၊ အင်တာနက် ဖေ့စ်ဘုတ် တစ်နေကုန် အသုံးများ သူများတွင် အသက်အရွယ် မရွေး အဖြစ်များ လာသော ရောဂါဖြစ်သည်။

အသက် ၆ နှစ်အရွယ် ကလေး တစ်ဦးက ဇက်ကြော တက်သည်ဟု ပြောသဖြင့် လူကြီးများက နှိပ်ပေးရသည် ဟုဆိုသည်။ ထို ကလေးသည် ဖုန်းကို ပွတ်ပြီး ဂိမ်းကစားခြင်းကို အချိန် ကြာမြင့်စွာ လုပ်ရာမှ ဇက်ကြောတက် ရောဂါ ဝင်လာခြင်း ဖြစ်သည်။ အခြား ကလေးငယ် တစ်ဦးမှာ အသက် ၉ နှစ်အရွယ် မူလတန်း ကျောင်းသား တစ်ဦးဖြစ်ပြီး မျက်စိ နှစ်လုံးမှာ အာရုံစိုက် မရဘဲ မှိတ်မှိတ် သွားသည်။ ကျောင်းတွင် စာသင်သည့် ကျောက်သင်ပုန်း ကို ကြည့်မရ သဖြင့် ကျောင်းမတက်ဘဲ အနားယူ နေရသည်။ ထိုကလေး သည်လည်း ဖုန်းဖြင့် ဂိမ်းကစား လွန်ပြီး ဇက်ကြော တက်ရာမှ မျက်စိမှိတ်သည့် ရောဂါ ရလာခြင်း ဖြစ်သည်။ ဂိမ်းကစားသည့် ကလေးများသည် ကျောင်းစာရော အားကစား တွင်ပါ ညံ့ဖျင်းပြီး အာရုံကြောနှင့် ပတ်သက်သော ရောဂါပါ ရတတ်သဖြင့် မိဘများ အထူးသတိပြု ထိန်းသိမ်းကြ ရန်လိုသည်။

ဖေ့စ်ဘုတ်ခေါ် အင်တာနက် ကွန်ရက်ဖြင့် တစ်ဦးနှင့် တစ်ဦး ဆက်သွယ်သည့် သတင်း အချက်အလက် ဖလှယ်သည့် နည်းပညာမှာ လူငယ် လူလတ်ပိုင်း သာမက လူကြီးများထိ တွင်ကျယ် လာသည်။ ရှေးက ကွန်ပျူတာ ပေါ်တွင်သာ သုံးနိုင်သည့် နည်းပညာမှာ လက်ကိုင်ဖုန်း များကို ကွန်ပျူတာ အသေးစား သဖွယ် သုံးနိုင် လာသည့် အခါတွင် ပို၍ ကျယ်ပြန့်ရုံ သာမက အချိန်ပြည့် ထို ဖေ့ဘုတ်ဖြင့် အလုပ်ရှုပ် နေသည်ကို တွေ့မြင် နေရသည်။ ရှေးက စာရေးစာဖတ် များ၍ ဇက်ကြော တက်သည်ဟု ဆိုကြသည်။ ယခုအခါ ဖုန်းကြည့်မှု များ၍ ဇက်ကြော တက်သူက ပို၍ များလာသည်ကို တွေ့ရသည်။

ဇက်ကြောတက် ရောဂါသည် အသက်  အန္တရာယ် ရှိသော ရောဂါတော့ မဟုတ်ပါ။ သို့သော်လည်း နေရထိုင်ရ ခက်ပြီး စိတ်အနှောင့် အယှက် ဖြစ်စေသော ဝေဒနာမျိုး ဖြစ်သည်။ ဇက်ကြော တက်သူများ အနှိပ်ခံ ကြသည်။ အနှိပ်ခံရာမှ အကြောနှင့် ကြွက်သားများ ရောင်သည့် ဝေဒနာနှင့် အုံးလွဲသည့် ဝေဒနာ အဆစ်အဆက်များ ကြားရှိ အမြှေးရောင်သည့် ဝေဒနာများပါ နောက်ဆက်တွဲ ဖြစ်နိုင်သည်ကို သတိရှိကြရန် လိုသည်။

ဇက်ကြောတက်ရောဂါဖြစ်ရခြင်းမှာ-
  • ၁။ အထိုင် များခြင်းကြောင့် ဖြစ်သော ဇက်ကြောတက် ရောဂါ။
  • ၂။ မျက်စိအာရုံ စူးစိုက်မှု များခြင်းကြောင့် ဖြစ်သော ဇက်ကြောတက် ရောဂါ။
  • ၃။ ဇက်ကျီးပေါင်း တက်ခြင်းကြောင့် ဖြစ်သော ဇက်ကြောတက် ရောဂါဟူ၍ အခြေခံ အားဖြင့် သုံးမျိုးရှိကြောင်း တွေ့ရသည်။


အထိုင်များ၍ ဖြစ်သော ဇက်ကြောတက် ခြင်းတွင်ပင် ထပ်၍ နှစ်မျိုးတွေ့ ရသည်။ တစ်မျိုးမှာ အချိန် ၂ နာရီထက် ပို၍ ထိုင်ခြင်းကြောင့် အဆစ်များတွင် ဒဏ်ပိ၍ ဖြစ်သော ဇက်ကြောတက် ရောဂါ။ (အစည်းအဝေး ကို အချိန် ကြာမြင့်စွာ ပြုလုပ်လျှင် ဤရောဂါ ဖြစ်နိုင်သည်။) နောက်တစ်မျိုးမှာ အထိုင်ပုံစံ မမှန် လွဲမှားစွာ ထိုင်ခြင်း (ဥပမာ- ဘေးတစောင်း၊ တင်ပါးလွှဲ ထိုင်ခြင်း၊ လျှောနေသော ထိုင်ခုံတွင် ထိုင်ခြင်း) ကြောင့်လည်း ဇက်ကြောတက် ရောဂါ ဖြစ်နိုင်သည်။

မီးအလင်းရောင် မကောင်းသော နေရာတွင် အလုပ်လုပ်ခြင်း ၊ စာကြည့်ခြင်း ၊ အလင်းရောင် ပြန်များသည့် ဖုန်း၏ စခရင် မျက်နှာပြင်ကို အချိန် ကြာမြင့်စွာ ကြည့်ခြင်း တို့ကြောင့် မျက်စိ ကြွက်သားများ ညောင်းလာပြီး ဇက်ကြော တက်ခြင်း ဖြစ်လာနိုင်သည်။ အသက် ငယ်ငယ်နှင့် မျက်မှန်တပ် ရသူများသည် ဇက်ကြောတက် ဝေဒနာကြောင့် စမ်းသပ်ရာမှ မျက်မှန် တပ်ရခြင်း ဖြစ်သည်။

ဇက်ကျီးပေါင်း တက်ရခြင်းမှာ အထိုင်များခြင်း၊ ကိုယ်လက် လှုပ်ရှား လေ့ကျင့်ခန်း နည်းခြင်းကြောင့် ဖြစ်သည်။ အဖြစ်များ လာသဖြင့် သတိပြုသင့် ပေသည်။ လည်ပင်းတွင် အရိုးအဆစ် ခုနစ်ဆစ် ရှိရာ ခေါင်းငုံ့ အလုပ်လုပ် သူများတွင် အဆစ် ငါးဆစ်နှင့် ခြောက်ဆစ်ကြား တွင် ကျီးပေါင်းတက် ရောဂါဖြစ်ပြီး လက်များ ကျဉ်ခြင်း၊ နောက်ကြော တက်ခြင်း ဖြစ်လေ့ရှိသည်။

အခြား ဖြစ်လေ့ရှိသည့် အကြောင်း တစ်ခုမှာ ခေါင်းအုံးအမြင့် နှင့် အိပ်သူများ၊ ခေါင်းအုံး နှစ်လုံးဆင့်၍ အိပ်သူများ သည်လည်း ကြာလာသော အခါ ဇက်ကျီးပေါင်း ရောဂါ ဖြစ်လာသည်ကို လေ့လာ တွေ့ရှိရသည်။ ဇက်ကျီးပေါင်းတက် ရောဂါဖြစ်လျှင် အကုရခက် သဖြင့် မဖြစ်မီက ကြိုတင်ကာကွယ် ခြင်းသာ အကောင်းဆုံး ဖြစ်သည်။

စာရေးသူ၏ မိတ်ဆွေ တစ်ဦးသည် ဆံပင် ညှပ်ဆိုင်တွင် ဆံပင်ညှပ်ရင်း အနှိပ်ခံလိုက် ရာမှ နောက်တစ်ရက် အိပ်ရာထတွင် ဇက်လှည့်မရ ဖြစ်သည်။ လက်ပြင် ငုပ်သည်ထင်၍ အနှိပ်သည်နှင့် ထပ်မံ အနှိပ်ခံ ပြန်သည်။ ပိုဆိုးပြီး နောက်ဆုံးတွင် ဆေးရုံတက် ရသည်ထိ ဒုက္ခရောက်ခဲ့ ရသည်။ ဓာတ်မှန် ရိုက်ကြည့်သော အခါ သူ၏ဇက်တွင် နဂိုက ကျီးပေါင်း ရှိနေပြီး ဆံပင်ညှပ်သူက နှိပ်လိုက်သဖြင့် အကြော ညပ်သွားခြင်း ဖြစ်သည်။ ညပ်နေသော အကြောကို ထပ်မံနှိပ် သဖြင့် တစ်ပူပေါ် နှစ်ပူဆင့် ဖြစ်ရသည်။ ဆံပင်ညှပ်သူက အညောင်းပြေ အညာပြေ သဘော သူ့ဆိုင်တွင် လာရောက် အားပေးသူ တိုင်းကို ဝန်ဆောင်မှု ပေးသည့် သဘောဖြင့် နှိပ်ပေးခြင်း ဖြစ်သည်။ သို့သော် မလိုအပ်ဘဲ အနှိပ်ခံ ခြင်းသည် ဆိုးကျိုး ဖြစ်နိုင်သည် ကို သတိပြု သင့်သည်။

အထက်ဖော်ပြပါ အကြောင်း သုံးရပ်နှင့် မဆိုင်သော ဇက်ကြောတက် ခြင်းမှာ အစားအသောက် ကြောင့် ဖြစ်သည်။ ယခုခေတ် အစားအသောက် များသည် ရှေးလွန် ခဲ့သည့်နှစ် ၂ဝ ကျော်က အစားအသောက် များနှင့် မတူပေ။ ဓာတုပစ္စည်း သုံးစွဲမှု လွန်ကဲလာသည်။ အရောင် ဆိုးဆေးနှင့် ကြာရှည်ခံ ဆေးများမှာ အစား အသောက်တိုင်း တွင် ပါဝင် သကဲ့သို့ ဖြစ်နေသည်။ ထို ဓာတုဆေး များ၏ ဆိုးကျိုးမှာ နောက်ကြော တက်ခြင်းမှ စ၍ အသည်း၊ နှလုံး၊ ကျောက်ကပ်တို့ကို ထိခိုက်ခြင်း မှသည် ကင်ဆာရောဂါ ထိ ဖြစ်နိုင်သည်ကို တွေ့ရသည်။

စာရေးသူ၏ ဆေးခန်းမှ ဝန်ထမ်း အမျိုးသမီး တစ်ဦးသည် နောက်ကြော အလွန်တက်သည်။ သူသည် ပါရာစီတာမော ဆေးကို အထုပ်လိုက် ဝယ်ထားပြီး နေ့စဉ် သောက်သည်။ ထိုသို့ သောက်နေရာမှ နှစ်နှစ်ခန့် ကြာသည့်အခါ ရုတ်တရက် သွေးအန်သည်။ ဆေးရုံတင်ပြီး စစ်ဆေးသော အခါ သူ့တွင် အသည်းကင်ဆာ ရောဂါ ဖြစ်နေသည်ကို တွေ့ရသည်။ နောက်ကြော တက်တိုင်း အလွယ်တကူ ဝယ်ရသော ပါရာစီတာမော ဆေးကို သောက်လေ့
ရှိကြသည်။ ထိုဆေး၏ နောက်ဆက်တွဲမှာ အသည်း ကို ထိခိုက် စေနိုင်သည်ကို သတိပြုကြ စေလိုသည်။

အခြား ဇက်ကြောတက် ရောဂါ ဖြစ်စေ နိုင်သည့် အကြောင်းရင်း တစ်ခုမှာ အသား စားသုံးမှု များပြီး အသီးအရွက် စားသုံးမှု နည်းခြင်းကြောင့် လည်း ဖြစ်နိုင်သည်။ ရိုးရာ ဆေးပညာ ရှုထောင့်မှ ပြောရလျှင် အသားစား များလျှင် ပထဝီဓာတ် လွန်ကဲစေသည်။ ပထဝီဓာတ် သည် တောင့်တင်း ခိုင်မာခြင်းကို ဖြစ်စေသည်။ ဇက်ကြောများ တောင့်တင်းမှု ဖြစ်စေ နိုင်သည်။ အသီးအရွက် များသည် အာပေါဓာတ် ပြည့်ဝသည်။ အသီးအရွက် များသည် ပျော့ပျောင်း သည်။ ချိုးလိုက်လျှင် အလွယ်တကူ ကျိုးပဲ့နိုင်သည်။ အသီးအရွက် များများ စားသုံးခြင်းဖြင့် ဇက်ကြောများကို ပျော့ပျောင်း စေနိုင်သည်။

ဇက်ကြောတက်ရောဂါဘေးမှကင်းဝေးစေရန်-
  • ၁။ အထိုင်များခြင်းမှ ရှောင်ကြဉ်ပါ။ နှစ်နာရီထက် ပို၍ထိုင်ရလျှင် ခေတ္တထ၍ လမ်းလျှောက်ပေးပါ။
  • ၂။ မျက်စိအာရုံ စိုက်ခြင်း၊ ခေါင်းငုံ့ ၍ စာကြည့်ခြင်း ပြုလုပ်လျှင် တစ်နာရီ ကြာလျှင် ၁၅ မိနစ်ခန့် အနားပေးပါ။ အဝေးသို့ ကြည့်ပေးပါ။
  • ၃။ ဦးခေါင်းကိုငုံ့၍ အလုပ်လုပ်ချိန် များလျှင် ဇက်ကျီးပေါင်း တက်စေနိုင် သဖြင့် ဦးခေါင်းကို အနည်းငယ် မတ်ပြီးထိုင်ပါ။ အလုပ် နားချိန်တွင် ဦးခေါင်း လေ့ကျင့်ခန်း လုပ်ပေးလျှင် ဇက်ကျီးပေါင်း တက်ခြင်းမှ ကာကွယ်နိုင်သည်။
  • ၄။ အသားစားခြင်းကို လျှော့ပြီး ငါးနှင့် အသီးအရွက်ကို ပို၍ စားသုံး ပေးခြင်းဖြင့် လည်း ဇက်ကြော တက်ခြင်းမှ ကာကွယ် နိုင်ပါသည်။


#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...